Friday, June 28, 2013

ကမ္ဘာသူ ကမ္ဘာသား D

*** ကမ္ဘာသူ ကမ္ဘာသား D ***

ပန်းချီခန်းထဲ ထိုင်နေလည်း

စာရေးစားပွဲမှာ ဝါကျတွေခြစ်နေလည်း

တယောလက်သံစမ်း မှိန်းနေလည်း

စစ်ကြီးဖြစ်တဲ့အခါ

အမြောက်ဆံဟာ ကိုယ့်ကိုယ်သိနေတယ်

တော်မီဂန်းက ကိုယ့်ကိုမှတ်မိနေတယ်

အနုပညာနဲ့ တစ်ဦးချင်းကို တွေးမိ ဆမိပေမယ့်

အများအရေးမှာ ဓါးသွေးဖို့ မတွေးမိ

ဝါကျဟာ ခုန်ဆင်းလာတယ်

အရုပ်တွေ အဆောက်အဦတွေ တောင်ကုန်းတွေဟာ

စီးဆင်းလာတယ်

တီးကွက် အသစ် အကွန့်အညွန့် ဂီတဟာ

လှိုင်းပုတ်လာတယ်။

မြင်ရရဲ့လား ခင်ဗျာ

အနုပညာဆိုတဲ့ကောင်

အနုနည်းနဲ့ အာဏာသိမ်းဖို့

မှိန်းနေလေပြီ။ ။

လင်းခါး

ကမ္ဘာသူ ကမ္ဘာသား E

*** ကမ္ဘာသူ ကမ္ဘာသား E ***

မင်ဒဲလား အခြေအနေမကောင်းဘူးဆိုတော့
မျက်ရည်ဝဲ။ စိုးရိမ်။ နားစွင့်။
ကဒါဖီ သေပြီ ဆိုတုန်းက
ကျေနပ်။ ပျော်ရွှင်။
တို့ဆီကကောင်ကြီးကော ဘယ်လိုလဲတွေးတယ်။
ကင်ဂျုံအီတုန်းကလည်း ဒီလိုပေါ့။
မာဂရက်သက်ချာကျတော့
သက်ပြင်းချတယ်။ တွေဝေတယ်။
နည်းနည်း
ဆုတောင်းပေးပါတယ်။
ချာဗက်တုန်းကလည်း ဒီလိုပါပဲ
ထပြန်ရမှာလိုလို ဆက်ထိုင်နေရမှာလိုလို
မျဉ်းပါးပါးမှာ ရပ်လို့။
အာဆတ်တစ်ကောင်ကျန်သေးတယ်
အမာဒီနီဂျက်တော့ လစ်ပြီ
ဒါပေမယ့် အယာတိုလာတွေက ဆက်နေဦးမှာ။
လီနင်သေတော့
လူတွေ ငိုကြသေးတယ်။
စတာလင်သေတော့ တချို့က လက်ခုပ်တီး
တချို့ကလည်း တွေဝေပေါ့။
တို့ဟာ ဘယ်တော့မှနောက်မကျပါဘူး
အသင့်ဖြစ်နေတယ်
အင်တာနေရှင်နယ် သီချင်းဆိုလည်း
လာထား
ချိုးငှက်တွေဆိုတော့လည်း
လက်ဖျားတွေနီလာအောင် လက်ခုပ်တီးကြ။
ဘယ်သူမှ ရှုံးမယ့်မြင်းကို မလောင်းချင်ဘူး
ဘယ်သူမှ ဘုရားသခင်နဲ့ ကြွေအန်မကစားဘူး
ဒိန်ခဲလား ပေါင်မုန့်လား အာလူးလား စပါးလား
ခေတ်တွေ အခေါ်အဝေါ်တွေသာ ပြောင်းသွားတယ်
စိတ်ထိခိုက်စရာ ပျော်စရာတွေဟာ
ဟစ်တလာတစ်လှည့် ချာလီချက်ပလင်တစ်လှည့်
တို့လည်း ငတ်တစ်လှည့် ပြတ်တစ်လှည့်
ပေတစ်လှည့် တူတစ်လှည့်
ငိုငိုရီရီ မျက်ရည်ကျရတာချည်းပါပဲ။ ။

