Wednesday, May 22, 2013

မခြားနားဘဲ

မခြားနားဘဲ

တစ်နေ့ထက်တစ်နေ့ ပိုလို့အိုစာလာတယ်ဆိုလည်း
တစ်နေ့ထက်တစ်နေ့
တစ်ဦးနှင့်တစ်ဦး ပိုချစ်လာကြတယ်ဆိုတော့
ဘာဖြစ်သေးလဲပေါ့ကွာ။
လက်ထဲက ပန်းမပွင့်ပေမယ့်
ကိုယ်ထိလက်ရောက် ပန်းအိုးလေး လက်ဆောင်ပေးမယ်
အေးချမ်းမှုကို မကွဲလွဲဘဲ ဖေးဖေးမမ ဝေမျှ။
ပန်းရနံ့ကို တလွဲမတွေးရင်
ပန်းရနံ့ကလည်း မထွေပြားတော့။
တစ်နေ့ထက် တစ်နေ့ ပိုပူလာတာတော့ အမှန်ပဲ
ဒါပေမယ့် ဒီထက်ပို နီးနီးကပ်ကပ်ဖက်ထားရင်
အေးချမ်းမယ်။ ။

ပိတောက်ပွင့်သစ်
အမှတ်(၂၅)။ ဇူလိုင်လ။ ၂၀၀၉

တိတ်တိတ်ပဲ တွေဝေ

တိတ်တိတ်ပဲ တွေဝေ

ဒီထက်ပိုရင်

လောင်ကျွမ်းဖို့ပဲ။

ဒီနေ့ပို့တဲ့ စာတွေက

ဒီနေ့ဝေဒနာတွေအတွက်ပဲ။

မျှော်လင့်ခြင်းနဲ့ ဒဏ်ရာဟာ တစ်ခါတလေ

အချပ်ပိုအနေနဲ့ပါလာ

ဒါနဲ့ပဲ ငါ့လက်ဇျားတွေ အမြဲအေးစက်နေရတာ

မင်းနဲ့ငါ

အောက်တန်းကျတဲ့ အပြောတွေကြားက

မလွတ်သေးတာ

မင်းနဲ့ငါ

ကုက္ကိုပင်အောက်မှာ တွေဝေ

ဗာဒံရွက်ကြွေလေးကိုကြည့်ရင်းတွေဝေ

နမ်းရှိုက်နေရင်းလည်း တွေဝေ

ပြန်တော့ ငါ့ကျောပြင်မှာ မင်းတွေဝေမှုဟာ

ဓားလိုစိုက်နေ

တွေဝေမှုဟာ ငါတို့နှစ်ယောက်ကို ၀ှက်ထားလို့မရတာ့

အချစ်ကလေးမြရေ

မင်းနဲ့ငါ တိတ်တိတ်ပဲ တွေဝေ။

လင်းခါး

ရယ်စရာ၊ ၂၀၁၀၊ ဖေဖော်ဝါရီ

ကျပ်ချွတ်

ကျပ်ချွတ်

ဥခွံအဟောင်း
ဝါးလုံးခေါင်းအဟောင်းထဲကနေ လအဟောင်းကြီးသာသာနဲ့
လျှပ်ပေါ်လော်လီ ကဗျာအသစ်တွေ ရေးကြည့်မလား။
အလျားလိုက်ဝါကျတွေထဲ
အသိပညာနုံနည်းမှု၊ မသိတတ်မှု၊ စံလွဲမှု၊
မလေ့လာမလိုက်စားမှု၊ စိတ်ကြီးဝင်မှု၊
အလေနတောရေးသားမှု၊
တလွဲ ဆံပင်ကောင်းမှု၊
ကမ်္ဘာကြီးမှာ ကမ်္ဘာကြီးမှာနဲ့
ကမ်္ဘာကြီးမှာ ညာတီးနေတာတွေ။
ပြွတ်ကျပ်နေတဲ့ စကားလုံးတွေနဲ့
ပြွတ်ကျပ်နေတဲ့ လူဖျင်းလူညံ့တွေ။
သမိုင်းဘီးလည်ပတ်ခြင်းမှာ
လူအခွင့်အရေးများ၊ ဧရာဝတီများ၊
ငြိမ်းချမ်းရေးများ၊ ယုံကြည်ချက်နောက်ဆက်တွဲများ၊
လူသားချင်းစာနာမှုဟာ အသစ်ဖြစ်တယ်
ကလေးတွေရဲ့ ရယ်သံဟာ အသစ်ဖြစ်တယ်
ခိုကိုးရာမဲ့နေတဲ့ ဘ၀တွေဟာ အသစ်ဖြစ်တယ်
အဆမတန်ရုန်းကန်ရမှုဟာ အသစ်ဖြစ်တယ်
ခေတ်ကတောင်းဆိုတဲ့အခါ
ထမင်းကြမ်းခဲလေးဟာ အစာအိမ်အတွက်
ညနေစာ အသစ်ဖြစ်ခဲ့တယ်။

လင်းခါး
၃၀-၉-၂၀၁၁

နှစ်လိုဖွယ်ဝေါဟာရများ တိမ်မြုပ်ရခြင်း

နှစ်လိုဖွယ်ဝေါဟာရများ တိမ်မြုပ်ရခြင်း

ဘယ်သူ ရေးရေး အေးပါလျက်
ဘယ်သူ ပြောပြော လှပါလျက်
ဘယ်သူ လုပ်လုပ် သင့်တော်ပါလျက်နဲ့
ငြိမ်းချမ်းရေးက
ခေတ်မစားတဲ့ ခေတ်ဟောင်းတေးကြီးလို။

မငြိမ်းချမ်းမှုဟာ အ၀ိဇ်္ဇာပဲ
မငြိမ်းချမ်းမှုဟာ ဒိဋ္ဌိပဲ
မငြိမ်းချမ်းမှုဟာ မောဟပဲ
မငြိမ်းချမ်းမှုဟာ သစ်္စာမဆိုက်ပါဘဲနဲ့
မငြိမ်းချမ်းမှုဟာ
ရုပ်ရှင်ရုံမှာ၊
မဂ်္ဂဇင်း၊ သတင်း၊ ဂျာနယ်မှာ၊
အကျိုးယုတ်တွေ ဖြစ်ထွန်းစေတဲ့
အကြောင်းယုတ်တွေ မှာ၊
ပြေးလွှားနေရတဲ့စကားဝဲ ခြေထောက်တွေမှာ၊
ပကတိ အကျိုးအပြစ်မသိ
အပြစ်လွတ်ခြင်းမှာ အိပ်စက်ကလေးငယ်တွေရဲ့
မျက်လုံးနဲ့မျက်ခွံကြား ဝေ့နေတဲ့ မျက်ရည်စတွေထဲအထိ
မငြိမ်းချမ်းမှုဟာ ပျံ့နှံ့နေတော့တယ်။

လင်းခါး
၁၆-၈-၂၀၁၁

ပထ၀ီ ၀ါယော တေဇော စသော ဓာတ်ကြီးသုံးပါးဖြင့်

-ပထ၀ီ ၀ါယော တေဇော စသော ဓာတ်ကြီးသုံးပါးဖြင့်-

မင်း ပြောသမျှဆိုရင်
မြစ်ထဲရေရှိတယ် ပြောတာတောင် ငါ မယုံတော့ဘူး
ပေါက်တတ်ကရတွေပေါ့လေ။

ဟာသတွေပေါ့လေ။

ခုတော့
ဂျော်ဒန်မြစ်ရေတွေ
ဘယ်ကမ္ဘာစီးသွားလဲ
ဧရာဝတီမြစ်ရေတွေ
ဘယ်ကမ္ဘာစီးသွားလဲ
ကိုတံငါကြီးရဲ့ ရေချိုငါးတွေ
ကိုကျောမွဲကြီးရဲ့ နာဝါလှေတွေ
ကိုရေစည်လှည်းကြီးရဲ့ အနာဂတ်တွေ
ကိုကမ်းပါးကြီးရဲ့ မျက်ရည်တွေ
ဟာကွာ...
ဒေါသကထွက်ထွက်နဲ့
ကုပ်ကကိုင်ပြီး လွှင့်ပစ်လို့မရတော့
ရောင်းစားတာပေါ့။

လင်းခါး

အတွဲ (၅)၊ အမှတ် (၃၀)၊ ဇူလိုင်လ၊ ၂၀၁၂။

ရေဒီယို သတ္တိကြွခြင်း (၇)

