Saturday, March 16, 2013

မည်သည့်သဘောမှ မဆောင်သော စာစု


သမိုင်းမှာ အမြဲ ကျွန်တော်တို့သတိရနေတာဟာ နံပါတ်(၁)တွေကိုပဲ။
သမိုင်းမှာ ဖွေးဖွေးလှုပ်နေတဲ့ လူတွေ၊ သွေးသံရဲရဲလူတွေကို သတိမရတော့ဘူးလား။
တော်လှန်ရေးဆိုတာကို စိတ်ကူးယဉ်ဝါဒီတွေက တွေးခေါ်ကြံဆခဲ့ကြပြီး
ဆတ်ဆတ်ထိမခံ လူတန်းစားတွေက ဖော်ဆောင်ကာ
အခွင့်အရေးသမားတွေက အသုံးချသွားတတ် သတဲ့။
သမိုင်းမှာ ဆတ်ဆတ်ထိမခံ ပြည်သူတွေကို သတိမရသင့်ဘူးလား။
လူထုပါမှ တော်လှန်ရေးမည်သတတ်။
တော်လှန်ရေး ခေါင်းဆောင်တိုင်းဟာ သိကြ၊ ပါးနပ်ကြပေမယ့်
တော်လှန်ရေးတွေ အောင်မြင်သွားတဲ့အခါ သူတို့ကပဲ
အဓိပ္ပါယ်မဲ့တဲ့ နာမည်လှလှ အယူဝါဒတွေသုံးပြီး လူထုကို ဖိနှိပ်ကြပြန်လေရော။
အပေါ်က ရေးခဲ့တဲ့ စာသားတွေနဲ့ ဘာမှမဆိုင်ပေမယ့်
အခု ကျွန်တော်တို့နိုင်ငံရဲ့ ဂယက်အထဆုံး အစီရင်ခံစာအပေါ်မှာ
လူထုဟာ အယူအဆကွဲပြားလာကြတယ်။ လူသားဆိုတာ တုံ့ပြန်မှုယန္တရားပဲ ဆိုတဲ့ စကားရှိပါတယ်။ ကျွန်တော်တို့ တုံ့ပြန်မှု သိပ်မမြန်သင့်ဘူးလို့ထင်တယ်။
သဘောတူတဲ့ သူကလည်း သဘောမတူတဲ့ တစ်ဖက်ကို နားလည်ပေးစရာ အချက်အလက်တွေ အများကြီးရှိသလို၊ အစီရင်ခံစာ သဘောမတူနိုင်သူတွေမှာလည်း လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိနေမှာပဲဆိုတာ ကျွန်တော်တို့ နားလည်ပေးသင့်တယ်။
တစ်ခုရှိတာက ဘာအကြောင်းကြောင့်နဲ့မှ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းပစ်မေ့ပစ်လိုက်လို့မရသလိုပဲ။ အဖိနှိပ်ခံ လူတန်းစားတွေကိုလည်း၊ ဒေသခံတောင်သူတွေကိုလည်း မျက်မုန်းကျိုး၊ အမြင်မှားစရာ မလိုအပ်ဘူးလို့ ထင်ပါတယ်။
အခု ဖြစ်ရပ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ၊ လူထုရဲ့ ကွဲလွဲမှုကို လက်ခံနိုင်စွမ်း ဘယ်လောက်ရှိသလဲ စမ်းသပ်လိုက်သလိုပဲ။ ကျွန်တော်တို့ ဒီထက်ပို စည်းလုံး၊ ဒီထက်ပို သည်းခံနိုင်စွမ်းရှိဖို့ လိုပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့က နှစ်ဖက်ကွဲပြီး တစ်ဖက်နဲ့ တစ်ဖက်ငြိုးနေမယ်ဆိုရင် ကြားက (တစ်ချိန်က ကျွန်တော်တို့ကို ဖိနှိပ်ခဲ့တဲ့ လူတွေ၊ ပါတီတွေက) ဘယ်လောက် ပျော်နေမလဲ။ မင်းတို့ အခု ဘယ့်နှယ့်ရှိစ ဆိုပြီး အမြတ်ထုတ်ချင်နေမလဲ။ သတိထားဖို့ ကောင်းပါတယ်။

လင်းခါး
၁၅-၃-၂၀၁၃

No comments:

Post a Comment