Wednesday, May 8, 2013

ကောက်နှုတ်ချက် - ဦးရွှေအောင်

လူသည် မိမိ၏ ပတ်ဝန်းကျင်ရှိ လူကိုကြည့်၏။ ကြည့်စရာ အာရုံကား လူပင်ဖြစ်သည်။ သို့ရာတွင် သူကြည့်သော မျက်စိက ပပဉ္စ မျက်စိ ဖြစ်နေလျှင် လူကို လူဟူ၍မမြင်။ လူကို မြန်မာ ဟူ၍လည်း မြင်မည်။ တရုတ် ဟူ၍လည်း မြင်မည်။ ကုလားဟူ၍လည်း မြင်မည်။ အင်္ဂလိပ်ဟူ၍လည်း မြင်မည်။ ဤသို့ မြင်ချင်းသည် လူကို ပပဉ္စမျက်စိဖြင့် ကြည့်သောကြောင့် ဖြစ်၏။ ပပဉ္စ ဟူသည်မှာ တဏှာ မာန ဒိဌိ တို့၏ အမည်ဖြစ်၏။ ထို့ကြောင့် လူကို ပပဉ္စ မျက်စိဖြင့် ကြည့်လျှင် ချစ်ခြင်းသော်လည်း ဖြစ်မည်။ မုန်းခြင်းသော်လည်း ဖြစ်မည်။ ချစ်ခြင်းနှင့် မုန်းခြင်း ထိုနှစ်မျိုးတွင် တစ်မျိုးမျိုးသည် မုချ မသွေ ဖြစ်ပေလိမ့်မည်။ ပပဉ္စ မျက်စိဖြင့် လူကိုကြည့်တတ်ခြင်းသည် ထိုကြည့်သူ၏သဏ္ဍာန်၌ ပမာဒတရား လွှမ်းမိုးနေသောကြောင့်ဖြစ်၏။ ပမာဒ တရားဟူသည်မှာ ကုသိုလ်ဖြစ်အောင် အားထုတ်ခြင်း၌ မေ့မေ့လျော့လျော့ ဖြစ်နေအောင် ပြုတတ်သောတရားဖြစ်၏။ ယင်း ပမာဒတရားကား သူကိုယ်တိုင်လည်း အကုသိုလ်ဖြစ်၏။ ကိန်းအောင်းခြင်းခံရသော ပုဂ္ဂိုလ်ကိုကိုလည်း အကုသိုလ် လုပ်မိအောင် ဖန်တီး၏။
အကယ်၍ လူကို ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်ပါက မြန်မာဟူ၍လည်း မမြင် တရုတ်ဟူ၍လည်း မမြင် ကုလားဟး၍လည်း မမြင် အင်္ဂလိပ်ဟူ၍လည်း မမြင် လူကို လူဟူ၍သာ မြင်၏။ ထို့အပြင် လူကို ဝန်းကြီးချုပ် ဟူ၍လည်း မမြင် ရုံးစောင့် ဟူ၍လည်းမမြင်။
ဗြဟ္မစိုရ် မျက်စိဖြင့် လူကိုကြည့်၍ လူအဖြစ် မြင်သောအခါ ထိုမြင်သူ၏ သန္တာန်၌ ချစ်ခြင်းလည်း မဖြစ် မုန်းခြင်းလည်း မဖြစ်။ ချစ်ခြင်းနှင့် မုန်းခြင်း နှစ်မျိုးစလုံး အကုသိုလ် ဖြစ်၏ ။ ဤနေရာ၌ ချစ်ခြင်းကို အဘိဇ္ဈာဟူ၍ ဆို၏။ မုန်းခြင်းကို ဒေါမနဿ ဟူ၍ ဆို၏။ အဘိဇ္ဈာနှင့် ဒေါမနဿမှာ ကျမ်းဂန်သုံး ဝေါဟာရ ဖြစ်၏။ အမှန်အားဖြင့် ဗြဟ္မစိုရ် မျက်စိဖြင့် ကြည့်တတ်သောသူများ၏ သဏ္ဍာန်၌ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ကုသိုလ်တရားများသာ ဖြစ်ကြပါ၏။

ဦးရွှေအောင်(မဟာဝိဇ္ဇာ- သက္ကတ)
(ဝဋံသကာ နှင့် သိရောမဏိ)
အမြင်များပြောင်းလဲခြင်းနှင့်အတွေးအမြင်စာစု
စာမျက်နှာ - ၂၁- ၂၂

No comments:

Post a Comment