**** ရေဒီယို သတ္တိကြွခြင်း (၇) ****

တချို့တွေရဲ့ အိပ်မက်ထဲမှာ

အာလူးသီးဝင်းဝင်းနဲ့

ရေနွေးအိုးဆူဆူကို တကယ်ဖြစ်ပါစေလို့ တွေးနေချိန်

တချို့တွေရဲ့ အိပ်မက်ထဲမှာတော့

မဆူသေးတဲ့ ရေနွေးအိုးကိုပစ်ကန်ထည့်လိုက်ပြီး

မင်းရဲ့အာလူးသီးတွေ

ငါ့အသားလိပ်တွေနဲ့ ဝေးဝေးထားလို့ ကြိမ်းနေတာပေါ့

ငါတို့ အဖြစ်က ရယ်လည်းရယ်ရ ငိုလည်းငိုရ

မငို မရယ် ဆိုတာလည်း တွေ့ရ

ရယ်ပြီး ငိုမယ်ဆိုလည်း

လူ့ယုတ္တိရှိနေတာပါပဲ။ ။

လင်းခါး

ငြိမ်းချမ်းရေး တဲ့လား

အဓိပ္ပါယ်အားဖြင့် သိတယ်

အနှစ်သာရအားဖြင့် သိတယ်

ပညတ်သဘောကိုတော့ သိတာပေါ့

ဒီထက်ပို ဘယ်သူမှ မသိတော့ပါဘူး။


သိပ်ဆာနေတဲ့ ခွေးပိန်လေးကို

အစာကျွေးလိုက်တဲ့အခါ အမြီးနန့်နေသလိုမျိုး

စစ်ပွဲတွေကြားမှာ

သောက ပရိဒေ၀ကြားမှာ

ခန္ဓာအနှံ့ အရေပြားပေါ်ကနေ အလင်းတွေစိမ့်ထွက်နေတဲ့

ပီတိ။


လူတွေဖန်တီးတဲ့ စစ်ပွဲ၊ စိန်ပြောင်း၊ အမြောက်၊ ဒုံးကျည်

လူတွေဖန်တီးတဲ့ ဆေးရုံ၊ ပတ်တီး၊ ဂွမ်းလိပ်၊ သွေးအိတ်

လူတွေဖန်တီးတဲ့ စစ်ပြေငြိမ်းစာချုပ်၊ စစ်ပွဲကင်းမဲ့ဇုန်

လူတွေဖန်တီးတဲ့ စစ်မုန်း ကဗျာ၊ စာပေ၊ ဂီတ။


အကျိုးစီးပွားတွေ ထိပ်တိုက်တိုးတဲ့အခါ

ဘာသာရေးတွေ ရေလိုက်လွှဲတဲ့အခါ

အမျိုးသားရေးတွေ မျက်လုံးကွယ်တဲ့အခါ

မောဟလည်တိုင်နဲ့ ဒေါသကိုမြူဆွယ်ဖို့

လောဘက စေခိုင်းတော့

အ၀ိဇ္ဇာက မသိချင်ယောင်ဆောင်နေတဲ့အခါ

မနွေးထွေးတော့ မအေးမြတော့ မပျော်တော့ မငြိမ်းချမ်းတော့

သက္ကာယဟာ အခက်အညှာထတော့

သက်သာရ မရတော့ပါဘူးကွယ်။


ဗုံးခိုကျင်းတွေ မရှိတဲ့ ကမ္ဘာ

ဒုက္ခသည်စခန်းတွေ မရှိတဲ့ ကမ္ဘာ

အာဟာရချိုတဲ့ ကလေးငယ်တွေ မရှိတဲ့ ကမ္ဘာ

သက်ကြီးရွယ်အို သူတောင်းစားတွေ မရှိတဲ့ ကမ္ဘာ

လူငယ်ခြေကျ အလေအလွင့် လက်မဲ့တွေ မရှိတဲ့ ကမ္ဘာ

မမြင်ဖူးတဲ့ ကောင်မလေး ခိုးချစ် ခိုးလွမ်းနေရသလို

ငြိမ်းချမ်းရေးကို ချစ်နေလွမ်းနေရတဲ့ ဒီကဗျာမျိုး မရှိတဲ့ ကမ္ဘာ


အဲဒီ ကမ္ဘာကြီးမှာပေါ့


တစ်ချိန်


ဖေဖေ စစ်ပွဲတွေက ဘာလို့ မျိုးတုန်းသွားတာလဲဟင် လို့


ကလေးငယ်တွေက မေးလာတဲ့အခါ


အဖေတွေ ဘယ်လိုဖြေကြမယ်


သိချင်ပါရဲ့ကွယ် ................။      ။




လင်းခါး
၂၂-၅-၂၀၁၃


(၃ ကြောင်းကဗျာတော့ မရ ၃၆ ကဗျာတော့ ရပါပြီဗျာ)

Tuesday, May 21, 2013

ပင်လယ်များကို ဖြတ်သန်းခြင်း - ကောက်နှုတ်ချက်

ပင်လယ်စစ်ကို ယနေ့အချိန်အထိ ကျွန်တော်မမြင်ဖူးသေးပါ။ ဒါပေမယ့် ကမ်းမမြင် လမ်းမမြင် ဖြစ်ရတဲ့ နေ့ရက်များဟာ ကျွန်တော် ကူးခတ်နေရတဲ့ ပင်လယ်တစ်စင်းဖြစ်ခဲ့ပါတယ်။ အနာဂါတ်ေ၀၀ါးခြင်း၊ လှိုင်းတံပိုးထန်ခြင်းများဟာ ကျွန်တော် ထိတ်လန့်မိတဲ့ ဒုက္ခပင်လယ်များ ဝေခဲ့ရခြင်းပဲဖြစ်ပါတယ်။ ခေတ်ပင်လယ်တွေ နှစ်ကာလပင်လယ်တွေ အထီးကျန်ပင်လယတွေနဲ့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့ ကမ်းဝေးပင်လယ်များကို ကဗျာရေးခြင်းနဲ့ ဖြတ်သန်းခဲ့ပါတယ်။
ကဗျာဆရာတွေဟာ ပင်လယ်ပျော်တွေပါ။

ရုန်းကန်ရင်း ကျဆုံးရင်း ဒါပြီးဒါ ဒါပြီးဒါ အဖန်ဖန်အခါခါ ပြန်ပြန်ဖြစ်နေရတဲ့ ရေသေလိုနေ့များ မချင့်မရဲဖြစ်ရခြင်း၊ မျက်ရည်ဝဲ မျိုသိပ်ရခြင်း၊ ပေါင်မုန့်များကို လွမ်းရခြင်း၊ ငွေကြေးများကို နှလုံးနာရခြင်း၊ အစစအရာရာ ခံဘက်က ဖြစ်ခဲ့ရသော ကျွန်တော်တို့ရဲ့ နေ့ရက်များအတွက် ကမ္ဘာကြီးအား ဘာဆိုဘာမှ ပြောရန်မလိုအပ်တော့ပါ။ ကမ္ဘာကြီးဟာ တစ်ဖက်စောင်းနင်း လည်မြဲ တစ်ဖက်စောင်းနင်း ဒဏ်ရာပန်းတွေပွင့်မြဲ တစ်ဖက်စောင်းနင်း ဆုံးဖြတ်မြဲ ဖြစ်ခဲ့တယ်။

ငယ်ငယ်က ကိုယ့်ဝေစုလေး တစ်ဖဲ့အတွက် ငိုကြွေးခဲ့ရသလို၊ အခုလည်း ကိုယ့်ထမင်းတစ်လုပ်အတွက် ငိုကြွေးခဲ့ရတဲ့ နေ့တွေ ရှိသေးတယ်။ ငယ်ငယ်က ကျယ်ပြောတဲ့ ငယ်ငယ်က မှောင်မိုက်တဲ့၊ ငယ်ငယ်က အရိပ်ထိုးတဲ့ ကောင်းကင်ဟာ ယနေ့အထိလည်း ကျယ်ပြန့်ဆဲ၊ မှောင်မိုက်ဆဲ၊ ယနေ့အထိလည်း အရိပ်ဆိုးတွေ ထိုးနေဆဲပါပဲ။

ကဗျာအပေါ် ယုံကြည်စိတ် ၀င်သွားတဲ့ အဲဒီကာလတွေရဲ့ လောကဓံတွေဟာလည်း ကဗျာဆီ အတင်းမောင်းသွင်းခဲ့သလို ဖြစ်ခဲ့ပါတယ်။  တစ်ဦးတည်း အဖော်မဲ့သွားတိုင်း၊ ကမ္ဘာကြီးရဲ့ ကြီးမြတ်မှုအောက်မှာ တစ်ဦးတည်း သိမ်ငယ်စိတ်ဝင်မိတိုင်း၊ ခေတ်ရဲ့ လှိုင်းကြမ်းတွေ ရိုက်ခတ်ခံမိတိုင်း ကျွန်တော်ဟာ ကဗျာဆိုတဲ့ အမိုးအောက်မှာ ၀င်ဝင် ပုန်းမိရက်သား ဖြစ်ခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ လူသားတိုင်း လူသားတိုင်းဟာ ပုန်းခိုရာနေရာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေနေကြရတာပဲ မဟုတ်လား။

ငယ်ဘ၀ အပြစ်မဲ့နေ့ရက်များကို ထိုးခဲ့တဲ့ အရိပ်ဆိုးတွေ၊ ကိုယ့်ရဲ့ မသိနားမလည်မှုကပဲ ကိုယ့်ကိုပြန်လည်ဒဏ်ခတ်သွားတာတွေ၊ တစ်နေကုန်ရုန်းကန်ပြီးရလာတဲ့ ပေါင်မုန့်တစ်ချပ်ကို နင်းခြေခံလိုက်ရတာတွေ၊ အောက်ခြေလူတန်းစားတွေရဲ့ စိတ်ဖြေရာ ထွက်ပေါက်ကို ရှာမတွေ့ ဖြစ်ခဲ့ရတာတွေအတွက်၊ လူသားတိုင်း လူသားတိုင်းရဲ့ ပျော်ရွှင်ရာအမှန်အတွက် ကိုယ်ကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ဘူးဆိုတဲ့ အသိဆိုးကို သိခဲ့ရတဲ့အချိန်မှာ ကဗျာနဲ့ ဖြောင့်ချက်ပေးခဲ့၊ ကဗျာနဲ့ တွန်းလှန်ခဲ့၊ ကဗျာနဲ့ ရန်တွေ့ခဲ့၊ ကဗျာနဲ့ပဲ လွတ်မြောက်ရာအမှန်ဆီ လျှောက်ခဲ့၊ ကဗျာနဲ့ မီးအိမ်လမ်းကို တွဲစပ်ခဲ့၊ ကဗျာနဲ့ပဲ အမှန်တရားကို ရှာဖွေခဲ့ပါတယ်။

