Tuesday, January 7, 2014

အရေးတော်ပုံ အောင်ပါစေ

အရေးတော်ပုံ အောင်ပါစေ
-----------------
အာဂလူသားရဲ့ ပါးကို
စစ်ဖိနပ်က ပြေးနမ်းတယ်
လုံထိန်းတုတ်က ပြေးနမ်းတယ်
သိပ်ချစ်ကြတယ်ပေါ့။
အာဂလူသားရဲ့
နံရိုးတစ်ချောင်းဟာ
ကလီစာတစ်ခုခုထဲကို စိုက်ဝင်သွားတယ်ထင်တယ်။
ကျစ်သောကြိုးဘေးမှာ ကွေးကောက်နေသော လက်
ဆံပင်တိုကျဲကျဲဟာ ရေရွှဲရွှဲနဲ့ ကပ်စီးစီး
မျက်ခွက်ကတော့ ဖူးပွင့်မနေဘဲ ဖူးယောင်
ခြေထောက်တွေဟာ ကုန်းခေါင်ခေါင်လို
အမွှေးအရောင်ပြောင်လို့
ဒူးဟာ ပေါက်ပြဲ
ကျယ်မောက်သော ရင် ကျဉ်းနိမ့်ခဲ့
ကျယ်သောနဖူး ပွန်းခဲ့
ယဉ် တစ် ကိုယ် လုံး ပင်။
အာဂလူသား နီထွေးသော
အနီတွေ ထွေးနေရသော နှုတ်ခမ်း လှုပ်နေတယ်
တစ်ခုခုပြောနေတယ် နားထောင်စမ်း နားထောင်စမ်း
ဝန်ခံတာလား
ကြံရာပါ စာရင်းလား
ဘာပြောတာလဲ
ဘာပြောတာလဲ
နားထောင်ကြစမ်း
ဘာပြောသလဲ မသိဘူး
ကြမ်းပေါ် ဝုန်းခနဲ ပြိုလဲကျတယ်
ပြုံးပြုံးကြီး အသက်ထွက်တယ်။ ။

လင်းခါး

No comments:

Post a Comment