ပင်လယ်စစ်ကို ယနေ့အချိန်အထိ ကျွန်တော်မမြင်ဖူးသေးပါ။ ဒါပေမယ့်
ကမ်းမမြင် လမ်းမမြင် ဖြစ်ရတဲ့ နေ့ရက်များဟာ ကျွန်တော် ကူးခတ်နေရတဲ့
ပင်လယ်တစ်စင်းဖြစ်ခဲ့ပါတယ်။ အနာဂါတ်ေ၀၀ါးခြင်း၊ လှိုင်းတံပိုးထန်ခြင်းများဟာ
ကျွန်တော် ထိတ်လန့်မိတဲ့ ဒုက္ခပင်လယ်များ ဝေခဲ့ရခြင်းပဲဖြစ်ပါတယ်။
ခေတ်ပင်လယ်တွေ နှစ်ကာလပင်လယ်တွေ အထီးကျန်ပင်လယတွေနဲ့ မျှော်လင့်ထားသလို
ဖြစ်မလာတဲ့ ကမ်းဝေးပင်လယ်များကို ကဗျာရေးခြင်းနဲ့ ဖြတ်သန်းခဲ့ပါတယ်။
ကဗျာဆရာတွေဟာ ပင်လယ်ပျော်တွေပါ။
ရုန်းကန်ရင်း
ကျဆုံးရင်း ဒါပြီးဒါ ဒါပြီးဒါ အဖန်ဖန်အခါခါ ပြန်ပြန်ဖြစ်နေရတဲ့
ရေသေလိုနေ့များ မချင့်မရဲဖြစ်ရခြင်း၊ မျက်ရည်ဝဲ မျိုသိပ်ရခြင်း၊
ပေါင်မုန့်များကို လွမ်းရခြင်း၊ ငွေကြေးများကို နှလုံးနာရခြင်း၊ အစစအရာရာ
ခံဘက်က ဖြစ်ခဲ့ရသော ကျွန်တော်တို့ရဲ့ နေ့ရက်များအတွက် ကမ္ဘာကြီးအား
ဘာဆိုဘာမှ ပြောရန်မလိုအပ်တော့ပါ။ ကမ္ဘာကြီးဟာ တစ်ဖက်စောင်းနင်း လည်မြဲ
တစ်ဖက်စောင်းနင်း ဒဏ်ရာပန်းတွေပွင့်မြဲ တစ်ဖက်စောင်းနင်း ဆုံးဖြတ်မြဲ
ဖြစ်ခဲ့တယ်။
ငယ်ငယ်က ကိုယ့်ဝေစုလေး တစ်ဖဲ့အတွက်
ငိုကြွေးခဲ့ရသလို၊ အခုလည်း ကိုယ့်ထမင်းတစ်လုပ်အတွက် ငိုကြွေးခဲ့ရတဲ့ နေ့တွေ
ရှိသေးတယ်။ ငယ်ငယ်က ကျယ်ပြောတဲ့ ငယ်ငယ်က မှောင်မိုက်တဲ့၊ ငယ်ငယ်က
အရိပ်ထိုးတဲ့ ကောင်းကင်ဟာ ယနေ့အထိလည်း ကျယ်ပြန့်ဆဲ၊ မှောင်မိုက်ဆဲ၊
ယနေ့အထိလည်း အရိပ်ဆိုးတွေ ထိုးနေဆဲပါပဲ။
ကဗျာအပေါ်
ယုံကြည်စိတ် ၀င်သွားတဲ့ အဲဒီကာလတွေရဲ့ လောကဓံတွေဟာလည်း ကဗျာဆီ
အတင်းမောင်းသွင်းခဲ့သလို ဖြစ်ခဲ့ပါတယ်။ တစ်ဦးတည်း အဖော်မဲ့သွားတိုင်း၊
ကမ္ဘာကြီးရဲ့ ကြီးမြတ်မှုအောက်မှာ တစ်ဦးတည်း သိမ်ငယ်စိတ်ဝင်မိတိုင်း၊
ခေတ်ရဲ့ လှိုင်းကြမ်းတွေ ရိုက်ခတ်ခံမိတိုင်း ကျွန်တော်ဟာ ကဗျာဆိုတဲ့
အမိုးအောက်မှာ ၀င်ဝင် ပုန်းမိရက်သား ဖြစ်ခဲ့ရပါတယ်။