အခြေအနေ အရပ်ရပ်နဲ့ လောကဓံမှန်သမျှကို တွန်းလှန်ဖို့ မတတ်နိုင်မှုဟာ ကဗျာရေးဖို့ လှုံ့ဆော်လာခဲ့တယ်။
လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးကနေ သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့  သမိုင်းပေးတာဝန်ကို သူဘယ်လောက်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ ဆိုတဲ့ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ စကားဟာ ကျွန်တော့်ကို ဦးဆောင်တဲ့ အဘိဓမ္မာဖြစ်လာခဲ့ပါတယ်။ အဲဒီလို မှန်ကန်တဲ့ အဘိဓမ္မာနဲ့ ဖြတ်သန်းတတ်ဖို့ ကျွန်တော့်ဆီကို ရောက်ရှိလာတဲ့ သေလု ဒဏ်ရာများကိုပင် ကျွန်တော်က ကျေးဇူးတင်မိခဲ့ပါတယ်။

အသက်လုခဲ့ရတဲ့ ၀ါကျများ၊ ရှင်သန်ရတဲ့ အခါ မျော့မျောပဲ ကျန်တဲ့ အဓိပ္ပါယ်များ၊ နွံထဲက ရုန်းထွက်နိုင်ဖို့ လှမ်းတဲ့ လက်များ၊ အမြဲအခန့်မသင့်ဖြစ်နေရတဲ့ လူနေမှု၊ ရွှေရောင်နေ့များ၊ မသိတတ်မှုများ၊ အလျော်ပြန်ပေးရန်မဖြစ်နိုင်သော ချွန်မြစာသားများ၊ ဘ၀တလျှောက်အဆိုးဝါးဆုံး အတွေ့များအတွက် ကျွန်တော် ကဗျာရေးပါတယ်။ ကျွန်တော့်ကဗျာရေးခြင်းဟာ ကမ္ဘာကြီးနဲ့ သက်ဆိုင်ပါတယ် လို့ ဆိုမယ့်အစား စကြာဝဠာကြီးအထိ ရောထွေးခဲ့တယ်လို့ သုံးချင်ပါတယ်။ ကဗျာဆရာအတော်များများဟာ အပြောကြီးကြပါတယ်။

စည်ပိုင်းထဲမှာ ထိုင်ပြီး စည်ပိုင်းရဲ့ အရစ်တွေအကြောင်းကိုပဲ ကဗျာထိုင်ဖွဲ့ရမလား၊
ကမ္ဘာ့အခက်အခဲအတွက်ဆိုရင် နို့ဆီခွက်မျှကိုပင် ကျော်ဖူးရဲ့လားလို့ ဆိုမလား
ကမ္ဘာတွေးတွေးပြီး ကဗျာရေး ရေးပါတယ်။

မာယာကော့ဖ်စကီးကို တော်လှန်ရေးက မွေးဖွားပေးခဲ့၊ ရီဇော်ရဲ့ ကဗျာရှည်ကို တော်လှန်ရေးက မွေးဖွားပေးခဲ့၊ ကဗျာရေးဖို့အတွက် အသည်းနာရမှုကို ပြန်ပေးထားရတဲ့ ကျွန်တော်တို့ ကမ္ဘာမှာ၊ ပန်းလေးတစ်ပွင့်ရဖို့ အမြစ်ကစခဲ့ရတဲ့ ကျွန်တော်တို့ ကမ္ဘာမှာ၊ အလင်းလေး တစ်ပွင့်အတွက် တစ်ညလုံးအမှောင်မှာစောင့်ခဲ့ရတဲ့ ကျွန်တော်တို့ ကမ္ဘာမှာ၊ မြက်ခင်းစိမ်းစိမ်းပေါ်က နွားတွေလိုမှ မပျော်ရတဲ့ ကျွန်တော်တို့ ကမ္ဘာမှာ၊ အရိပ်လိုချင် နေပူကစောင့်ဆိုတဲ့ မတရားတဲ့ ဆိုရိုးနဲ့ ကျွန်တော်တို့ ကမ္ဘာမှာ၊ သမီးသားအရေးထက် ဦးစားပေးရမှာတွေ ရှိသေးတယ်ဆိုတဲ့ ကျွန်တော်တို့ ကမ္ဘာမှာ နာကျင်မှုတွေလည်း အရာမထင်ဘူးဆိုတဲ့ ကျွန်တော်တို့ ကမ္ဘာမှာ၊ အနစ်နာခံရင်း အမြစ်ပါလှန်ခံရတယ်ဆိုတဲ့ ကျွန်တော်တို့ ကမ္ဘာမှာ၊ ကျွန်တော်တို့ ကမ္ဘာမှာလို့ ကျွန်တော် ပြောပြောနေတဲ့ ကျွန်တော်တို့ ကမ္ဘာမှာ ကျွန်တော်တို့ ကဗျာရေးကြပါတယ်။

ကဗျာရေးရင်းနဲ့ပဲ ခေတ်ကို ဖြတ်သန်းပါတယ်၊ စနစ်ကို ဖြတ်သန်းပါတယ်၊ ကဗျာရေးရင်းနဲ့ပဲ ကျွန်တော်တို့ရဲ့ သမိုင်းကို ကျွန်တော်တို့ ဖြတ်သန်းကြရပါတယ်။

ပိတောက်ပွင့်သစ် မဂ္ဂဇင်း - ဆရာကြီး မဟာဆွေ - အထိမ်းအမှတ် စာအုပ်မှ - လင်းခါးရဲ့ ပင်လယ်များကို ဖြတ်သန်းခြင်းမှ စာသားများကို ကောက်နှုတ်ထားပါသည်။

စိမ့်ဝင်စီးမျောခြင်း

တဖြည်းဖြည်း ဦးတည်ရာမဲ့သွားသည်။ သူ့မှာ စိမ့်ဝင်စီးမျောခြင်း အတွင်းသို့ အဓိပ္ပါယ်ပါဝင်သက်ရောက်သွားတော့၏။ မျှော်ကြည့်မိလေတိုင်း အပျက်အစီးပုံအတွင်းမှ သူ့ကို သူ ပြန်မြင်နေရသည်။ တကယ့်ကို အဲဒီနေရာကို သူရောက်တော့မည်။ ဘယ်သူ့ ဘယ်သူမှ စိမ့်ဝင်စီးမျောခြင်းတွင် ဇာတ်သိမ်း မကောင်းကြ။ ထိုအဖြစ်အား စိမ့်ဝင်စီးမျောသူတိုင်းပင် သိကြပါ၏။ မေ့ဖျောက်ထားလိုက်ကြ၏။  မေ့ဖျောက်နိုင်ကြပေ၏။ (ခဏအားဖြင့် ပေါ့လေ) သူကတော့ မရ တစ်စက္ကန့်တိုင်းပင် ထိသိ နာကျင်နေရတော့၏။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် စိမ့်ဝင်စီးမျောခြင်း၏ အနှစ်သာရကို ဖျက်ဆီးပစ်ရန် လိုအပ်လာလေ၏။  ဓါတ်ခွဲစမ်းသပ်ကြည့်ရန်လိုလာ၏။ သို့သော် ထိုထို လူသားတစ်ဦးချင်းစီ၏ ((သို့မဟုတ်)) လူထုတစ်ရပ်လုံး၏ စိမ့်ဝင်စီးမျောခြင်းသည် ရင်းမြစ်ပျောက်ဆုံးလျက်ပင် ရှိသေး၏။ ဒုက္ခသစ္စာကို ရှာဖွေရင်း ပျောက်ဆုံးနေကြရ၏။  ကျွန်တော်တို့၏ ဘ၀များ သနားစရာ ကောင်းလှပါသည်။
စိမ့်ဝင် စီးမျောခြင်း ကတော့ဖြင့် ဆက်လက်ဝါးမျိုနေပါတော့မည်။    ။

လင်းခါး
(၂-၄-၂၀၀၇)