လင်းခါး
၂၈-၆-၂၀၁၃

သက်ပြင်း

၂၀၀၃ မှာ ကျောက်ဆည်ကို ကျနော်ပြောင်းလာတော့ ကျနော်တို့အိမ်ရဲ့ မျက်နှာချင်းဆိုင်က မိသားစုဟာ တစ်အိမ်လုံး ဈေးသည်တွေချည်းပဲ။ အဲဒီမိသားစုရဲ့ ခေါင်းဆောင် အဘိုးကြီးနာမည်က ရန်အေး လာ ဘာလား မသိတော့ပါဘူး။ ကျနော်မရောက်ခင် နှစ်ပေါင်းများစွာ ကတည်းက ရေခဲချောင်းရောင်းပါတယ်။ ဒီနေ့ ၂၀၁၃ အထိ လည်း ရောင်းတုန်း။ နွေလည်းရောင်း၊ မိုးလည်းရောင်း၊ ဆောင်းလည်းရောင်းတာပဲ။ အခု အဲဒီအဘိုးကြီး အသက် ၇၀ ဆယ်ကျော်ပြီ။ အခုချိန်ထိ ဟီးရိုး ဘီးအစုတ်ကြီးနဲ့ ခေါင်းလောင်းအသေးစားလေးကို အသံပေးပြီး သွားနေတုန်း ရောင်းနေတုန်းပါပဲ။
သူ့မျက်နှာကို ကြည့်မိရင်လည်း အမြဲတမ်း မှုန်မှိုင်းပြီး ပြိုတော့မယ့် မိုးလို။ ငိုတောမယ့် မျက်နှာနဲ့ ရိုးသားတဲ့ ဗမာကြီးတစ်ယောက်ရဲ့ မျက်လုံးမျိုး၊ မေးရိုးကြီးမျိုးနဲ့ပါ။
အသက် ၇၀ ကျော်တဲ့အထိ မနက်ခင်း လက်ဖက်ရည်ဆိုင်ကို ကားနဲ့လာ နိုင်ငံရေးလိုလို ကမ္ဘာရေးလိုလို၊ ငြင်းခုန် ၂၀ ၂၁ အရွယ် အပျို မလေးတွေရဲ့ တင်ပါးကို လိုက်ကြည့်၊ စစ်အတွင်း လူဖြစ်လာရသူတွေလို သက်ပြင်းတွေ အခါခါချ။
အဲဒီလို အဘိုးကြီးတွေလည်း မြင်နေရတာပါပဲ။
ကျနော်တို့ ကမ္ဘာဟာ တစ်ဖက်စောင်းနင်းကမ္ဘာပါ။
ကျနော်ရဲ့ လူငယ်ဘ၀ လူငယ်အရွယ်ဟာ။ ထန်းလျက်ပြလို့ လိုက်ရတဲ့ လမ်းဘေးခွေးတစ်ကောင်လို လိုက်ခဲ့ရတာပါ။ လူငယ်ဘ၀ဆိုတာ ဘာမှန်းတောင် မသိလိုက်ရပါဘူး။ မျက်နှာကလည်း လူငယ်တစ်ယောက်လို မာန်မျိုး မထားခဲ့ရလိုက်ပါဘူး။
ဆိုခဲ့ရတဲ့ သီချင်းကလည်း အလျှော့ပေးလိုက်တော့မယ်ကွာ ဆိုတဲ့ စာသားမျိုးနဲ့ပါ။
ဒီလို လူငယ်တစ်ယောက်အနေနဲ့ တချို့လူငယ်တွေရဲ့ ဖြတ်သန်းမှုကို အားကျမိပေမယ့် ကိုယ့်ဖြတ်သန်းမှုကိုယ်လည်း အလွန်အမင်းကို မြတ်နိုးနေမိပါတယ်။ ဒါပဲကွာ ဘ၀ဆိုတာ လို့ မေးရိုးတွေ တင်းထောင်ပြီး တစ်ယောက်ထဲ ပြန်ပြန် ပြောနေတတ်ပါတယ်။
ကမ္ဘာကြီးကိုလည်း မမုန်းပါဘူး။ ဆိုပေမယ့် ကိုယ်က ပြန်တွန်းလှန်တယ်။ ပတ်ဝန်းကျင်ကို ရတဲ့နည်းနဲ့ တစ်စင်မီတာရွေ့ရွေ့ တွန်းတယ်။ အမြဲတမ်း လှုပ်ရှားနေတယ်။ အသင့်ဖြစ်နေတယ်။ အမှန်တရားအတွက် နှုတ်သီးကလည်း ကောင်းတုန်း။
ပြန်မလှန်နိုင်တဲ့ လူတွေကိုတော့ ဒီလောက်ကြီးအထိ မရက်စက်သင့်ဘူးလို့ ကမ္ဘာကြီးကို လူတစ်ယောက်လိုလို သွားသွားအော်ချင်နေတယ်။
ရေခဲချောင်းရောင်းနေတဲ့ အဘိုးကြီးဟာ တကယ်ဆို သူ့ကိုယ်သူတောင် ပြန်မသယ်သင့်တော့တဲ့ အရွယ်ပါ။ ဟီးရိုးဘီးအစုတ်ကြီးနဲ့ ကလင် ကလင် ခေါင်းလောင်းအသေးလေးနဲ့ စက်ဘီးနောက်က ကယ်ရီခုံမှာ ရေခဲပုံး အစုတ်ဆိုမှ အစုတ်အပြတ်ကြီးနဲ့ သူ့ဆီက ၀ယ်စားမယ့် ကလေးတွေကို သူ့ရဲ့ ဟန်ပန်က ပြန်မောင်းထုတ်နေသလိုတောင် ရှိပါတယ်။

