ရှေးကထက်ပိုချစ်ကြမယ်
တစ်ယောက်ကို တစ်ယောက်
ညစ်ညစ်ပတ်ပတ် ဆဲနေမယ့် အစား
တစ်ယောက်ကို တစ်ယောက်
မွှေးမွှေးပေးကြပါလား။
ငါတို့က ချစ်သူတွေပါ
ငါတို့သွားရမယ့် ခရီးဆုံးကလည်း အတူတူ
ရှင်နိုင်ငံရေးတွေ ပါမလာနဲ့နော် ဆိုတဲ့ ပြက်လုံးတွေထုတ်မယ်
ရုရှားတော်လှန်ရေးကြီးမှာ ကိုယ်တို့ဖြတ်သန်းခဲ့တုန်းကပေါ့ကွာ ဆိုတဲ့
အသောလေးတွေပြောပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ တို့နှစ်ယောက် ဆိုတဲ့
ဟာသလေးတွေနဲ့
အကျီစားသန်ပေမယ့်လည်း ရန်မများရအောင်
တစ်ယောက်ကိုတစ်ယောက်
ကျောက်ပြင်နဲ့ထု၊ သနပ်ခါးတုံးတွေနဲ့ ပစ်ပေါက်တာမျိုးတွေ ပါမလာဘဲ
လူက လက်သီးကြီးနဲ့ထိုးလို့
ကျွန်တော်က သေနတ်ကလေးနဲ့ ပြန်ပစ်မိတာပါ ဆိုတာမျိုးတွေ ပါမလာဘဲ
တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမ
သီချင်းအေးအေးဆိုပြီး နေပူပူကိုဖြတ်ကြမယ်
တကယ်ချစ်စရာကောင်းလာတော့လည်း
ငရဲမီးဆိုတာ ကလေးကစားစရာ ဖြစ်ရတာပဲ မဟုတ်လားကွယ် ။ ။
လင်းခါး
No comments:
Post a Comment