ဧရာဝတီကိုတော့ လက်ထိပ်မခတ်စေချင်


ဓူဝံကြယ်ဆီကနေ

မြစ်ဖျားခံခဲ့တဲ့ ဧရာဝတီ

စီးဆင်းပါစေ။

သဘာဝတရားက ရေးတဲ့ကဗျာတွေ

သဘာဝတရားက ထုဆစ်ထားတဲ့ ကမ္ဘာမြေကြီးထဲ

မြစ်တွေဟာ မြစ်ဖြစ်ကြောင်း စီးဆင်းပြနိုင်ဖို့

အခွင့်အရေးရှိတယ်။

နောက်လာမယ့် မျိုးဆက်ဆီက ချေးယူထားရတဲ့

တော၊ တောင်၊ ရေ၊ မြေ၊ ပင်လယ်၊ လေထု

သယံဇာတနဲ့ မြစ်တွေ

ဒီကမ္ဘာမြေကြီး

ငါတို့ ဘာလို့ အလှပျက်စေမလဲ

ငါတို့ ဘာလို့ တားဆီးပိတ်ပင်နေမလဲ

ငါတို့ ဘာလို့ လက်ကုန်နှိုက်နေတော့မလဲ။

မြစ်တစ်စင်းရဲ့ အန္တိမပန်းတိုင်ဟာ

သောင်ထွန်းဖို့၊ ကမ်းပြိုဖို့၊ ပင်လယ်ထဲ စီးဝင်သွားဖို့ပဲလား

သူ့ရင်ခွင်ထဲက လူသားတွေ

ကမ္ဘာကြီးအတွက် လိုအပ်တဲ့ မျိုးစိတ်တွေ

ဂေဟစနစ်တွေအတွက်

ဧရာဝတီ စီးဆင်းနေရတယ်

ဧရာဝတီ စီးဆင်းနေဖို့လိုတယ်

ဧရာဝတီ စီးပါစေ၊ စီး ဆင်း နေ ပါ စေ ကွာ

ကမ္ဘာကြီးကြီး ရှိနေသရွေ့

ဧရာဝတီကြီးစီးနေဖို့ လိုတာပေါ့။     ။

လင်းခါး
၂၃-၉-၂၀၁၃
(မြစ်ဆုံ ပြန်လုပ်မယ်ကြားနေလို့ပါ)

Monday, May 20, 2013

အနာဂါတ်တွေ ၀ယ်တယ်

--- အနာဂါတ်တွေ ၀ယ်တယ် ---

ရောင်းမှာလား

နောက်ဆို ဈေးကျတော့မှာနော်

တက်ဈေးရတုန်း ထုတ်လိုက်။

ဈေးကွက်ခေတ်မှာ ဘာမှ ပြောလို့မရဘူး

ရောင်းမှာလား

ခင်ဗျာအနာဂါတ်ကတော့ သိပ်မရနိုင်ဘူး

ဖရိန်ကတစ်ခြမ်းစောင်း၊ ရှော့ဘားတွေကလည်း မကောင်းတော့

ဝယ်သာဝယ်ရတယ်၊ ကျုပ်လည်း သိပ်ကျန်တာတော့မဟုတ်

ရောင်းမှာလား သဘောဗျာ

ခင်ဗျားနှယ် အသက်ကကြီးနေပြီ

ဘာများ မျှော်လင့်နေသေးလို့တုန်း

ကလီစာတွေ ရောင်းတဲ့ခေတ်က ကုန်သွားပြီ

ခင်ဗျား သောက် အတိတ်ဟောင်းကြီး ကျုပ်က ဘာလုပ်ရမှာတုန်းဗျ

အနာဂါတ်ပဲ ဒါတော့ စကားလက်စကြီးရှိနေလို့

မနက်ဖြန်ဆိုတာ မသေချာဘူး

ခင်ဗျားသေသွားရင် ကျုပ်က ခင်ဗျားအနာဂါတ်ကြီးလက်ထဲကိုင်

ငိုနေဖို့ပဲ ရှိတယ်၊

ကျုပ်လည်း ရင်းနှီးရတာ မြုပ်နှံရတာ

လုပ်ပါဗျာ မြန်မြန်

ဘာသာစကား ဘယ်နှမျိုးတတ်လဲ

ဘာစာတွေ ဖတ်ထားလဲ

ဘွဲ့ ဒီဂရီ က

ဘာမှ မရှိဘူး ဒီသောက်အနာဂါတ်ကြီး ကျုပ်ဘာလုပ်ရမလဲ

မ၀ယ်ဘူးဗျာ သွား .. စမ်း .. ပါ

ဟိုဘက်မှာ

ချာတိတ်တွေ အများကြီး

ရေစုန်မျောဖို့ အဆင်သင့် ချာတိတ်တွေ အများကြီး

ပုတ်ပြတ်တောင် ရဦးမယ်

အသက်ငယ်လေ ကောင်းလေ

အနာဂါတ် လတ်ဆတ်လေ

အနာဂါတ်တွေ ၀ယ်တယ်၊ ၀ယ်တယ်

သောက် အနာဂါတ်တွေ ၀ယ်တယ်။ ။

လင်းခါး
20-5-2013

Sunday, May 19, 2013

ပြန်ပေး ရွေးကြရအောင်

ပြန်ပေး ဆွဲချင်ရင်

ပြန်ပေး ရွေးချင်သူ ရှိမှ အဆင်ပြေတယ်

ချိတ်ပိတ်တင်ဒါ စနစ်

လေလံ စနစ်

အလကားတော့ ထမင်းမကျွေးနိုင်ဘူး

ငုံထားတဲ့ ချောကလက်ထွေး

ဘယ်သူမှ ထန်းလျက်ကောက်မစားဘူး။

ကမ္ဘာကြီးလောက် ဘယ်ရုပ်ရှင်မှ

လူမစည်တော့ဘူး။

ဘယ်နေရာကိုထိထိ

တင်ပါးကို ထိလည်း

ပါးစပ်ကတော့ သွေးထွက်တာပဲ

ဝတ္ထုတွေထဲမှာဆိုရင်တော့

မည်ကဲ့သို့ လုပ်လိုက်သည်မသိ ဆိုတာမျိုး

ပါတာပဲ။

လွှတ်ပေးရမယ့် ငါးတွေရှိနေလည်း

မွေးနေ့က မရောက်သေး

လွှတ်ပေးရမယ့် ငှက်ကလေးတွေ ရှိနေလည်း

ကိုယ်ချင်းစာတရားက ဈေးဦးမပေါက်သေး

ပြန်ပေး ဆွဲချင်ရင်

ပြန်ပေး ရွေးချင်သူ ရှိမှကို အဆင်ပြေတယ်။     ။


လင်းခါး
၁၈-၅-၂၀၁၃

----- တရုတ်လက်သီးကို အမေရိကန် မျက်ခွက်နဲ့ -----

----- တရုတ်လက်သီးကို အမေရိကန် မျက်ခွက်နဲ့ -----

အမေရိကန် သိပ်အတာပဲတဲ့

ဘောင်းဘီမပါဘဲ ပြောနေသလိုကွယ်။

အမေရိကန် အ ပါတယ်

လူ့အခွင့်အရေးနဲ့ ချိန်ခဲ့တာကိုက အ တယ်

ပိတ်ဆို့မှု သက်တမ်းတိုးရလောက်အောင် အ တယ်

ပုဂ္ဂိုလ်ရေးပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးရလောက်အောင် အတယ်

