Wednesday, September 11, 2013

ဧရာဝတီ ဒါနမြောက်အောင် ကာလပေါက်ဈေးနဲ့ လာသူတွေ တော်သင့်ပြီ

***** ဧရာဝတီ ဒါနမြောက်အောင် ကာလပေါက်ဈေးနဲ့ လာသူတွေ တော်သင့်ပြီ *****

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ရင်
ကမ္ဘာကြီးကို ချစ်တတ်တယ်
ကမ္ဘာကြီးအိမ်မှာနေပြီး
ကမ္ဘာကြီး မျက်နှာ ကြည့်ဖို့တော့ လိုပါတယ်။

တောအုပ်ကလေးကို
သီချင်းဖွဲ့တော့ / ကဗျာစပ်တော့
တောအုပ်ကလေးအလယ်က စမ်းချောင်းကလေးပါသလို
ကမ္ဘာကြီးကိုရေးစပ်တော့
ဧရာဝတီ ဂင်္ဂါ ဗော်လဂါ
နိုင်း မစ္စစ္စပီ ချန်ထားလို့မရ။

သူတော်စင်ရဲ့ အေးချမ်းမှုကို ဖွဲ့တော့
ကျောင်းသင်္ခမ်းကို ထည့်မစပ်လို့မရ
မြန်မာပြည်ကို တွေ့တဲ့အခါ
ဧရာဝတီဟာ အလျားလိုက်
တသွင်သွင် တငြိမ့်ငြိမ့်
စီးလာပေါ့
ဆင်းလာပေါ့
စီးဆင်းလာပါပေါ့လေ။
ဧရာဝတီ ဆီက ဆန်စပါးရတာတွေ
ဧရာဝတီ ဆီက အသားနှင့်ငါးရတာတွေ
ဧရာဝတီ ဆီက ယဉ်ကျေးမှုရတာတွေ
ဧရာဝတီ ဆီက ဇာတိပုည ဂုဏ်မာနတွေ
မဆိုတော့ပါလေ။
ဧရာဝတီဟာ ဦးခေါင်း
ဧရာဝတီဟာ ကိုယ်
ဧရာဝတီဟာ ခြေ လက်
ဧရာဝတီဟာ အချုပ်အခြာအာဏာပါပဲ။

ခေါင်းမရှိဘဲ ငါဘာတွေ တွေးခေါ်မလဲ
ဧရာဝတီမရှိဘဲ မင်း စဉ်းစားစရာများများမရှိပါ။

ခါးက ဖြတ်တယ် ခေါင်းကို ဖြတ်တယ်
ရင်ကိုခွဲတယ် နှုတ်ခမ်းသားတွေကိုက်တယ်
တော်ပါပြီ
ဧရာဝတီ ဆီက ရနေတာတွေ တော်ပါပြီ
တော်လောက်ပါပြီ
ဧရာဝတီ ဆီက ယူနေတာတွေ တော်လောက်ပါပြီ
တောင်းနေတယ်ဆိုလည်းရပ်တော့
ဓါးပြတိုက်နေတယ်ဆိုရင်တောင်
ဒီလောက်ဆို ကျေနပ်သင့်ပါပြီ။

သတင်းစကားပေးပါတယ်
ဒီမျှနဲ့ တော်သင့်ပြီ
မင်းတို့ တော်သင့်ပါပြီ။

တော် သင့် နေ ပြီ ကွ ။ ။

လင်းခါး

No comments:

Post a Comment