Wednesday, February 20, 2013

ကောင်းကင်နှင့်မြေကြီးသည်

ငါတို့တွေ အေးအေးချမ်းချမ်းအိပ်နေဖို့အတွက်
တိုက်ခိုက်တွန်းလှန်နေရသူတွေ ရှိတယ်
ငါတို့တွေ နေ့လည်စာ စားမယ်
ငါတို့တွေ လမ်းလျှောက်ထွက်မယ်
ငါတို့တွေ ရေဒီယိုနားထောင်မယ်
ငါတို့တွေ မီရှဲယိုး၊ ရမ်ဘို၊ တွမ်ဟင့်၊ ဂျော့ကလူးနီ ဇာတ်ကားတွေကြည့်မယ်
ငါတို့တွေ နှင်းဆီပန်းတွေခူး ဘုရားမှာလှူမယ်
လူဖြစ်ရတာ ကျေနပ်စရာ၊ ငြိမ်သက်တယ်၊
လောကုတ္တရာတရားတွေ အားထုတ်နိုင်တယ်။

သူတို့တွေ အသက်ကြီးကြီးလှပြီ မမောနိုင်ဘူး
သူတို့တွေ အကျဉ်းကျလို့
သူတို့တွေ သားတကွဲ မယားတကွဲ
သူတို့တွေ ထမင်းမျိုဖို့ ခဲယဉ်းနေတယ်
သူတို့တွေ ဂျာနယ်အစုတ်တွေဖတ်ရ၊ ရေဒီယို ခိုးနားထောင်ခဲ့ရ။
သူတို့တွေ
လေကောင်းလေသန့်တွေရှူရင်း
မိတ်ဆွေတွေနဲ့ စကားထိုင်ပြောရသတဲ့ အိပ်မက်ထဲမှာ။
လူဖြစ်ရတာ တန်ဖိုးရှိတယ်၊ အဖိနှိပ်ခံတယ်၊ ပွက်လောရိုက်တယ်
လောကီရေးရာ အဓိပ္ပါယ်ရှိမှုကို ဖ၀ါးခြေထပ်နင်းလို့။

ငါတို့တွေနဲ့ သူတို့တွေကြားမှာ
ယုံကြည်လေးစားမှုနဲ့ ပေါင်းကူးတယ်
အားကိုးအလေးထားမှုနဲ့ ဆက်သွယ်တယ်
သူတို့တွေက ငါတို့တွေကို ကိုယ်စားပြုခဲ့တယ်
ငါတို့က သူတို့အတွက် စိန္တေမြတ်ထံ ဆုတွေပန်တယ်
ငါတို့က သူတို့အတွက် ဘုရားကုန်းပေါ် တအားကုန်းအော်ခဲ့တယ်
သူရဲကောင်းဆို အားကျတဲ့စိတ် ငါတို့မှာ ရှိတာကိုး
ငါတို့တွေဟာ သူတို့တွေလို ဖြစ်ရင်ကောင်းမှာပဲ ။       ။

လင်းခါး
၁၈-၂-၂၀၁၃ နေ့ထုတ် ဒီလှိုင်းစာစောင်မှ

No comments:

Post a Comment