ပူးတွဲစစ်ဆင်ရေးလုပ်ရအောင်ကို အ တယ်

သမ္မတနဲ့ အတွင်းရေးမှူး မြန်မာပြည်လာပြီးတော့ကို

အ ကြ  တာ  ပေါ့ ။

တရုတ်ကို သိပ်ကြောက်ရသတဲ့

ဟဲဗီးဝိတ်တန်းဝင်ထိုးလို့ရလောက်တဲ့ အတ္တဘောကြီးနဲ့

တရုတ်ကြောက်ရပါတယ်

အိမ်ဦးခန်း မစင်စွန့်လည်း မပြောရဲ

တို့တိုင်းပြည်ကြီး ရင်ဘတ်ခွဲ ဇစ်ဆွဲနေလည်း မပြောရဲ

မိုးထိမယ့်တောင်တွေက

ငရဲရောက်တော့မယ် ချိုင့်ဝှမ်းတွေ ဖြစ်သွားလည်း မပြောရဲ

ပါးရိုက်လည်း မပြောရဲ၊ မယားပိုက်သွားလည်း မပြောရဲ

ထုတ်သွားတဲ့ သစ်လုံးကားတွေဆက်လိုက်ရင်

အင်္ဂါဂြိုဟ် အသွားအပြန်ရှစ်ခေါက်ရနေလည်း မပြောရဲ

ဗျောက်ကြီးခါးထိုး ဟန်ရေးပြသမားတွေ

ခေါ်ငေါက်ခံရတော့ လည်း မပြောရဲ

တရုတ်ကြောက်ရချက်များတော့

ရုတ်ရုတ်ရုတ်ရုတ်တောင် မလုပ်ရဲ။

ဆိုတော့ လူလည်ကြီး အစိုးရများက

သိပ်ကြောက်ရတဲ့ တရုတ်ကြီးလက်သီးနဲ့

သိပ်အလှတဲ့ အမေရိကန်မျက်ခွက် ဆုံပေးဖို့ ကြိုးစားနေတာလား

ဟုတ်ချင်ဟုတ်ပေါ့ကွာ

မဟုတ်ရင်တော့

ခွေးအမြန်ဖြစ်နည်း၊ နွားအမြန်ဖြစ်နည်း

သင်တန်းတွေ လူစည်ဦးမယ် ။          ။

လင်းခါး
19-5-2013

စမ်းချောင်းကလေး ခရေပန်းလေး မိလ္လာကျင်း

*** စမ်းချောင်းကလေး ခရေပန်းလေး မိလ္လာကျင်း ***

လက်သီးဆိုတာ ထိုးကြိတ်ဖို့ ယှဉ်ပြိုင်ဖို့

ဘယ်လို လက်သီးတွေ ယှဉ်ပြိုင်ဖို့

စိုးရွံ့ခဲ့ရပါသလဲ။

လူ့ဘဝဆိုတာ ဖြတ်သန်းဖို့

ဘယ်ဘဝတွေ ဖြတ်သန်းဖို့

အားအင်ကုန်ခမ်းခဲ့ရပါသလဲ။

ယုံကြည်ချက်ဆိုတာ စွဲမြဲခိုင်မာဖို့

ဘယ်လို ယုံကြည်ချက်တွေ

ဖိအားပေးခံခဲ့ရပါသလဲ။

လက်သီးရယ် လူ့ဘဝရယ် ယုံကြည်ချက်ရယ်

လက်သီးကို လက်သီးချင်း

ဘဝကို ဘဝချင်း

ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း

တိုက်မယ်ဆိုလို့

တရားမျှတမယ် မှတ်တယ်။

မင့် လက်သီးက လက်သီးပုန်း

မင့်ဘဝက နောက်ဆွဲလက်ကိုင်တုတ်ဘဝ

မင့် ယုံကြည်ချက်က သွတ်သွင်းခံထားရတာ။

တစ်ဘဝမှာ တစ်ခါ

အကြီးအကျယ် မှားတတ်ကြတာချည့်ပဲ

တစ်ခါနဲ့ လုံလောက်ဖို့တော့ လိုတာပေါ့။ ။

လင်းခါး
၁၇-၅-၂၀၁၃

ခွင့်လွှတ်တယ် ဒါပေမယ့် မေ့လို့မရဘူး

***ခွင့်လွှတ်တယ် မေ့ပစ်လို့တော့ မရဘူး ***

အော့ဇဝစ်ကို ပုံတူဆွဲထားတဲ့

လူသားဖြစ်မှုကို အတိအလင်းငြင်းဆန်ခဲ့တဲ့

ခရစ္စတီးကျွန်းလေးပေါ်က ညတစ်ညနဲ့

နှောင်းလူတွေ သိဖို့

အထူးတင်ဆက်ပြခဲ့တဲ့ ငရဲဇာတ်ဝင်ခန်းထဲက

ဒီပဲယင်း မေလကို

ခွင့်လွှတ်ပါတယ် ဒါပေမယ့် ဘယ်လိုမေ့လို့ရမှာလဲ။

လူသား ဆိုတာက

ငွေပေါနေရင် လူအုပ်ထဲ ငွေပစ်ထည့်ချင်မှထည့်မယ်

ကျည်ပေါနေရင်တော့ မိုးပေါ် ထောင်မနေတော့ဘူး

လွယ်အိတ်ထဲမှာ

ပြီးခဲ့သော လူ့သမိုင်းစာအုပ်တစ်အုပ်

နှလုံးသားမှာ

လာမယ့် လူ့သမိုင်းကို ဖန်တီးဖို့စိတ်ဓါတ်

ဆိုပေမယ့်ကွယ် .....

နောက်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့

မသက်သာဘူးမှတ် ဆိုတော့

ဓါးဓါးချင်း တုတ်တုတ်ချင်းဆိုတော့

ခွင့်လွှတ်ပါတယ် ဒါပေမယ့် ဘယ်လိုမေ့လို့ရမှာလဲ။

ကျောက်စိမ်းနဲ့ ကြောက်စိတ်

ရေနံနဲ့ သေဒဏ်

သဘာဝဓါတ်ငွေ့နဲ့ အာဟာရပျက်နေ့တွေ

ငိုမယ်ဆို မျက်လုံးက လွယ်လွယ်လေး

နာမယ်ဆို ခန္ဓာက လွယ်လွယ်လေး

စိတ်ဓါတ်ပျက်ပြားရပြီဆိုရင်တော့ ......

.............................................

ခွင့်လွှတ်ပါတယ်

ခွင့်လွှတ်ပါတယ်

နှောင်းလူများအတွက်

ခွင့်လွှတ်ပါတယ်လေ ......

ဒါပေမယ့်

ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး ။ ။

လင်းခါး
(စရဏ မဂ္ဂဇင်း ဇွန် ၂၀၁၂) တုန်းက ကဗျာကို နည်းနည်းမွမ်းမံ၍ မျှဝေသည်။

ဘယ်ကိုမှမရောက်ဖြစ်တဲ့ နေ့တွေမှာ

*** ဘယ်ကိုမှ မရောက်ဖြစ်တဲ့နေ့တွေမှာ ***

သံသရာ တစ်ကြောဝယ်

မျောခဲ့ပုံတွေနဲ့ မျောဖို့ လုပ်နေတာတွေ

မျောချင်နေတာတွေနဲ့ မျောရတော့ ပျော်တာတွေ

မျောရတာကို မြတ်နိုး မျောရတာကို တွယ်တာ

မျောရတာကို နှစ်သက် မျောရတာကို တဏှာစွဲမိတော့

ကိုယ့်ကိုမှ မရရင် မင်းက သေမယ်တဲ့လားကွယ်။

ကိုယ့်မှာ အခု ဘာမှမကျန်တော့ဘူး

ကျန်သေးပါတယ်လို့ ထင်တာတွေကလည်း

တကယ်တော့ မကျန်ပါဘူး

တကယ်ကို မကျန်တာပါကွာ ကြည့်လှည့်ပါ

မင်းကြည့်စရာတောင် ငါမှာ မကျန်တော့ပါဘူး။

အခု

အခွင့်အရေးသမားက ငါ့မှာမရှိတာကို ယူမယ်

ပြန်ပေးသမားတွေက

ငါ့မရှိခြင်းကို ပြန်ပေးဆွဲမယ်။

မင်းကရော မရှိတဲ့ ငါ့ရင်ခွင်မှာ

ခိုလှုံပါရစေ ခွင့်တောင်းနေသတဲ့လားကွယ်။

အမှန်က

ငါ့မှာ မရှိဘူးဆိုပေမယ့် နည်းနည်းရှိပါတယ်

အခုတင်ဖြစ်ပြီး အခုတင်ပျက်သွားတဲ့ အပြောတွေ

အခုတစ်မျိုး တော်ကြာတစ်မျိုး အလုပ်တွေနဲ့

ုခုတွေး ခုပျက် ခုလုပ် ခုမှားတွေရယ်ပေါ့။

ယုံပါကွယ်

သံသရာတစ်ကြောဝယ်

မျောမနေချင်ဘူး ဆိုပေမယ့်

တကယ် မမျောချင်ဘူးလားမေးရင်တော့

ပြန်ပြန် စဉ်းစားနေရလို့

ပြန်ပြန်မစဉ်းစားရအောင်

မတွေဝေတဲ့ သဘောကို လိုချင်ပါတယ်

ကိုယ့်ကိုကြည့်ပြီး တွေဝေ မနေပါနဲ့ကွယ်။ ။

လင်းခါး
(ပိတောက်ပွင့်သစ်-ဆရာတင်မိုး အမှတ်တရလ-၂၀၁၂)

Thursday, May 16, 2013

ငယ်ဘ၀တွေ

*** ငယ်ဘဝတွေ ***

ပေါင်ပေါ်က အမာရွတ်လေး

ခုထိ

ရှိနေသေးသလိုပဲ

မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေလည်းရှိသေးတယ်။

ငယ်ငယ်က မပြည့်တဲ့ဆုတောင်းတွေ ရှိခဲ့ပေမယ့်

ငယ်ငယ်က အသည်းနာ အမာရွတ်တွေ မရှိခဲ့ဘူး။

ပြေးလွှားဆော့ကစားခဲ့တဲ့ ခြေထောက်တွေ

ပြေးလွှားရုန်းကန်ရတဲ့ ခြေထောက်တွေအဖြစ် ပြောင်းခဲ့ပြီ။

ငယ်ဘဝက အိပ်မက်တွေဆိုတာ

အခုဖြစ်နေရမယ့်

လက်တွေ့ဘဝမဟုတ်လား။

အခုလို ငါ့အိပ်မက် မဟုတ်ခဲ့ပါ

အခုလို ငါစိတ်ကူးမယဉ်ခဲ့ပါ

ငါတွေးခဲ့တာ

တစ်ချိန်နန်းရမယ့် အိမ်ရှေ့မင်းသားလို

ငါတွေးခဲ့တာ။

ငါတွေးခဲ့တာ

တစ်ချိန်ရေးထိုးရမယ့် ကမ္ပည်းမော်ကွန်းလို

ငါတွေးခဲ့တာ။

ငါတွေးခဲ့တာ

တစ်ချိန် မြင်းစီးသူရဲကောင်းကြီးလို

ငါတွေးခဲ့တာပါ။

အင်္ကျီသေးသေး ဖိနပ်သေးသေး ဆိုပေမယ့်

အိပ်မက်ကြီးခဲ့တာတွေ

အခုပြန်ပြောရင် မင်းတို့ရယ်စရာပါကွာ

ငါတွေးခဲ့တုန်းက ငါ့ဦးနှောက်ထက် ပိုကြီးနေလို့

ငါ့ကိုယ်ခန္ဓာတွေပါ ကူတွေးပေးခဲ့ရတဲ့

သြော်.........