ကမ္ဘာပေါ်မှာ လူသားတိုင်း လူသားတိုင်းဟာ ပုန်းခိုရာနေရာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေနေကြရတာပဲ မဟုတ်လား။
ငယ်ဘဝ
အပြစ်မဲ့နေ့ရက်များကို ထိုးခဲ့တဲ့ အရိပ်ဆိုးတွေ၊ ကိုယ့်ရဲ့
မသိနားမလည်မှုကပဲ ကိုယ့်ကိုပြန်လည်ဒဏ်ခတ်သွားတာတွေ၊
တစ်နေကုန်ရုန်းကန်ပြီးရလာတဲ့ ပေါင်မုန့်တစ်ချပ်ကို နင်းခြေခံလိုက်ရတာတွေ၊
အောက်ခြေလူတန်းစားတွေရဲ့ စိတ်ဖြေရာ ထွက်ပေါက်ကို ရှာမတွေ့
ဖြစ်ခဲ့ရတာတွေအတွက်၊ လူသားတိုင်း လူသားတိုင်းရဲ့ ပျော်ရွှင်ရာအမှန်အတွက်
ကိုယ်ကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ဘူးဆိုတဲ့ အသိဆိုးကို သိခဲ့ရတဲ့အချိန်မှာ
ကဗျာနဲ့ ဖြောင့်ချက်ပေးခဲ့၊ ကဗျာနဲ့ တွန်းလှန်ခဲ့၊ ကဗျာနဲ့ ရန်တွေ့ခဲ့၊
ကဗျာနဲ့ပဲ လွတ်မြောက်ရာအမှန်ဆီ လျှောက်ခဲ့၊ ကဗျာနဲ့ မီးအိမ်လမ်းကို
တွဲစပ်ခဲ့၊ ကဗျာနဲ့ပဲ အမှန်တရားကို ရှာဖွေခဲ့ပါတယ်။
အခြေအနေ အရပ်ရပ်နဲ့ လောကဓံမှန်သမျှကို တွန်းလှန်ဖို့ မတတ်နိုင်မှုဟာ ကဗျာရေးဖို့ လှုံ့ဆော်လာခဲ့တယ်။
လူတစ်ယောက်ရဲ့
တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးကနေ သူ့ပုခုံးပေါ်
တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူဘယ်လောက်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့
အချက်နဲ့ တိုင်းတာရမှာပဲ ဆိုတဲ့ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ စကားဟာ
ကျွန်တော့်ကို ဦးဆောင်တဲ့ အဘိဓမ္မာဖြစ်လာခဲ့ပါတယ်။ အဲဒီလို မှန်ကန်တဲ့
အဘိဓမ္မာနဲ့ ဖြတ်သန်းတတ်ဖို့ ကျွန်တော့်ဆီကို ရောက်ရှိလာတဲ့ သေလု
ဒဏ်ရာများကိုပင် ကျွန်တော်က ကျေးဇူးတင်မိခဲ့ပါတယ်။
အသက်လုခဲ့ရတဲ့
ဝါကျများ၊ ရှင်သန်ရတဲ့ အခါ မျော့မျောပဲ ကျန်တဲ့ အဓိပ္ပါယ်များ၊ နွံထဲက
ရုန်းထွက်နိုင်ဖို့ လှမ်းတဲ့ လက်များ၊ အမြဲအခန့်မသင့်ဖြစ်နေရတဲ့ လူနေမှု၊
ရွှေရောင်နေ့များ၊ မသိတတ်မှုများ၊ အလျော်ပြန်ပေးရန်မဖြစ်နိုင်သော
