Friday, February 14, 2014

ကလေးအကြောင်း သိကောင်းစရာ

ငါ ဒီမှာရယ်နေတဲ့အချိန်။ သူတို့က ငိုနေရမှာပဲ။ အဲဒီလိုနဲ့ ငါမရယ်တော့ဘူး။
အမြောက်ဆံကြောင့် ဖွာခနဲ မြေစတွေ လွင့်လာတယ်။ မျက်ခွံ့ပိတ်ချိန်တောင်မရလိုက်
ဝမ်းနည်းစရာတွေ မျက်လုံးထဲ ၀င်လာ။ မျက်လုံးထဲ ၀င်လာတဲ့ ၀မ်းနည်းစရာတွေကြောင့် မျက်လုံးထဲကနေ မျက်ရည်တွေထွက်လာ။
ကလေးတွေဟာ မြေကြီးပေါ်မှာ မျဉ်းကြောင်းကလေးတွေခြစ် စည်းကလေးတွေ တားပြီး ဆော့ကစားဖို့ပါ တုတ်ချောင်းလေးတွေ ကိုင်လာတယ်။ မြေပြန့်ပေါ် အိမ်ရှေ့ မြေကွက်လပ်ကလေးပေါ်ကနေ အိမ်ပေါ်အထိ ဘူဒိုဇာဖြတ်မောင်းသွားတော့ အံ့သြစရာ ဘယ်လိုကားကြီးလဲ။ ဘီးအကြီးကြီးတွေ။ အဲဒီ ဘီးအကြီးကြီးတွေဟာ သူတို့ဘ၀ သေးသေးလေးတွေကို ဖြတ်မောင်းသွားမှာ မသိတော့ ကလေးတွေဟာ ကားကြီးကို ပြုံးလို့ ကြည့်နေတာပဲ။ တောထဲမှာတော့ ဒါမျိုးမရှိပါဘူး။ ဆူးကိုင်းလေးတွေတော့ ရှိပါတယ်။ ပုရွတ်ဆိတ်ကလေးတွေ ရှိပါတယ်။ သေနတ်သံတွေရှိပါတယ်။ ပျော်စရာမဟုတ်မှန်း သိလာတဲ့ ကလေးတွေဟာ ကြာတေ့ အဖေက လှန့်လည်း ငို၊ အမေက လန့်နေလည်း ငို။ အမတွေ မပျော်တော့လည်း ငို။ ဘယ်လိုငိုငို ဒီလိုအဖြစ်ဆိုးမျိုးကို မကျော်နိုင်ပါ။ ကလေးတွေဟာ စိတ်အနာနဲ့ ကြီးပြင်းလာခဲ့ကြ။ သူပုန်ဖြစ်မလား၊ ဘိန်းစားဖြစ်မလား။ ဘာဖြစ်ဖြစ် စစ်ကတော့ ဖြစ်နေမှာပဲ။ မနက်ခင်း မလင်းခင် ခွေးတွေကလည်း ဟောင်။ နိုင်ငံခြားဇာတ်လမ်းတစ်ခုထဲမှာ တောခွေးတွေဟာ သူတို့အရပ်ထက် နိမ့်ရင် ၀င်ကိုက်ဆွဲတယ်ဆိုလို့ ကလေးလေးဟာ သစ်သားချောင်းလေးကို ခေါင်းပေါ်မှာ ထောင်ထားတယ်။ ဒီကလေးတွေကတော့ ဘာမှမထောင်ဘူး။ ခွေးတွေကို ပြန်စတယ်။ သမီးဖေကြီး လမ်းမလျှောက်နိုင်လို့ပါ။ သား ထမင်းမစားရသေးလို့ပါ။ သား ဗိုက်အရမ်းစားလို့ပါ။ ဦး ညီမလေးက ဗိုက်ဆာလို့တဲ့။ အနာဂတ် စုတ်တီးစုတ်ပြတ် အကျီင်္ စုတ်တီးစုတ်ပြတ် မျက်ခွက်တွေက ကျက်သရေမဲ့ ကလေးတွေ ကလေးတွေ ကလေးတွေ ကလေးအဖေ သူတောင်းစား ကလေးအမေ သူတောင်းစားမှ ဆင်းသက်လာတဲ့ ကလေးတွေသူတောင်းစားတွေ။ မှတ်မိတဲ့ သီချင်းစာသားက ဒီလိုပါ။ စားချိန်မှာ ၀င်စားမယ် အိပ်ချိန်မှာ ၀င်အိပ်မယ် အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ်တဲ့။ ဒီကလေးတွေ ဘ၀ကို တစ်ခါပြန်ပြီး ရချင်တာလား။ နာရင်းဖြတ်အရိုက်ခံရတဲ့ စားပွဲထိုး ကလေးဘ၀ကို ပြန်ရချင်တာလား။ အော်ငေါက်အထုတ်ခံရတဲ့ ပလတ်စတစ်ကောက် ကလေးဘ၀ကို ပြန်ရချင်တာလား။ ကံ ကံ၏ အကျိုးပေါ့ကွာ။ ၀ဋ်ပေါ့ကွာ။ မိဘတွေ အသုံးမကျတာပေါ့ကွာ။ ကလေးတွေ ပြန်ပြောပြပေးပါ့မယ်။ ကလေး ဘာမှ စိတ်မကောင်းမဖြစ်နဲ့။ ကံ ကံ အကျိုးပေါ့ ကလေးရယ်။ ၀ဋ်ရှိလို့ ခံရတယ်ပဲ သဘောထားပေါ့ ကလေးရယ်။ မင်းမိဘတွေမှ သောက်သုံးမကျတာပဲ ကလေးရယ်။ မြန်မာနိုင်ငံကလေးများနေ့မှာ လိုက်ပြောကြပါ့မယ်။ ကလေးတိုက်ပွဲ ဆင်နွှဲတာပေါ့။ ပြသနာတစ်ခု ဖြေရှင်းတာပေါ့။ အကောင်းဆုံး နည်းလမ်းကိုတွေးတာပေါ့။ အဲဒီလိုနဲ့ မရယ်ရတာတွေကို ဟာသ လာလာမလုပ်ဖို့နဲ့။ မရယ်ရတာတွေ အသံထွက်ပြီး လုပ်မရယ်ဖို့ ကလေးတွေက ပြနေတာပဲ။ ကလေးတွေက ပို့ချနေတာပဲ။ ကလေးတွေက သယ်ဆောင်လာတာပဲ။ ကလေးတွေက ထင်ရှားနေတာပဲ။ ကလေးတွေက ငိုပြနေတာပဲ။ ကလေးတွေက တကယ့်ဘ၀ကို ဖြတ်သန်းပြနေကြတာပဲ။