ငါ့ ဟိုး ငယ် ဘ ဝ တွေ ။ ။

လင်းခါး
(ပိတောက်နွယ် မဂ္ဂဇင်း)
စက်တင်ဘာ-၂၀၁၀

မှားတော်ပုံ

*** မှားတော်ပုံ ***

မှားပြီ မှားပြီ မှားပြီ မှားပြီ မှားပြီ မှားပြီ နောက်ဆယ်ခါ

ဆိုတော့

မှားပြီက အကြောင်းဆို အကျိုးကလည်း မှားပြီ

မှားပြီက အကျိုးဆို အကြောင်းကလည်း မှားခဲ့ရာက စတယ်ပေါ့

ဘယ်သူ သေချာချာ မသေချာချာ ကိုယ်မှားတာတော့

ကိုယ်သေချာတယ် မှားပြီ

မှားပြီ မှားပြီ မှားပြီ မှားပြီ မှားပြီ မှားပြီ နောက်ဆယ်ခါ

ဘယ်တော့မှ မမှားဘူးဆိုသူ ရှိလို့လား

မှားပြီဆိုမှတော့ မှားပြီပေါ့

ဒီမျိုးဆက်မှားရင် နောက်မျိုးဆက် ထပ်မှားမယ်

ပထမ ဆယ့်ငါးနှစ် စမှားတယ် (ပါလီမန်ခေတ်ပေါ့လေ)

ဒုတိယ နှစ်ဆယ့်ခြောက်နှစ် ဆက်မှားတယ်
(မဆလခေတ်ပေါ့)

တတိယ(နအဖ) နောက်ထပ်နှစ်ဆယ့်ငါးနှစ်လည်း မှားခဲ့ပြီး အခုလည်း မှားတုန်း

ကဗျာကြီးလည်းမှားခဲ့ ကဗျာလေးလည်း မှားခဲ့

(ကမ္ဘာကြီး မမှားဘူး)

ဆရာကြီးလည်းမှား ဆရာလေးလည်းမှား

အို...... ငါမှားပါပေါ့လား

ရဟန်းမစားရသော (ဆွမ်းတစ်နပ်ထဲက ဇော်လင်းကြီးဟန်နဲ့)

မှားပါတယ် ကိုသောင်းရယ်
(ရွှတ်နောက်နောက်နဲ့)

မှားတဲ့အခါလည်း မှားပေမပေါ့
(စုံထောက်ကြီး ဦးစံရှား လေသံနဲ့)

အမှားထဲက သင်ခန်းစာယူပေါ့
(ရပ်ကွက်လူကြီး မျက်နှာပေးနဲ့)

အမှားများတော့ကွာ အမှန်ဖြစ်

အဲဒီအမှားတွေဟာ

ငွေစက္ကူပေါ်က ငွေကြိုးထဲမှာ

လူ့ဦးခေါင်းရဲ့ အပေါ်ခွံမှာ

မရှိသင့် မရှိအပ် မရှိထိုက်တဲ့ နေရာဒေသပါမကျန်။

အို ...... မှားတယ်ကွာ မှားတယ်ကွာ

မှားတော့ ဘာဖြစ်သေးသလဲ

ဆိုတော့

ခင်ဗျားတို့ သူ့ကို ဘာပြန်ပြောချင်မလဲ

မှား ပါ တယ် ကွာ ။ ။

လင်းခါး

မုန်တိုင်းမလာခင် ကဆုန်စိုင်းခြင်း

***မုန်တိုင်း မလာခင် ကဆုန်စိုင်းခြင်း***

ထုံ့ပိုင်း ထုံ့ပိုင်းနဲ့ မုန်တိုင်းကတော့

အုံ့ဆိုင်း လာနေပြီ။

လာမယ့် လက်သီးပြေးတွေ့သလိုတော့

မုန်တိုင်းကို ပြေးမတွေ့ချင် ဆုတ်ဆိုင်းမိပေါ့

မုန်တိုင်းကို ပုံခိုင်းနှိုင်းရ ရင်

ထုံထိုင်းစေတဲ့ နေ့တွေပဲရတယ်။

ဒါကြောင့်မလာနဲ့ ပြောလည်းမရ

သဘာဝတရားဟာ အစိုးမရတဲ့သဘော

ဒါကြောင့်....

