Friday, September 6, 2013

ဒီသီချင်းကို လူတိုင်းဆိုလို့ရပါတယ်တဲ့

ဒီသီချင်းကို လူတိုင်းဆိုလို့ရပါတယ်တဲ့
----------------------------------------
ရုရှားမှာ ကေတီဗွီဆိုင်ထဲဝင်တော့
အင်တာနေရှင်နယ် သီချင်းတော့ ငါဆိုလို့ရနိုင်တယ်လို့ တွေးမိတယ်
ဒါပေမယ့် အင်တာနေရှင်နယ်သာ ဆိုရတယ်
သူက ဘာသာစကားပေါင်းစုံကို တစ်ပိုဒ်စီလုပ်ထားတာမျိုးမှ မဟုတ်ဘဲ
ကေတီဗွီကလူကလည်း
အို .... ဆိုက်ဘေးရီးယားမှာ ဆို ဒီထက်ဆိုးတာပေါ့တဲ့
ဘာဆိုင်လို့လဲနော်
ဆိုက်ဘေးရီးယားလည်း ငါမသိပါဘူး
စာအုပ်ထဲမှာက ဆိုက်ဘေးရီးယားဆိုတဲ့ စကားလုံးကိုကြည့်ရုံနဲ့
အေးခဲလာတာမှ မဟုတ်တာ
ဘာသာစကားဟာ ဘာသာစကားပါပဲ
ကိုယ်စားပြုသလိုလိုနဲ့ ကိုယ်စားမပြုနိုင်ပါဘူး။
ရုရှားမှာ ကေတီဗွီဆိုင်က ရှိရဲ့လားတောင် မသိ
ရှိရင်တောင် ရုရှားက ကေတီဗွီလို့ ဘယ်ခေါ်မလဲ
ကာရာအိုကေဆိုတာ ဂျပန်စကားမဟုတ်လား။
ဒါနဲ့ ကေတီဗွီကလူက
အထပ်ထပ်ရှင်းပြပါတယ်
သူ့စကားက ရေခဲပေါ်ကလာတဲ့ လေတွေလိုပဲ
အေးတယ်
ကြမ်းရှတယ်
ဘာမှလည်း နားမလည်ဘူး
ဆိုတော့ လက်ဟန် ခြေဟန် ကိုယ်ဟန် ဘာသာစကားဟန်
ဘ၀ဟန် နိုင်ငံဟန် လူမျိုးဟန်တွေ ပါလာတော့တယ်။
ကြတော့ ရယ်ချင်စရာ ဖြစ်လာပါတယ်
ရယ်ချင်စရာ ဖြစ်လာရင် မနေပါဘူး ရယ်လိုက်ရတာပါပဲ
ကိုယ်ရယ်တော့ သူလိုက်ရယ်တယ်
သူရယ်တော့လည်း ကိုယ်ကရယ်ချင်ပြန်ရော
မငိုချင်ရင်တော့ ရယ်ရုံပဲလေ
ဒီထက်ပို ရုရှားမှာ ဘာမှ မလုပ်နိုင်ဘူး
ကိုယ်တို့ ရယ်ခဲ့ကြတယ်လေ ရုရှားမှာ ။ ။

လင်းခါး
၆-၉-၂၀၁၃

No comments:

Post a Comment