Friday, April 26, 2013

စံပယ် ကြက်ရုန်း ဂမုန်း နှင်းဆီ

ဖိနှိပ်သူများ ရှိနေတော့

အဖိနှိပ်ခံများ ရှိလာရ။

နှိပ်စက်ကျူးလွန်သူများ ရှိလာတော့

သနားဖွယ်အဖြစ်ဆိုးများ ရှိလာရ။

စစ်ပွဲကြီးတွေ ရှိလာတော့

ငြိမ်းချမ်းရေးတွေ ရှိလာရ။

အမှားတွေ ရှိလာတော့

သစ္စာတရားတွေ ရှိလာရ။

နျူလက်နက်ကြီးတွေ ရှိလာတော့

နျူလက်နက်ဖောက်ခွဲရမယ့် နေရာတွေ ရှိလာရ။

ညာဘက်အိတ်ထဲက သကြားလုံးကို

ဘယ်ဘက်အိတ်ထဲ ပြောင်းထည့်လိုက်တော့

ညာဘက်အိတ်ထဲက သကြားလုံးပျောက်ပေါ့။

လက်တစ်ဖက်က ကမ်းလင့်နေမှတော့

လက်တစ်ဖက်က ပွေ့ဖက်ရတာပေါ့။

တစ်ကယ့်ဘ၀ဆိုတာ

ပါးတစ်ဖက်ရိုက်လို့

နောက်တစ်ဖက်ထိုးပေးဖို့ ဘယ်လွယ်မလဲ။

တစ်ကယ့်ဘ၀ဆိုတာ

ခေါင်းပေါ်ကျောက်တုံးကြီးချ သစ္စာနည်းသူကို

မေတ္တာထား လမ်းပြပေးဖို့ ဘယ်လွယ်မလဲ။

သိပ်ကြမ်းတယ်၊ သိပ်ရိုင်းတယ်

သိပ်ဒုက္ခများတယ်

အ၀ိဇ္ဇာဆိုတာ

တကယ်မြင်နေရတာတောင်

အိပ်မက်လား တွေဝေ ငြင်းဆန်နေတတ်သေးတာပဲ ။     ။


လင်းခါး
27-4-2013

No comments:

Post a Comment