Saturday, February 16, 2013

ရှင်နဲ့ကျွန်မ

ရှင်နဲ့ ကျွန်မ

ရှင်နဲ့ကျွန်မ
တစ်ယောက်ကို တစ်ယောက်ကြည့်
အသက်ရှူပုံချင်းညှိပြီး
လွတ်လွတ်လပ်လပ်ရယ်မောရမယ်ဆိုရင်
သံသရာဝဋ်ဒုက္ခအပေါင်းက လွတ်မြောက်ရချည်ရဲ့။

ရှင်နဲ့ကျွန်မအကြား
ကျွန်မ ဆံပင်ပါးပါးသာ ခြားမယ်ထင်ရတဲ့ အရှုပ်အထုပ်ကိစ္စလေး
ကမ္ဘာချင်းခြားတဲ့အခါ
အဖျားတွေ တဒီးဒီးတက်နေလည်း
ကြွေနေတဲ့ သစ်ရွက်ဟာ ပြန်လည်ချိတ်ဆက်လို့ မရကောင်းဘူးရှင်ရယ်
စိထားတဲ့ နှုတ်ခမ်းတွေအောက်မှာ
သွားကြားက တိုးထွက်နေတဲ့ ၀ါကျတွေဟာ
ဒါပြီးဒါ သိနေမယ့် ပဒေသာတွေလား
အထူးအဆန်းရှိနေသေးလား။

မဖြစ်နိုင်ပါဘူးလေဆိုပြီး
ဆွေးမြည့်နေပြီဖြစ်တဲ့ ဆွေးမြည့်ခွဲခွာခဲ့ရခြင်း
ဝေးသွားတာနဲ့အမျှ
ရှင်နဲ့ကျွန်မ အစက်အပြောက်လေးတွေမျှသာ။

ကျွန်မတို့ရဲ့ နာရီပိုင်းအတွေ့လေးတွေဟာ
နွေအခါ အခေါက်ခွာခံရတဲ့ ပင်စည်အကွက်တွေပေါ်မှာ
မိုးအခါ မိုးစက်တစ်စက်ချင်းစီရဲ့ ကိုယ်ထည်မှာ
ဆောင်းအခါ နှင်းခိုးရိုက်နေတဲ့ မှန်ပြတင်းတွေပေါ်မှာ
ဆိုလိုတာကတော့
ရှင့်လို တိမ်စတိမ်မွှားလေးဆီက
ကြက်သီးအဖုအထစ်လေးတွေ အရသာခံစားမှု
ခံစား ရရှိခဲ့တယ်ဆိုတာ။

ရှင်ဟာ  စုဆောင်းထားရှိစရာ ချိုင့်ခွက်ကလေးတစ်ခုမှမရှိတဲ့
အလေနတော ငှက်တစ်ကောင်
နှိုက်နှိုက်ချွတ်ချွတ် ချစ်တတ်တဲ့ မစေ့စပ်မသေချာသူ
ရှင့်ဦးနှောက်ထဲမှာ ကျွန်မအပြင်
သွေးလန့်စရာ တစ်ခုမှ နောက်ထပ် ထပ်မရှိတော့တာ
ရှင့်ရဲ့ ကောင်းမှုစေတနာ။

ကျွန်မ ပုခုံးကို လှုပ်ယမ်းပြီး
ဘာကြောင့် မနာကျည်းနိုင်ရတာလဲ ရှင်ရယ် .....။
လူသွားလမ်းတွေပေါ်မှာ
သေသည်အထိ လွင့်ပြယ်နေတော့မယ့် ဖုန်မှုန့်လေးတွေလို
ရှင် ခေါင်းငိုက်စိုက်ကျနေပုံ
ရှင့်အခန်းကို နားစွင့်မိတိုင်း
ရှင့်ရဲ့ စီးကရက် ဖွာရှိုက်နေပုံ ငိုကြွေးရင်း ရှိုက်နေပုံ
မိန်းမဆိုတာကို ဘာပန်းနဲ့ အလဲအထပ်ရိုက်ရမယ် မသိ
ရှင့်ကို ကျွန်မ ချစ်မရ ခံစားလို့မရတော့တဲ့ နောက်ပိုင်းမှာ
ရှင်ဟာ စကြာဝဠာကြီးလောက် ကြေကွဲရင်း
ကျွန်မရှေ့ မျက်ရည်လေးတစ်စက်နှစ်စက်လောက် ကျပြရမှာကို
သေမလောက် တွန့်တိုနေတယ်
ကျွန်မ စိတ်ပြောင်းလာနိုင်အောင် ရှင့်ရဲ့ မျက်ရည်တွေက
အလုပ်မလုပ်ချင်တော့ဘူးလား။

