အနာဂါတ်တွေ ၀ယ်တယ်
--- အနာဂါတ်တွေ ၀ယ်တယ် ---
ရောင်းမှာလား
နောက်ဆို ဈေးကျတော့မှာနော်
တက်ဈေးရတုန်း ထုတ်လိုက်။
ဈေးကွက်ခေတ်မှာ ဘာမှ ပြောလို့မရဘူး
ရောင်းမှာလား
ခင်ဗျာအနာဂါတ်ကတော့ သိပ်မရနိုင်ဘူး
ဖရိန်ကတစ်ခြမ်းစောင်း၊ ရှော့ဘားတွေကလည်း မကောင်းတော့
ဝယ်သာဝယ်ရတယ်၊ ကျုပ်လည်း သိပ်ကျန်တာတော့မဟုတ်
ရောင်းမှာလား သဘောဗျာ
ခင်ဗျားနှယ် အသက်ကကြီးနေပြီ
ဘာများ မျှော်လင့်နေသေးလို့တုန်း
ကလီစာတွေ ရောင်းတဲ့ခေတ်က ကုန်သွားပြီ
ခင်ဗျား သောက် အတိတ်ဟောင်းကြီး ကျုပ်က ဘာလုပ်ရမှာတုန်းဗျ
အနာဂါတ်ပဲ ဒါတော့ စကားလက်စကြီးရှိနေလို့
မနက်ဖြန်ဆိုတာ မသေချာဘူး
ခင်ဗျားသေသွားရင် ကျုပ်က ခင်ဗျားအနာဂါတ်ကြီးလက်ထဲကိုင်
ငိုနေဖို့ပဲ ရှိတယ်၊
ကျုပ်လည်း ရင်းနှီးရတာ မြုပ်နှံရတာ
လုပ်ပါဗျာ မြန်မြန်
ဘာသာစကား ဘယ်နှမျိုးတတ်လဲ
ဘာစာတွေ ဖတ်ထားလဲ
ဘွဲ့ ဒီဂရီ က
ဘာမှ မရှိဘူး ဒီသောက်အနာဂါတ်ကြီး ကျုပ်ဘာလုပ်ရမလဲ
မ၀ယ်ဘူးဗျာ သွား .. စမ်း .. ပါ
ဟိုဘက်မှာ
ချာတိတ်တွေ အများကြီး
ရေစုန်မျောဖို့ အဆင်သင့် ချာတိတ်တွေ အများကြီး
ပုတ်ပြတ်တောင် ရဦးမယ်
အသက်ငယ်လေ ကောင်းလေ
အနာဂါတ် လတ်ဆတ်လေ
အနာဂါတ်တွေ ၀ယ်တယ်၊ ၀ယ်တယ်
သောက် အနာဂါတ်တွေ ၀ယ်တယ်။ ။
လင်းခါး
20-5-2013
No comments:
Post a Comment