လာခဲ့ ဒီမုန်တိုင်း

ခုတ်ပိုင်းပစ်မယ်။ ။

လင်းခါး
၁၄-၅-၂၀၁၃

ကျောမွဲ

Yesterday at 5:33pm via mobile ·
**** ကျောမွဲ ****

သူ့စားပွဲပေါ်က စားစရာတွေ

ကုမ္ပဏီကြီးတွေယူသွားတာ သူမသိပါဘူး

သူ့ဦးနှောက်ထဲ

အပင်းအဆိပ်တွေပြည့်လာတာ သူမသိပါဘူး

သူ့ခွန်အားတွေ/လုပ်အားတွေ

ခွေးသားစိပ်အပျက်တွေ လည်ဖို့ဆိုတာ သူမသိပါဘူး

သူ့နဖူးကချွေးတွေ ခြေမပေါ်မကျဘဲ

အရင်းရှင်အိတ်ထဲ သွားသွားကျနေတာ သူမသိပါဘူး

သူ့ သမီးလေး

ဘယ်က ပိုက်ဆံတွေရနေလဲ သူမသိပါဘူး

သူ့ သားလေးအနာဂတ်

ပိုက်စိပ်တိုက်ရှာလို့မှ မတွေ့တော့တာ

သူမသိပါဘူး

သူ့မိန်းမ

ကုရင် အသက်ရှည်နိုင်သေးတယ်ဆိုတာ

သူမသိပါဘူး။

သူ့ လက်သီးဟာ နံရံကိုထိုးဖို့ သူသိတယ်

သူ့မျက်ရည် သူပဲသုတ်ရမယ်ဆိုတာ

သူသိတယ်။

သူ့အိပ်မက်ဟာ

ကွမ်းအစ်ကောင်းကောင်း ဆေးပေါ့လိပ်ကောင်းကောင်းနဲ့

ထန်းပလက်ခုံပေါ် မှိန်းနေရတာပဲ။

နောက်ကျောပေါက်စွပ်ကျယ်အင်္ကျီအပေါ်

ဖျင်ကြမ်းထပ်ဝတ်လိုက်တာ သူဇိမ်ခံတာပဲ

နေကျစ်ကျစ်တောက်ပူသောလမ်းမှာ

သစ်ပင်အောက် ခဏနားလိုက်တာ

သူလူပါးဝတာပဲ

အိုးလူးစားလိုက်တာ

ရေနှစ်ခွက်ဆင့်သောက်လိုက်တာ

သူလောဘကြီးတာပဲ။

ကိုကျောမွဲ ရိုးတယ် အတယ် မဆိုနဲ့ သူမသိပါဘူး

သူဒေါသထွက်လာရင်

ဓနိမိုးကို မျက်စောင်းထိုး

သစ်ရွက်ခြောက်ပေါ် တံထွေး ထွီခနဲ ထွေး

တာရာဖိနပ်ပါး ဝတ်ထားတဲ့ခြေထောက်နဲ့

နှီးခြင်းတောင်းကို

ပစ် ကန် ထည့် လိုက် တာ ပါ ပဲ ။ ။

လင်းခါး
၁၅-၅-၂၀၁၃

Saturday, May 11, 2013

မိစ္ဆာစာသားနဲ့ ဒိဌိဝါကျ

ကမ္ဘာကြီး ဘယ်ကစတယ်

ကိုယ်ရပ်နေတဲ့ ခြေဖ၀ါးအောက်က စတယ်။

ကမ္ဘာကြီး ဘယ်မှာဆုံးတယ်

ကိုယ့်နောက်ဖနောင့်မှာ လာဆုံးတယ်။

ငှက်ကလေးတွေ အစာကောက်နေတယ်ဆိုလည်း

ကိုယ်သိလိုက်တာပဲ။

တီးခုံအောက်မှာ ဆိုင်ရှင်ကိုရှောင်ရင်း ကြိတ်ငိုနေတဲ့

စားပွဲထိုးကလေးငယ်ဆိုလည်း ကိုယ်သိလိုက်တာပဲ။

အိုးဘားမားကြီးက မြောက်ကိုရီးယားအနေနဲ့ မြန်မာပြည်အတုယူရမယ်ပြောတော့လည်း

ကိုယ်သိလိုက်တာပဲ။

ကိုယ်သိနေတာတွေတော့ မပြောနဲ့တော့

သိပ်ပူတယ်ဆိုတော့လည်း ကိုယ့်အရေပြားက စတယ်

သိပ်အေးတယ်ဆိုတော့လည်း ဒီအရေပြားမှာပဲ

ကမ္ဘာကြီးဆိုတာ ကိုယ့်ကို ဗဟိုပြုရတာပဲ

ကိုယ်သေရင် ပြီးပြီ ဒီကမ္ဘာကြီး

ကိုယ့်ဆီကမှ ဖြာထွက်ရတဲ့ ကိုယ့်ကမ္ဘာကြီးပါကွာ ။      ။

လင်းခါး




Wednesday, May 8, 2013

ဝန်ချပွဲ

==== ဝန်ချပွဲ ====

ကောက်ရိုးပုံ မီးစွဲသလို

မီးခိုးအူတတ်

ပလက်ဖောင်းအောက် ရေနှုတ်မြောင်း မပါသလို

ညံ့ဖျင်းစွာ တည်ရှိတတ်

အောင်ပွဲခံဖို့ အောက်ကထည့်ဝတ်လာတဲ့

စာတန်းပါ စွပ်ကျယ်လို

ဝင့်ဝါတတ်

မိုးမှမရွာရင် မပွင့်တော့ဘူးလို့

ဆုံးဖြတ်ထားတဲ့ ပိတောက်ပင်လေးလို

ခေါင်းရှောင်တတ်

သတ္တိ လို့ ရေးထားတဲ့ လက်ဖမိုးလို

သိမ်ငယ်တတ်။

ကျွန်တော် ကောင်းတာ ဘာရှိသလဲ။

အမှန်ပါပဲ

ကျွန်တော်ဟာ

အချိန်အများကြီးပေး အခွံနွှာပြီးမှ

လူကြီးလက်မထိပ်လောက်ပဲ အရသာခံရမယ့်

ငုံးဥပြုတ်တွေလို

ကမ္ဘာကြီးက ပေးဆပ်ရတာများသလောက်

အချည်းနှီးသာ ဖြစ်ရတဲ့

လူသား ကျွန်တော်ပါဗျာ။ ။

လင်းခါး
6-5-2013့

အင်တာဗျူး

***** အင်တာဗျူး *****

ညီလေးနှစ်ယောက်ရှိတယ်

အင်း သိပ်မဆာသေးပါဘူး

ဟိုမှာလေ ကျနော်ပဲ တောင်းရတာ

နည်းနည်းပေါ့

မနက်က အကြော်နှစ်ရာဖိုး သုံးယောက်စားတာ

ရောင်းတာပေါ့ဗျ ပိုက်ဆံပေးတာပဲ

အဖွားကြီးအဲဒီအချိန်လာမှ ရောင်းမှာ

ဟုတ်တာပေါ့ တရွတ်ဆွဲ ဘိုးတော်လောက်တော့

မပင်ပန်းဘူး ဒါပေမယ့်

ဟိုကောင် ဒီမှာလာထိုင်

ထမင်းစားတာချင်းတော့ အတူတူပါပဲဗျာ

စားပွဲထိုးလုပ်တာများ ဘာခက်လို့လဲ

အဲဒီကောင်တွေ တောင်းခိုင်းကြည့်ပါလား

သူတို့က အမေအဖေနဲ့ဗျ

မသိဘူးဗျာ အမေကသေပြီ

မနှစ်ကဆောင်းတွင်းတုန်းက

သူက ချောင်းတအားဆိုးတယ်

အင်းမြောင်းထဲပဲ မြောင်းဘေးက ကုက္ကိုပင်ပေါ်မှာ သိမ်းရတာ

တစ်ယောက်နှစ်စုံလောက်တော့ ရှိတာပေါ့

အဖေ မမေးနဲ့ဗျ အမေ့မေး

သေပါပြီဆို

အလင်းဆိုင်ဘေးမှာပဲ အိပ်တာ

မျက်မှန်ဆိုင်က သောက်ရေအိုးရှိတယ်။

တောင်းစားတာပဲဗျာ ဘာရှက်စရာရှိလဲ

ခိုးမှ မခိုးဘဲ

ဟဲ ကွန်ပျူတာဆိုင်က ဘဲကြီးက ဂေါ်ပြား ခဏခဏ ကျန်ခဲ့တယ်လေ

ကျနော်မယူလည်း ကောက်တဲ့ကောင်တွေ ယူမှာဗျ

နှစ်ရာပဲပေးတယ် သိတာပေါ့ အသစ်က ထောင့်နှစ်ရာ

ခွေးဟောင်တိုင်းသာ ထကြည့်ရ ရင်ဗျာ

ရိုးနေပြီ ခွေးသားစားဖူးတယ်

ကျနော်က သီချင်းနည်းနည်းရတယ်

အိုး ဆိုရဲပါဘူးဗျာ ရှက်စရာကြီး

တောင်းမစားနဲ့ ဟုတ်လား ခင်ဗျားကျွေးထားဗျာ

အများကြီးပဲဗျ အကြောလေးတော့ နပ်ရတာပေါ့ဗျာ

အခု လူတွေက ငါးဆယ်တန်လေးတွေပဲ ပေးတာ

တော်ပြီဗျာ ပေးတော့ ပိုက်ဆံ

ခင်ဗျားပဲ ပြောတာ တစ်ထောင်ဆို

မပါဘူးဟုတ်လား

ခွေးသူတောင်းစားကြီး

ဟဲ ဟဲ ဟဲ

ကျနော်က သွားရဦးမှာ ဦးလေးရ

ကျေးဇူး ဟဲ ။ ။

လင်းခါး
မေးသူ-လင်းခါး
ဖြေသူ-သူတောင်းစား

အာရှ၊ ဥရောပ၊ အမေရိက၊ အရှေ့အလယ်ပိုင်း မပျင်းရတဲ့ ငါတို့ ကမ္ဘာ

အာရှ၊ ဥရောပ၊ အမေရိက၊ အရှေ့အလယ်ပိုင်း မပျင်းရတဲ့ ငါတို့ ကမ္ဘာ

အသစ်အဆန်းတွေပါလား
ငါတို့ကမ္ဘာထဲမှာ
ဗိုင်းရပ်စ် အသစ်က အလုပ်လုပ်ပုံ အဆန်း
စာမျက်နှာအသစ်က သံတမန်ကြေးနန်းစာ အဆန်း
အရူးအသစ်က အရေခွံ့လဲပုံအဆန်း
ပေါင်မုန့်ရှာနည်းအသစ်က ဘိန်းပစ်ဖမ်းပုံအဆန်း
နာကျည်းမှု ခန္ဓာကိုယ်အသစ်က ဗုံးပတ်လာတဲ့ အကြမ်းဖက်မှု အဆန်း
ဂီတအသစ်က တီးခတ်မှု အဆန်း
ကဗျာအသစ်က ရေးသားနည်း အဆန်း
တာဝန်အသစ်က ရန်လုပ်နေပုံ အဆန်း
ဘယ်လိုပဲဆန်းဆန်း
စမ်းရဲစမ်းကြည့်စမ်း။ ။

လင်းခါး
(စိမ်းဖန့်နေတဲ့စိမ်းကားရက်စက်မှု-ကဗျာများ-စာအုပ်မှ)

အပစ်အခတ်ရပ်ပါ ပေါင်မုန့်ပေးပါ

အပစ်အခတ်ရပ်ပါ ပေါင်မုန့်ပေးပါ

ရန်မဖြစ်ပါနဲ့ အစားအစာပေးပါ
ဒေါသမဖြစ်ပါနဲ့
အရမ်းကြီး ဗိုက်ဆာလာအောင် ဒေါသမဖြစ်ပါနဲ့
အစာရေစာရှားပါးဘ၀မှာ
အစာမစားဘဲ ရန်လိုစိတ်ပဲ ကြေအောင်ဝါးနေရတယ်
အငြိုးအတေးလည်း မထားနဲ့
ကလေးတွေက သနားဖွယ် ငတ်နေကြပြီ
ပန်းနဲ့ပေါက် ခဲနဲ့ထု၊
ပေါင်မုန့်တွေ ကြေမွကုန်အောင် ဒုံးကျည်တွေလည်း မိုးလိုရွာ
ပေါင်မုန့်တွေ ရိရွဲကုန်အောင် တင့်ကားတွေလည်း ခရီးများနေ
ဂါဇာမှာလေ၊
........... မှာလေ၊
........... မှာလေ၊
........... မှာလေ၊
တိတ်ကြစမ်းပါ၊ ကလေးတွေ ငိုပဲငိုနေတော့တာပဲ၊
အလုပ်လုပ်ကြစမ်းပါ၊ လူကြီးတွေ ကလေးတွေလို သေနတ်ပစ်တမ်း
တူတူပုန်းတမ်း ခြေလတ်ပြတ်တမ်း သေတမ်းကြေတမ်း
အပစ်အခတ်ကိုရပ်ပါ၊ နို့မဟုတ်ရင် .........
လူသေတွေက ပေါင်မုန့်ကို မစားတော့ဘူး
လူသေတွေက ပျော်ရွှင်မှုကို သဘောမတွေ့ဘူး၊
ရှင်သန်နေရတော့ကော
ပေါင်မုန့်တွေဟာ ချိုသလား၊ ခါးသလား
ပေါင်မုန့်တွေဟာ ဘယ်ဆီဘယ်ဝယ်
ဒီခရီး နီးမှနီးရဲ့လား
ကလေးတွေဟာ ပေါင်မုန့်တွေကို
မြေပုံနဲ့ရှာရင်း၊ မြေပုံတွေဟာ ပျက်စီးရင်း
ကလေးတွေက ပေါင်မုန့်ကို ရှာရင်း
ပေါင်မုန့်တွေ၊ ပေါင်မုန့်တွေ
ခက်ခက်ခဲခဲ ရှာရတဲ့ ပေါင်မုန့်တွေ ...........။ ။

လင်းခါး(ယှဉ်ရုန်းခဲ့တဲ့ဘော်ဒီ-စာအုပ်မှ)

