Monday, February 11, 2013

အရူးနေကောင်းလာတော့

အဖြစ်အပျက်တွေက မြန်ပြီး
ငါတို့က နှေးနှေး
ရေထဲက တိုးထွက်လာတဲ့ ကြာပန်းခိုင်ကြီးတွေ
ခရမ်းဗေဒါ ပန်းဗေဒါ တွေ
ပေါလောမျောနေတဲ့ အပုပ်အပွ ဥတုဇရုပ်တွေ။
အဖြစ်အပျက်တွေက ဒီထက်ပိုမြန်နေပြီး
ငါတို့က ဒီထက် ပိုနှေးနေတော့
သမိုင်းတစ်ခေတ်မှာများ ကျန်ခဲ့တော့မလား
တွေးပူရအောင်
အဖြစ်အပျက်တွေက ရောထွေး မြန်ဆန်နေပါပေါ့။
လောကပါလတရားနည်းနည်း
ကိုယ့်တရားကိုယ်ဖျက် မသတီစရာများများ
မုသားကိုတော့ ငါမဆိုနည်းနည်း
ဗလွှတ်ရွှတ်တ တွေ့ကရာပြော များများ
ဘယ်ဟာများပြီး ဘယ်ဟာ နည်းနေတယ် ပြောရမှာနည်းနည်း
ဘာမှမကောင်းဘူးကို အခြေခံထားတာတွေက များများဆိုတော့
ငါတို့လည်း ထပြေးရတော့မှာလိုလို
ငါတို့လည်း စေ့စပ်ညှိနှိုင်းရမှာလိုလို
ငါတို့လည်း တော်လှန်ပုန်ကန်ရတော့မှာလိုလို
ငါတို့လည်း ဟိုလိုလို ဒီလိုလို ရတော့မှာလိုလို
အရူးနေကောင်းလာတဲ့နောက်တော့
ဆုံးဖြတ်ဖို့ခက်တဲ့ အဖြစ်အပျက်မြန်မြန်တွေပဲ။ ။

လင်းခါး
9-5-2012

No comments:

Post a Comment