ကဗျာဟာ ကျွန်တော့်အတွက်ဘာလဲ
ကဗျာဟာ ကျွန်တော့်အတွက်ဘာလို့ထင်လဲလို့ စဉ်းစားကြည့်တော့
ကဗျာဟာ ကျွန်တော်ပြောချင်တာကို ပြန်ပြောပြတဲ့
ကြားခံမီဒီယာ သက်သက်ပါ။
ခင်ဗျားကို ကျွန်တော်ပြောချင်တာပြောဖို့
ကျွန်တော့်ဘာသာစကားဟာ ခင်ဗျားနားလည်တဲ့ ဘာသာစကားဖြစ်ရမယ်။
အနက်ရှုပ်လာရင် ခင်ဗျားစိတ်ဝင်စားမှာ မဟုတ်တော့ဘူး။
ကျွန်တော်ပြောတဲ့ အကြောင်းနဲ့ပတ်သက်တဲ့ ရသတစ်မျိုးမျိုး
ခင်ဗျားမှာ စိမ့်ဝင်ပျံ့နှံရမယ်။
ကျွန်တော်အတွက် ကဗျာဟာ ဒါပါပဲ။
အာဏာရှင်ခေတ်ကတော့ အသားတုံးကို ဟမ်ဘာဂါထဲညှပ်ထားရသလို
ပြောရတာပေါ့ဗျာ။
အခုခေတ်မှာတော့ ပုဆိုးလှန်ပြသလိုလည်း မရိုင်းအောင်
ပုဆိုးခြံထဲက လက်သီးပုန်းလည်း မဖြစ်တော့အောင်
ခင်ဗျားဆီကျွန်တော် တည့်တည့်လာတယ်
ခင်ဗျားမျက်လုံးကို တည့်တည့်ကြည်တယ်
ကျွန်တော်ပြောမယ့် ငိုစရာဟာ ခင်ဗျားမျက်လုံးက မျက်ရည်ထွက်မှ
ဖြစ်မြောက်မယ့် ပြည့်စုံခြင်းပါ။
ကဗျာဟာ ကျွန်တော့်အတွက် နေ့စဉ်သုံးဘာသာစကားပါပဲ။ ။
လင်းခါး
No comments:
Post a Comment