Saturday, March 30, 2013

ငုယင်ဗန်ထရွိင်းရဲ့ နေ့များ

ထရွိင်းရေ ... ပြန်လာပါကွာ
ငါတို့ အတူတူနေလို့ရပါတယ်
မင်းအစ်မနဲ့ မင်းအစ်ကိုတို့ မင်းကိုဂရုစိုက်ပါ့မယ်ကွာ
မသွားပါနဲ့ ထရွိင်းရယ် ......
မင်းအဝေးကြီးသွားရင် မင်းသေသွားလိမ့်မယ်
ပြန်လာပါ ညီလေးရယ် .....

သေသူတွေဟာ အများကြီးပါ
သူတစ်ယောက်တော့ မသေပါ
အမြဲထာဝရရှင်နေမှာ                 ကဗျာဆရာတွေမှာ မနေနိုင်
ဖွဲ့ရတယ်
ဆိုရတယ်။
သင်္ဘောပေါ်မှာ ပုန်းလျှိုးရင်း အစ်ကိုရဲ့ခေါ်သံကြားတော့
မျက်ရည်စိမ့်ကျတဲ့ နှလုံးသားနဲ့ ကလေးသာသာ ထရွိင်းဟာ
တစ်ချိန်မှာ ငုယင်ဗန်ထရွိင်းဖြစ်ခဲ့ပေါ့။
အမြဲထိုးနှက်နေတဲ့ ကျူးကျော်စစ် ခေတ်ကာလ နဲ့
ကလီစာအထိ အညိုအမဲစွဲ အသည်းနာမှုပြင်းထန်ခံခဲ့ရတဲ့
ဗီယက်နမ်မျိုးချစ်သူရဲကောင်း ငုယင်ဗန်ထရွိင်းဖြစ်ခဲ့ပေါ့။

ထရွိင်း ..... အိမ်ပြန်လာပါကွာ ... ငါတို့ ဆီ ပြန်လာပါကွာ
ဘယ်လို စားရစားရ ဝေငှစားကြတာပေါ့ကွာ ပြန်လာပါညီလေးရာ .....
နားကကြားပြီး အသည်းထဲအထိ စွဲဝင်သွားတဲ့ ခေါ်သံများနဲ့
ထရွိင်းပိုပြီး ခိုင်မာလာခဲ့တယ်
ထရွိင်း ပိုပြီး သံမဏိသားကျလာတယ်
ဗီယက်နမ်ရဲ့ ငရဲခန်းနေ့များကို
သူ့ကိုယ်သေးသေးလေးနဲ့ တွန်းဖယ်ကျုံ့ဝင်သွားစေခဲ့တဲ့ ငုယင်ဗန်ထရွိင်းရဲ့
အသက်ကလေးတစ်သက်ဟာ ဘယ်လိုဖြစ်တည်တန်ဖိုးလဲ......
သမိုင်းဆိုတာ သူရဲကောင်းတွေရဲ့ တိုင်းပြည်ပါပဲ။     ။

လင်းခါး
၁၃-၃-၂၀၁၃

No comments:

Post a Comment