ငါတို့ခေတ်
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ငါတို့ ခေတ်မှာ
နှစ်ပေါင်းများစွာ ဒုက္ခပေးလာသူများနဲ့ ဓာတ်ပုံတွဲရိုက်ချင်သူများလည်း မြင်ရ
လူထုခေါင်းဆောင်ကို ကျိန်ဆဲတာကိုလည်း ကြားရ
လူဖြစ်လာလို့သာ ကြုံရတယ်
မျက်လုံးပါလို့သာ မြင်ရတယ်
နားရှိလို့သာ ကြားခဲ့ရပါတယ်။
မြေခွေးများဟာ ခြင်္သေ့လို ဟိန်းချင်
ခွေးအိုက ကျားသားစားချင်
မိုးပြိုမှာကြောက်တဲ့ ယုန်သရဲဘောကြောင်များက ပညာရှိဖြစ်ချင်
လာကြပါတယ်။
အချက် ၃၀ သော ကြေညာစာတမ်းဟာ
တစ်ချိန်ကတော့ ပိဋကတ်သုံးပုံလို အလှမ်းဝေးလှပြီး
အခုတော့လည်း
ဆေးသောက်ရန် အညွှန်းလောက်ပင်
ရေပန်းစားလာပြီး
မွေးရာပါအကန်းများဟာလည်း သူရဲ့ လှပသောအမျိုးကို
အလွန်အမင်း ချစ်ပြကြပြန်ပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့လိုချင်တဲ့ ခေတ်မျိုးတော့ မဟုတ်ပါဘူး။
ရှင်ကြီး ရှင်ငယ် ဝမ်း စုံခဲ့ပေမယ့်လည်း
ငါးစာတွေက များလှသလို
ငါးနုံတွေကလည်း လိုက်ဖက်စွာပဲ များပါတယ်။
တချို့က ညောင်သီးလည်းကြိုက်တတ်
လေသံလည်း နားစွင့် လူပါးဝပေမယ့်
တချို့ကတော့ ထမင်းထုပ်ကိုသာ မြင်ပါတယ်။
အနူ အနူချင်း အစို အခြောက် ခွဲခြားပါတယ်
အညံ့ အညံ့ချင်း အနုံပြိုင်ပါတယ်
ခွေး ခွေးချင်း အမွှေးပွ အပုမျိုး ယှဉ်ပါတယ်
လဒ လဒ ချင်း ဘယ်သူပို ပုပ်စော်နံသလဲဂုဏ်ဖော်ကြပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့ပိုင်တဲ့ ခေတ်တော့လည်း မဟုတ်ပါဘူး။
အဝေမတည့်ရာက ငယ်ကျိုးငယ်နာဖော်ကြတာလည်း ရှိပါတယ်
ငကန်းသေတော့လည်း ငစွေပဲလာပါတယ်
မောင်ပုလဲများဟာလည်း
တခြိမ်းခြိမ်း တခြောက်ခြောက်နဲ့ရှိပါတယ်။
စည်တော်များလည်း ရွမ်းပါတယ်
နှဲကြီးကလည်း တောပါတယ်
လကွင်းခြမ်းကလည်း ညံပါတယ်
ဝါးလက်ခုပ်ကလည်း ရှုပ်ပါတယ်။
ပန်းသူခိုး ဥယျာဉ်မှူးများကလည်း
ပန်းတွေ သိပ်လှမှာကို စိုးရိမ်ရှာပါတယ်။
စပါးပင်များကလည်း မတ်မတ်ထောင်ပါတယ်။
ရေအိုးများကလည်း လှိုင်းပုတ်ပါတယ်။
ဤအရာများကြားထဲ
တစ်ဗိုလ်ထမည့်ခွေး ဗိုလ်လဒရဲ့ မြေးတော်များကလည်း
တစ်စခန်းထ ဇာတ်လမ်းစမည့်အခြေနဲ့ တောင်စမုခ်ကျွတ်ကာရယ်
ထောင်အချုပ်က လွတ်လာပြန်ပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့ကျေနပ်တဲ့ ခေတ်တော့လည်း မဟုတ်ပါဘူး။
သစ်မလား ပြင်မလား
ရဲရင်ထွက် သေနတ်နဲ့ပစ်သတ်မယ်လို့
လွှတ်ထားသလို ရှိပါတယ်။
တလျှောက်လုံးမှန်တုန်းက ပန်းကုံးမရ
တစ်ချက်မှားတော့ အုတ်ခဲကျိုးပေးချင်ကြပါတယ်။
ခြေလေးချောင်း တော်လှန်ရေးလို
ရယ်စရာ မောစရာ စောကြောစရာ။
အရှေ့ကနေဝန်းထွက်သည့် ပမာ
တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ
စာသားလေးက လှ
သီချင်းလေးက ချို
ဝတ္ထုတွေကလည်း ကောင်းလှပါတယ်။
ငါတို့ ခေတ်မှာ ငါတို့ဖြစ်ရတာ
ငါတို့ဖြစ်ရကျိုး မနပ်လို့
နောင်တစ်ခေတ်ကိုပါ အမွေဆိုးထားခဲ့ချင်ဟန်
ရှိပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့လက်နဲ့ သူတို့ဇွတ်အတင်းတီထွင်ခဲ့ကြတာ
ငါတို့ခေတ် ဆိုပေမယ့်
သူတို့ကြမ်းခဲ့သမျှ ငါတို့ပန်းခဲ့ရတာ
ဟိုတစ်ခေတ်အခါကလည်း
သေသော်မှတည့် သြော်ကောင်း၏
ဒီခေတ်အခါမှာလည်း
သေသော်မှတည့် သြော်ကောင်း၏
လို့တော့ မဖြစ်သေးပါ။
ငါတို့ခေတ်ကို ငါတို့ပြင်ရမှာ
ငါတို့ခေတ်မို့ ငါတို့ရှင်ရတာ
ငါတို့ခေတ်မှာမှ
ငါတို့မဆင်ခြင်ရင်
ငါတို့ပင် အနုံ
ငါတို့ပင် အဖျင်း
ငါတို့ပင် အသိမ်
ငါတို့ပင် အနုပ်
ငါတို့ပင် အယုတ်ဖြစ်ရတော့မှာ
ဒါက ငါတို့ မင်းတို့ စောင့်နေတဲ့
ငါတို့ခေတ် မဟုတ်လား။ ။
လင်းခါး
No comments:
Post a Comment