Wednesday, May 22, 2013

ငြိမ်းချမ်းရေး တဲ့လား

အဓိပ္ပါယ်အားဖြင့် သိတယ်

အနှစ်သာရအားဖြင့် သိတယ်

ပညတ်သဘောကိုတော့ သိတာပေါ့

ဒီထက်ပို ဘယ်သူမှ မသိတော့ပါဘူး။


သိပ်ဆာနေတဲ့ ခွေးပိန်လေးကို

အစာကျွေးလိုက်တဲ့အခါ အမြီးနန့်နေသလိုမျိုး

စစ်ပွဲတွေကြားမှာ

သောက ပရိဒေ၀ကြားမှာ

ခန္ဓာအနှံ့ အရေပြားပေါ်ကနေ အလင်းတွေစိမ့်ထွက်နေတဲ့

ပီတိ။


လူတွေဖန်တီးတဲ့ စစ်ပွဲ၊ စိန်ပြောင်း၊ အမြောက်၊ ဒုံးကျည်

လူတွေဖန်တီးတဲ့ ဆေးရုံ၊ ပတ်တီး၊ ဂွမ်းလိပ်၊ သွေးအိတ်

လူတွေဖန်တီးတဲ့ စစ်ပြေငြိမ်းစာချုပ်၊ စစ်ပွဲကင်းမဲ့ဇုန်

လူတွေဖန်တီးတဲ့ စစ်မုန်း ကဗျာ၊ စာပေ၊ ဂီတ။


အကျိုးစီးပွားတွေ ထိပ်တိုက်တိုးတဲ့အခါ

ဘာသာရေးတွေ ရေလိုက်လွှဲတဲ့အခါ

အမျိုးသားရေးတွေ မျက်လုံးကွယ်တဲ့အခါ

မောဟလည်တိုင်နဲ့ ဒေါသကိုမြူဆွယ်ဖို့

လောဘက စေခိုင်းတော့

အ၀ိဇ္ဇာက မသိချင်ယောင်ဆောင်နေတဲ့အခါ

မနွေးထွေးတော့ မအေးမြတော့ မပျော်တော့ မငြိမ်းချမ်းတော့

သက္ကာယဟာ အခက်အညှာထတော့

သက်သာရ မရတော့ပါဘူးကွယ်။


ဗုံးခိုကျင်းတွေ မရှိတဲ့ ကမ္ဘာ

ဒုက္ခသည်စခန်းတွေ မရှိတဲ့ ကမ္ဘာ

အာဟာရချိုတဲ့ ကလေးငယ်တွေ မရှိတဲ့ ကမ္ဘာ

သက်ကြီးရွယ်အို သူတောင်းစားတွေ မရှိတဲ့ ကမ္ဘာ

လူငယ်ခြေကျ အလေအလွင့် လက်မဲ့တွေ မရှိတဲ့ ကမ္ဘာ

မမြင်ဖူးတဲ့ ကောင်မလေး ခိုးချစ် ခိုးလွမ်းနေရသလို

ငြိမ်းချမ်းရေးကို ချစ်နေလွမ်းနေရတဲ့ ဒီကဗျာမျိုး မရှိတဲ့ ကမ္ဘာ


အဲဒီ ကမ္ဘာကြီးမှာပေါ့


တစ်ချိန်


ဖေဖေ စစ်ပွဲတွေက ဘာလို့ မျိုးတုန်းသွားတာလဲဟင် လို့


ကလေးငယ်တွေက မေးလာတဲ့အခါ


အဖေတွေ ဘယ်လိုဖြေကြမယ်


သိချင်ပါရဲ့ကွယ် ................။      ။




လင်းခါး
၂၂-၅-၂၀၁၃


(၃ ကြောင်းကဗျာတော့ မရ ၃၆ ကဗျာတော့ ရပါပြီဗျာ)

No comments:

Post a Comment