အမှားကိုသိတယ် မှားနေတာကို သိနေတယ်

***** အမှားကို သိတယ် မှားနေတာကို သိနေတယ် *****

ရေဒီယိုက

ကြေညာထားတဲ့ သီချင်းမလာဘဲ

ကြေညာမထားတဲ့ သီချင်းတစ်ပုဒ် လွှင့်နေတယ်

ကြေညာထားတဲ့ သီချင်း ဘာဖြစ်လို့လဲ

ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ ပါလို့လား

ညစ်ညမ်းတာတွေပါလို့လား

အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေလို့လား

စိစစ်ရေး ဖြုတ်လို့လား

ဒါမှမဟုတ်

လေလှိုင်းကို တိုက်ခိုက်နေသူတွေ ရှိလို့လား

အစီအစဉ်မှားယွင်းမှုလည်း ဖြစ်နိုင်တာပဲ

ဖြစ်နိုင်ခြေတွေနဲ့ဝေးလာအောင် အချိန်က ကြာသွားပြီ

သီချင်းကတော့ ဆက်နေဆဲ လွှင့်နေဆဲ လွင့်နေဆဲပဲ။

ကြေညာမထားတဲ့ သီချင်းက ဘယ်သူ့အတွက်လဲ

ကြေညာထားတဲ့သီချင်းကို

တောင်းဆိုထားသူတွေကတော့

မိုက်ကယ်ဂျက်ဆင် စာသားလို

ဝှိုင်း.....why .....ဝှိုင်း ...... why ..... ဝှိုင်း။

နားရွက် တံထွေး အဆွတ်ခံရသလို

မျက်ခွက်တည့်တည့် တံထွေးအထွေးခံရသလို

လူလည်ခေါင် ပါးဖြတ်ရိုက်ခံရသလို

နာကျင် ကြေကွဲ စိတ်ထိခိုက်

(ဘာမှ မဖြစ်ဘဲလည်း နေနိုင်တာပဲ)

ဆိုးတာက

ကြေညာထားတဲ့ သီချင်းနဲ့ ကြေညာမထားတဲ့ သီချင်းဟာ

ခွေးသေပုပ် နဲ့ ဆယ်လီနာ ဂိုမက်ဇ် လို

အဆင်း အနံ့ အရသာ အားလုံး

ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လို့။

ရပ်လို့ မရလို့ ဆက်မောင်းနေရတဲ့ကားလို

ရုန်းရင်းဆန်ခတ် သီချင်းကတော့

ဆက်နေဆဲပဲ။

အံ့သြသွားရအောင်လုပ်တာလား

အထူးစီစဉ်တင်ဆက်မှုလား

ဘာမှ မျှော်လင့်ထားလို့မရအောင်

ကမ္ဘာကြီးဟာ မသေချာမှုတွေနဲ့

လွှမ်းမိုးကုန်ပြီလို့

ပြောချင်တာများလား။

ဘယ်လိုဖြစ်ဖြစ်

နာဖျားနေတဲ့ ကမ္ဘာကြီးကို

ညာဝါးနေတဲ့ မသာကြီးလို့

စာသားအပြောင်းခံရသလို

ကသိကအောက် ဖြစ်ရ

စိတ်ဆိုးရ။

ကြေညာ မထားတဲ သီချင်းကတော့

ဗြဟ္မာ့ ဦးခေါင်းကြီးလို ဆက်နေဆဲ။

အသံလွှင့်ရုံ အနုကြမ်း အစီးခံရသလား မသိ

အစီအစဉ် တင်ဆက်သူတွေ

အစီအစဉ်ကို ပြန်နားမထောင်ကြလို့လားမသိ

နည်းပညာပိုင်းဆိုင်ရာ

ချို့ယွင်းချက်ကြောင့်လား မသိ

ဘာကြောင့်မှန်းမသိပေမယ့်

ကြေညာထားတဲ့ သီချင်း

မဟုတ်တာတော့ သိတယ်။ ။

လင်းခါး
၇-၅-၂၀၁၃

ကောက်နှုတ်ချက် - ဦးရွှေအောင်

လူသည် မိမိ၏ ပတ်ဝန်းကျင်ရှိ လူကိုကြည့်၏။ ကြည့်စရာ အာရုံကား လူပင်ဖြစ်သည်။ သို့ရာတွင် သူကြည့်သော မျက်စိက ပပဉ္စ မျက်စိ ဖြစ်နေလျှင် လူကို လူဟူ၍မမြင်။ လူကို မြန်မာ ဟူ၍လည်း မြင်မည်။ တရုတ် ဟူ၍လည်း မြင်မည်။ ကုလားဟူ၍လည်း မြင်မည်။ အင်္ဂလိပ်ဟူ၍လည်း မြင်မည်။ ဤသို့ မြင်ချင်းသည် လူကို ပပဉ္စမျက်စိဖြင့် ကြည့်သောကြောင့် ဖြစ်၏။ ပပဉ္စ ဟူသည်မှာ တဏှာ မာန ဒိဌိ တို့၏ အမည်ဖြစ်၏။ ထို့ကြောင့် လူကို ပပဉ္စ မျက်စိဖြင့် ကြည့်လျှင် ချစ်ခြင်းသော်လည်း ဖြစ်မည်။ မုန်းခြင်းသော်လည်း ဖြစ်မည်။ ချစ်ခြင်းနှင့် မုန်းခြင်း ထိုနှစ်မျိုးတွင် တစ်မျိုးမျိုးသည် မုချ မသွေ ဖြစ်ပေလိမ့်မည်။ ပပဉ္စ မျက်စိဖြင့် လူကိုကြည့်တတ်ခြင်းသည် ထိုကြည့်သူ၏သဏ္ဍာန်၌ ပမာဒတရား လွှမ်းမိုးနေသောကြောင့်ဖြစ်၏။ ပမာဒ တရားဟူသည်မှာ ကုသိုလ်ဖြစ်အောင် အားထုတ်ခြင်း၌ မေ့မေ့လျော့လျော့ ဖြစ်နေအောင် ပြုတတ်သောတရားဖြစ်၏။ ယင်း ပမာဒတရားကား သူကိုယ်တိုင်လည်း အကုသိုလ်ဖြစ်၏။ ကိန်းအောင်းခြင်းခံရသော ပုဂ္ဂိုလ်ကိုကိုလည်း အကုသိုလ် လုပ်မိအောင် ဖန်တီး၏။
အကယ်၍ လူကို ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်ပါက မြန်မာဟူ၍လည်း မမြင် တရုတ်ဟူ၍လည်း မမြင် ကုလားဟး၍လည်း မမြင် အင်္ဂလိပ်ဟူ၍လည်း မမြင် လူကို လူဟူ၍သာ မြင်၏။ ထို့အပြင် လူကို ဝန်းကြီးချုပ် ဟူ၍လည်း မမြင် ရုံးစောင့် ဟူ၍လည်းမမြင်။
ဗြဟ္မစိုရ် မျက်စိဖြင့် လူကိုကြည့်၍ လူအဖြစ် မြင်သောအခါ ထိုမြင်သူ၏ သန္တာန်၌ ချစ်ခြင်းလည်း မဖြစ် မုန်းခြင်းလည်း မဖြစ်။ ချစ်ခြင်းနှင့် မုန်းခြင်း နှစ်မျိုးစလုံး အကုသိုလ် ဖြစ်၏ ။ ဤနေရာ၌ ချစ်ခြင်းကို အဘိဇ္ဈာဟူ၍ ဆို၏။ မုန်းခြင်းကို ဒေါမနဿ ဟူ၍ ဆို၏။ အဘိဇ္ဈာနှင့် ဒေါမနဿမှာ ကျမ်းဂန်သုံး ဝေါဟာရ ဖြစ်၏။ အမှန်အားဖြင့် ဗြဟ္မစိုရ် မျက်စိဖြင့် ကြည့်တတ်သောသူများ၏ သဏ္ဍာန်၌ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ကုသိုလ်တရားများသာ ဖြစ်ကြပါ၏။

ဦးရွှေအောင်(မဟာဝိဇ္ဇာ- သက္ကတ)
(ဝဋံသကာ နှင့် သိရောမဏိ)
အမြင်များပြောင်းလဲခြင်းနှင့်အတွေးအမြင်စာစု
စာမျက်နှာ - ၂၁- ၂၂

Saturday, May 4, 2013

လူ့သမိုင်းမှာ ကျွန်တော်လည်းပါပါတယ်

==လူ့သမိုင်းမှာ ကျွန်တော်လည်းပါပါတယ်==

ကျော်မသွားဘူးဆိုရင် ကျွန်တော်ကဗျာတွေ ရေးဦးမှာပေါ့

နားမလည်ဘူးဆိုရင် ကျွန်တော့်ဝါကျတွေအကြောင်း ရှင်းပြမှာပေါ့

မလှောင်ဘူးဆိုရင် ကျွန်တော့်ဖြတ်သန်းမှုကို ပြောပြမှာပေါ့

မရယ်ဘူးဆိုရင် ကျွန်တော့်အိပ်မက်ကို ထုတ်ပြမှာပေါ့

မရွံဘူးဆိုရင် ကျွန်တော့်အတ္တတွေ ချပြမှာပေါ့

မမုန်းဘူးဆိုရင် ကျွန်တော့်လုပ်ရပ်တွေဆက် လုပ်ပြဦးမှာပေါ့

မသိဘူးဆိုရင် ကျွန်တော်အကြောင်းကို ရေးပြမှာပေါ့

စိတ်မကုန်ဘူးဆိုရင် ကျွန်တော့်ခံယူချက်ကို အကောင်အထည်ဖော်ပြမှာပေါ့

စိတ်မညစ်ဘူးဆိုရင် ကျွန်တော့်ပျော်ရွှင်မှုကို မျှဝေဦးမှာပေါ့

ခင်ဗျားတို့ တကယ် အတိဒုက္ခမကျဘူးဆိုရင်

ကျွန်တော့်ပြဇာတ်ကို ကျွန်တော်ထပ်ကပြနေဦးမှာပါလေ။ ။

လင်းခါး
4-5-2013