ကျောက်ဆည် (ဆို ဘာကိုမြင်မလဲ)
ကျောက်ဆည် (ဆို ဘာကို မြင်မလဲ)
နှစ်ပေါင်းများစွာ ဆွံ့အခဲ့ပြီး စကားပြန်ပြောလာတဲ့ လူလိုပဲ
ကျောက်ဆည်ဟာ တက်ကြွလာတယ်
ဘယ်တော့မှ ဖွင့်မပြောဘဲထားတဲ့ မြုံနေတဲ့ အနာတွေနဲ့
ဘယ်သူမှ မသိခဲ့တဲ့ လက်သီးပုန်းအနှက်ခံရမှုတွေနဲ့
ကျောက်ဆည်ဟာ
အသက်ဝင်လာလာခြင်း လူပျိုပေါက်ပြန်ဖြစ်ခဲ့ပြီ။
ကျောက်ဆည်က ကိန်းခန်းကြီးတယ်
ထောင်လွှားတယ်
မင်းနော်ရထာတွေ၊ မြင်စိုင်းတွေနဲ့
အသံလှုပ်တယ်၊ အဆံခတ်တယ်၊
အရသာက
ဆေးစပ် နည်းနည်းပြင်းပြီး
ရေပေါ်ဆီ နည်းနည်း ထွေးခဲ့တယ်။
တစ်ချိန်က စပါးကျီ
တစ်ချိန်က အာဏာရှင်
တစ်ချိန်က ဘုရင်
တစ်ချိန်က ဥာတကာနဉ္စတွေနဲ့
ကျောက်ဆည်ရဲ့ အိပ်မက်ဟာ
ကုပ်ပေါ်က လက်သည်းခြစ်ရာတွေနဲ့ပါလား။
ကျောက်ဆည်ရဲ့ ရင်ဝမှာ မြစ်တန်းလန်းနဲ့
ကျောက်ဆည်ရဲ့ ပုခုံးပေါ်မှာ တောင်တန်းတွေနဲ့
ကျောက်ဆည်ရဲ့ နှလုံးသားထဲမှာ
ပန်းများခင်းတဲ့ စံရာမြေ
ယမ်းအားပြင်းတဲ့ ဒဏ်ရာတွေဆိုတဲ့
ကာရံတွေနဲ့ပါလား။
ကျောက်ဆည်ဆည်ဟာ လျှို့ဝှက်တယ်
ပွင့်လင်းတယ်၊ အငြိုးအတေးကြီးတယ်
ဆန့်ကျင်ဘက်အပြုအမူတွေ တစ်ချိန်တည်းကိန်းအောင်းနေတယ်
တစ်ခါတလေ အချောင်နှိုက်တယ်
ဒါပေမယ့် ကျောက်ဆည်ဟာ
ရိုးသားတယ်လို့ ကောက်ချက်ချရမယ်
သူ့အမှားကို သူသိသလို ရိုးရိုးသားသားတိတ်ဆိတ်ခဲ့တဲ့ ကျောက်ဆည်။
ကျောက်ဆည်အကြောင်းပြောရင်
ချစ်စရာ ဆင်အကပါမယ်
အေးချမ်းစရာ ဇော်ဂျီမြစ်ပါမယ်
ဟိုငနဲတွေလည်း ပါရမယ်ပေါ့။
ကျွန်တော်မရေးချင်တဲ့ ကဗျာဟာ ကျောက်ဆည်ပဲ
ကျောက်ဆည်မှာနေရင်း ကျောက်ဆည်နဲ့ စိမ်းခဲ့ပေါ့
ကျောက်ဆည်မှာနေရင်း ကျောက်ဆည်နဲ့ ဝေးခဲ့ပေါ့၊ ဒါပေမယ့်
ကျောက်ဆည်ဟာ ကျွန်တော်က စပြောရမယ့် မေတ္တာစကားပါပဲ။ ။
လင်းခါး
၇-၃-၂၀၁၂
No comments:
Post a Comment