Monday, March 4, 2013

နှစ်ငါးဆယ် ရှင်းတမ်း

မရေရာတာတွေ ပြီးသွားပါပြီ။

ညဘက်ဆို လိင်အလုပ်သမတွေ
မင်းနှမလား ငါ့နှမလား ဖြစ်နိုင်နေတာပဲ။
ဖိအား နှစ်ငါးဆယ်ဟာ
နားတွေအူပြီး မျက်လုံးတွေပြူးထွက်လာတဲ့
ဗမာကူလီ ဗမာနွား ဗမာသူတောင်းစားများနဲ့
ဗမာကလေးသူငယ် စားပွဲထိုးများရဲ့ ပင်မဌာနချုပ်။
လယ်သမားတွေလည်း အပါယ်လားကုန်တော့မယ်
မလှူနိုင် မတန်းနိုင်၊
လယ်ကွင်းတွေဟာ ရေမြုပ်တဲ့အခါ အနှံမကျန်
လယ်ကွင်းတွေဟာ ခြောက်သယောင်းတဲ့အခါ ငရဲကိုပါ မြင်နေရ။
ကူလီဖြစ်သွားတဲ့ လယ်ပိုင်ရှင်ဟာ
ကုပ်ပေါ်က နှစ်ငါးဆယ်ကို ဘယ်တော့မှ မြင်မှာမဟုတ်ဘူး။

ဟုတ်ပါပြီ။
သိပ် အဆိုးမြင်တာပဲ၊
ကြည့်ပါ နေ၀န်းဟာ အရှေ့က ထွက်တုန်းပဲ
နှစ်ငါးဆယ်ရဲ့ ဒီဘက်နေ့တွေဟာ
နှစ်ငါးဆယ်ရဲ့ ဟိုဘက်နေ့တွေလို မဟုတ်တော့ဘဲ။
နှစ်ငါးဆယ်ရဲ့ ဒီဘက်နေ့တွေဟာ
နှစ်ငါးဆယ်ရဲ့ ဟိုဘက်နေ့တွေနဲ့ ဘာမှမဆိုင်တော့ဘူး။

ချေးစားပြောရင်တောင် ကြိုက်လို့ပဲ ထင်တယ်။     ။

 လင်းခါး (၄-၃-၂၀၁၃)

No comments:

Post a Comment