ရှင့်အနားမှာ အမြဲမီးတောက်
လရောင်နဲ့ ပြောနေကျ
ဒီထက် ဒီထက် ပိုပေါ်လွင်နေသေးတဲ့အကြောင်း
အခန်းကျဉ်းထဲမှာ ညနဲ့ရှင်
ကျွန်မကို မီးထွန်းထားရတဲ့အကြောင်း၊
ဖြာခနဲ လက်ခနဲ ရှင့်မျက်ရည်လား ကျွန်မအပြုံးလား
ရှင်မကွဲပြားတော့တဲ့အကြောင်း
စသည်ဖြင့်ပေါ့လေ။
လုပ်ပြီး လှုပ်ရယ်မနေပါနဲ့ ရှင်ရယ်
အချစ်က ဘယ်လိုသာယာကြောင်း နာပျော်ဖွယ်ရှိကြောင်း
အချစ်ကဗျာတွေ ရှင် လုပ်ရေးနေတယ်ပေါ့။

စိမ်းဖန့်နေတဲ့ ကျွန်မရဲ့ ရှင့်အပေါ် စိမ်းကားရက်စက်မှု
အစိမ်းရောင်စစ်စစ်တွေ
အလှည့်ကျ အဝေခံရတဲ့ ဖဲတစ်ချပ်လို
ရှင် ရနေတယ်ပေါ့။

မျက်ရည်လေး တစ်စက်နှစ်စက်လောက် ကျပြရမှာ
ရှင့်အတွက် ၀န်လေးနေရင်
တော်ပါပြီ ရှင်ရယ်
ရှင်နဲ့ ကျွန်မတို့ရဲ့ နှလုံးသားတွေတောင် အံ့သြပြီးသေသွားနိုင်တဲ့
အဖြစ်မျိုး ဒီကမ္ဘာ
ပြီးတော့ နောက်တစ်ကမ္ဘာ
အနေရခက်သလောက် မျက်ရည်ကျလွယ်ပေါ့၊
မျက်ရည်ကျလွယ်သလောက် အရှိုက်ရခက်ပြန်ပေါ့။

အပူအပင်မရှိတော့ဘူးတဲ့
ရှင်ရဲ့ မျက်နှာ အနွမ်းကြီးနဲ့
ရှင်က တွေ့သမျှလူကို ပြောပြနေတိုင်း
ကျွန်မက ရှင့်အတွက် ပူရတယ်။
ဒုက္ခပါပဲရှင်ရယ် ရှင့်ရဲ့ မပီပြင်တဲ့ ဟန်ဆောင်မှုနဲ့ပဲ
ကျွန်မကို ပြန်ရအောင်  မျှားကြည့်ပါလား
ကျွန်မ ရှင်ရှိရာကို
ဖက်တွယ်တက်ပြီး လာရသည်ဖြစ်စေ
ခုန်ဆင်းမှုမျိုးနဲ့ လာရသည်ပဲ ဖြစ်စေ
ကျွန်မ လာမှာ ......
ကျွန်မစိတ်တွေ မသိဘဲ
ကျွန်မအသွေးအသားတွေ သိနေတယ် ။       ။

လင်းခါး
စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှုကဗျာများ-စာအုပ်မှာ

No comments:

Post a Comment