==== ဝန်ချပွဲ ====
ကောက်ရိုးပုံ မီးစွဲသလို
မီးခိုးအူတတ်
ပလက်ဖောင်းအောက် ရေနှုတ်မြောင်း မပါသလို
ညံ့ဖျင်းစွာ တည်ရှိတတ်
အောင်ပွဲခံဖို့ အောက်ကထည့်ဝတ်လာတဲ့
စာတန်းပါ စွပ်ကျယ်လို
ဝင့်ဝါတတ်
မိုးမှမရွာရင် မပွင့်တော့ဘူးလို့
ဆုံးဖြတ်ထားတဲ့ ပိတောက်ပင်လေးလို
ခေါင်းရှောင်တတ်
သတ္တိ လို့ ရေးထားတဲ့ လက်ဖမိုးလို
သိမ်ငယ်တတ်။
ကျွန်တော် ကောင်းတာ ဘာရှိသလဲ။
အမှန်ပါပဲ
ကျွန်တော်ဟာ
အချိန်အများကြီးပေး အခွံနွှာပြီးမှ
လူကြီးလက်မထိပ်လောက်ပဲ အရသာခံရမယ့်
ငုံးဥပြုတ်တွေလို
ကမ္ဘာကြီးက ပေးဆပ်ရတာများသလောက်
အချည်းနှီးသာ ဖြစ်ရတဲ့
လူသား ကျွန်တော်ပါဗျာ။ ။
လင်းခါး
6-5-2013့
No comments:
Post a Comment