Tuesday, January 7, 2014

***မိုးဖွဲဖွဲရွာခြင်း***

***မိုးဖွဲဖွဲရွာခြင်း***

သူ့ကို လှမ်းမြင်လိုက်တော့
သူက ထွက်သွားပြီ
ဒါနဲ့ သူနဲ့ ပျော်မိတာတွေ
ရခဲလှတဲ့ လူ့ဘဝထဲက အချိန်တချို့ကို
သူနဲ့ ဖြတ်သန်းခဲ့မိတာတွေဟာ
လေဆာပရင်တာထဲက စာရွက်တွေ
ထွက်လာသလိုပါပဲ
မြင်ယောင်မိသွားပါလေရော။
တစ်ရက်ကဆို
မြို့ထဲက အပြန်
သူရဲ့ ပေါက်ကွဲမှုဟာ ကိုယ့်အပေါ်သတ္တုကျခဲ့တာတွေ
တစ်ဖက်သတ်ဖြတ်ရိုက် အနိုင်ကျင့်ခံခဲ့ရတာတွေ
ကိုယ့်သိပ်ကြိုက်တဲ့ ကာကီရောင်ဘောင်းဘီလေး
သူ့ကြောင့် စုတ်ပြဲခဲ့ရတာတွေ
အတူတူ ဝမ်းနည်းကြတာချင်း
ကိုယ်က နှစ်သိမ့်ခဲ့ရတာတွေ
စတာတွေပေါ့လေ
သူ ဟာ တဇွတ်ထိုးပဲ
သူ ဟာ အပေအတေပဲ
ဒီလို အတွေးဝင်မိတယ် ထင်ပါတယ်
ဒါနဲ့
သြော် ဒါတွေတောင် အတော်ကြာခဲ့ပါပြီကော
သြော် ဒါတွေတောင် ကျော်လွန်ခဲ့ပါပြီကော လို့
နားထင်သွေးကြောအထိ
အတိဒုက္ခအလွမ်းဟာ သွေးလျှောက်နေမိ
ဇီဝဓာတ်နည်းသည်အထိ တွေဝေမိ
ဘာလို့ အဖြစ်အပျက်တွေဟာ
ထားခဲ့တာသိပ်မြန်နေရသလဲ
သစ္စာတရားအပါး ရှေ့ရှုမိမလိုနဲ့
မောဟအလေလိုက်မိ။
သူ့ကို လှမ်းမြင်လိုက်ပါတယ်
ဒါပေမယ့်
သူဟုတ်ရဲ့လား နောက်တစ်ကြိမ်ကြည့်တဲ့အခါ
သူ မရှိတော့ပါဘူး
နောက်တစ်ကြိမ် ကိုယ်ကြည့်တဲ့အခါ
အဲဒီနေရာမှာ သူဘာလို့ ရပ်မနေဘဲ
ဆက်ထွက်သွားရတာလဲကွယ်။ ။


လင်းခါး

No comments:

Post a Comment