------------------------------
နွားကျောင်းသားလေးဟာ မိုးကုပ်စက်ဝိုင်းကြီးကို မြင်နေရတယ်၊ မိုးကုပ်စက်ဝိုင်းကြီးဟာ မိုးကုပ်စက်ဝိုင်းကြီးပါပဲ။ တချို့နေရာက ဖြူ၊ တချို့နေရာက ပြာ၊ တချို့နေရာက ၀ါ။ လှတယ်လို့ ထင်စရာပဲ။
ဒါပေမယ့် သူက ကဗျာတွေစာတွေ မတွေးတတ်တော့
မိုးကုပ်စက်ဝိုင်းကို မိုးကုပ်စက်ဝိုင်းကြီးအဖြစ် အရင်းအတိုင်းပဲ မြင်နေရတယ်၊
ဒါနဲ့ တစ်ခုခုကို လွမ်းသလိုလို ဆွေးသလိုလိုပါ မောင်ရယ်ဆိုတဲ့ အလိုက်ဖြစ်မလားပဲ
ပါလာတဲ့ ပလွေလေးနဲ့ ကောက် မှုတ်ပါတော့တယ်။
နွားတွေကလည်း အသံကြားကြားချင်းတော့ တစ်ချက်ငဲ့ကြည့်ပြီး
အပေါ်ပိုင်းညိုနေပြီး၊ အောက်ပိုင်းစိမ်းနေတဲ့ မြက်ပင်လေးတွေကို
ပြန်ဖြတ်ဝါးနေတယ်။
နွားကျောင်းသားလေးရဲ့ အနောက်ဘက်မှာ လှပ်လှပ်လှပ်လှပ်နဲ့
လျော့ရဲရဲ စီးဆင်းနေတဲ့ စမ်းချောင်းကလေးရှိတယ်၊
ခြေမျက်စိမြုပ်ရုံပဲ ရှိတဲ့ ရေပမာဏပဲ ရှိပါတယ်။
ဒါပေမယ့် သစ်ရွက်ခြောက်တွေကို ဟိုးအောက်ဘက်အတော်ဝေးဝေးအထိ
သူသယ်သွားနေတယ်။
လေထုဟာ အလွန်ပွယောင်းယောင်းနိုင်ပြီး အခန့်မသင်ရင်
လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်သလောက်အထိ အပူချိန်ကမြင့်မားနေတယ်။
ဆိုတော့ စမ်းချောင်းရဲ့တစ်ဖက်မှာ ရှိနေတဲ့ ကုန်းခေါင်ခေါင်ပေါ်မှာ
ဖုန့်မှုန်တွေဟာ ခရုပတ်သဏ္ဍာန်ရွေ့တဲ့အခါ ရွေ့နေပြီး
တချို့တလေကျတော့လည်း စမ်းချောင်းထဲ ၀င်ရွေ့လျားသွားနေတယ်။
စမ်းချောင်းရေတိမ်တော့ သတ္တ၀ါများများ ကျက်စားနိုင်မယ့် အခြေအနေလည်းမရှိပြန်ဘူး။
အတော်လေးကြာတော့ နွားကျောင်းသားလေးဟာ ပျင်းလာပုံရတယ်
ပလွေအမှုတ်ရပ်ပြီး သူထိုင်နေတဲ့ ကုန်းကမူအသေးလေးပေါ်က ဆင်းပြီး
သူ့နွားတွေကို ပြန်စစ်ကြည့်နေတယ်။
တစ်ကောင် နှစ်ကောင် သုံးလေးငါးခြောက်ခွန်ရှစ်ကိုးတစ
ဘယ်အရာကမှ ဆူဆူညံညံမရှိဘူး။
အဲဒီအချိန်မှာ ဗြုန်းဆို ပြီး
ဘာမှဖြစ်လာနိုင်စရာမရှိပါဘူး။ အဲဒီလိုပဲ ထင်ရပါတယ်
ဒါပေမယ့် ဗြုန်းဆို နွားကျောင်းသား ရုတ်တရက် ချော်လဲတယ်။
နွားကျောင်းသားလေးဟာ စိတ်တိုတိုနဲ့ ကုန်းကမူလေးကိုရော
စောစောက ပတ်ဝန်းကျင်မှာ ရှိသမျှ အရာဝတ္တုတွေကိုရော
ပတ်ဝန်းကျင်မှာ မရှီတဲ့ အခြားအရာတွေကိုပါ ဆဲဆိုပါတော့တယ်။
ဒေါသထွက်သွားတာကိုး။ ဒါပါပဲ။
လင်းခါး
march-2013
No comments:
Post a Comment