ချွန်မြစာသားများ၊ ဘ၀တလျှောက်အဆိုးဝါးဆုံး အတွေ့များအတွက် ကျွန်တော်
ကဗျာရေးပါတယ်။ ကျွန်တော့်ကဗျာရေးခြင်းဟာ ကမ္ဘာကြီးနဲ့ သက်ဆိုင်ပါတယ် လို့
ဆိုမယ့်အစား စကြာဝဠာကြီးအထိ ရောထွေးခဲ့တယ်လို့ သုံးချင်ပါတယ်။
ကဗျာဆရာအတော်များများဟာ အပြောကြီးကြပါတယ်။
စည်ပိုင်းထဲမှာ ထိုင်ပြီး စည်ပိုင်းရဲ့ အရစ်တွေအကြောင်းကိုပဲ ကဗျာထိုင်ဖွဲ့ရမလား၊
ကမ္ဘာ့အခက်အခဲအတွက်ဆိုရင် နို့ဆီခွက်မျှကိုပင် ကျော်ဖူးရဲ့လားလို့ ဆိုမလား
ကမ္ဘာတွေးတွေးပြီး ကဗျာရေး ရေးပါတယ်။
မာယာကော့ဖ်စကီးကို
တော်လှန်ရေးက မွေးဖွားပေးခဲ့၊ ရီဇော်ရဲ့ ကဗျာရှည်ကို တော်လှန်ရေးက
မွေးဖွားပေးခဲ့၊ ကဗျာရေးဖို့အတွက် အသည်းနာရမှုကို ပြန်ပေးထားရတဲ့
ကျွန်တော်တို့ ကမ္ဘာမှာ၊ ပန်းလေးတစ်ပွင့်ရဖို့ အမြစ်ကစခဲ့ရတဲ့ ကျွန်တော်တို့
ကမ္ဘာမှာ၊ အလင်းလေး တစ်ပွင့်အတွက် တစ်ညလုံးအမှောင်မှာစောင့်ခဲ့ရတဲ့
ကျွန်တော်တို့ ကမ္ဘာမှာ၊ မြက်ခင်းစိမ်းစိမ်းပေါ်က နွားတွေလိုမှ မပျော်ရတဲ့
ကျွန်တော်တို့ ကမ္ဘာမှာ၊ အရိပ်လိုချင် နေပူကစောင့်ဆိုတဲ့ မတရားတဲ့
ဆိုရိုးနဲ့ ကျွန်တော်တို့ ကမ္ဘာမှာ၊ သမီးသားအရေးထက် ဦးစားပေးရမှာတွေ
ရှိသေးတယ်ဆိုတဲ့ ကျွန်တော်တို့ ကမ္ဘာမှာ နာကျင်မှုတွေလည်း အရာမထင်ဘူးဆိုတဲ့
ကျွန်တော်တို့ ကမ္ဘာမှာ၊ အနစ်နာခံရင်း အမြစ်ပါလှန်ခံရတယ်ဆိုတဲ့
ကျွန်တော်တို့ ကမ္ဘာမှာ၊ ကျွန်တော်တို့ ကမ္ဘာမှာလို့ ကျွန်တော် ပြောပြောနေတဲ့
ကျွန်တော်တို့ ကမ္ဘာမှာ ကျွန်တော်တို့ ကဗျာရေးကြပါတယ်။
ကဗျာရေးရင်းနဲ့ပဲ
ခေတ်ကို ဖြတ်သန်းပါတယ်၊ စနစ်ကို ဖြတ်သန်းပါတယ်၊ ကဗျာရေးရင်းနဲ့ပဲ
ကျွန်တော်တို့ရဲ့ သမိုင်းကို ကျွန်တော်တို့ ဖြတ်သန်းကြရပါတယ်။
ပိတောက်ပွင့်သစ်
မဂ္ဂဇင်း - ဆရာကြီး မဟာဆွေ - အထိမ်းအမှတ် စာအုပ်မှ - လင်းခါးရဲ့
ပင်လယ်များကို ဖြတ်သန်းခြင်းမှ စာသားများကို ကောက်နှုတ်ထားပါသည်။
No comments:
Post a Comment