ခွင့်လွှတ်တယ် ဒါပေမယ့် မေ့လို့မရဘူး
***ခွင့်လွှတ်တယ် မေ့ပစ်လို့တော့ မရဘူး ***
အော့ဇဝစ်ကို ပုံတူဆွဲထားတဲ့
လူသားဖြစ်မှုကို အတိအလင်းငြင်းဆန်ခဲ့တဲ့
ခရစ္စတီးကျွန်းလေးပေါ်က ညတစ်ညနဲ့
နှောင်းလူတွေ သိဖို့
အထူးတင်ဆက်ပြခဲ့တဲ့ ငရဲဇာတ်ဝင်ခန်းထဲက
ဒီပဲယင်း မေလကို
ခွင့်လွှတ်ပါတယ် ဒါပေမယ့် ဘယ်လိုမေ့လို့ရမှာလဲ။
လူသား ဆိုတာက
ငွေပေါနေရင် လူအုပ်ထဲ ငွေပစ်ထည့်ချင်မှထည့်မယ်
ကျည်ပေါနေရင်တော့ မိုးပေါ် ထောင်မနေတော့ဘူး
လွယ်အိတ်ထဲမှာ
ပြီးခဲ့သော လူ့သမိုင်းစာအုပ်တစ်အုပ်
နှလုံးသားမှာ
လာမယ့် လူ့သမိုင်းကို ဖန်တီးဖို့စိတ်ဓါတ်
ဆိုပေမယ့်ကွယ် .....
နောက်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့
မသက်သာဘူးမှတ် ဆိုတော့
ဓါးဓါးချင်း တုတ်တုတ်ချင်းဆိုတော့
ခွင့်လွှတ်ပါတယ် ဒါပေမယ့် ဘယ်လိုမေ့လို့ရမှာလဲ။
ကျောက်စိမ်းနဲ့ ကြောက်စိတ်
ရေနံနဲ့ သေဒဏ်
သဘာဝဓါတ်ငွေ့နဲ့ အာဟာရပျက်နေ့တွေ
ငိုမယ်ဆို မျက်လုံးက လွယ်လွယ်လေး
နာမယ်ဆို ခန္ဓာက လွယ်လွယ်လေး
စိတ်ဓါတ်ပျက်ပြားရပြီဆိုရင်တော့ ......
.............................................
ခွင့်လွှတ်ပါတယ်
ခွင့်လွှတ်ပါတယ်
နှောင်းလူများအတွက်
ခွင့်လွှတ်ပါတယ်လေ ......
ဒါပေမယ့်
ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး ။ ။
လင်းခါး
(စရဏ မဂ္ဂဇင်း ဇွန် ၂၀၁၂) တုန်းက ကဗျာကို နည်းနည်းမွမ်းမံ၍ မျှဝေသည်။
No comments:
Post a Comment