အားလုံးကောင်းပါသည် ဆိုသူများခင်ဗျာ ....
ခင်ဗျားတို့ မနက်ခင်း အိပ်ရာက နိုးထတဲ့အခါ မျက်နှာသစ်ပြီး ကော်ဖီသောက်သောက် မျက်နှာမသစ်ဘဲ ကော်ဖီသောက်သောက် ခင်ဗျားတို့ ရှေ့မှာ ငှက်ကလေးတွေက ချစ်စရာ ထပျံ။ ခင်ဗျားတို့ ရှေ့မှာ နေမင်းကြီးက အားအင်တွေပေး။ ခင်ဗျားတို့ ဥယျာဉ်ထဲမှာ ပန်းတွေပွင့်။ ခင်ဗျား သားက ဂုဏ်ထူး ခြောက်ဘာသာနဲ့ အောင်ခဲ့ပြီး ဆရာဝန်ကြီးဖြစ်၊ ခင်ဗျား မြေက ခု ဂုဏ်ထူး ငါးဘာသာနဲ့ အင်ဂျင်နီယာကြီးလုပ်။ နိုင်ငံခြားတွေသား။ ခင်ဗျားသမီးကလည်း သူဌေးသားနဲ့ညား ခင်ဗျား မြစ်လေး မြေလေး က သိပ်ချစ်စရာကောင်းတာပဲ တီတီတာတာ
ခင်ဗျားမိန်းမကလည်း လှတုန်း၊ ခင်ဗျားကုမ္မဏီကြီးကလည်း အမြတ်တွေ သဲ့ယူနေရ။
ခင်ဗျားမကြိုက်တော့ ကားကလည်း ရောင်းထွက်။ အခုကားသစ်တစီးကလည်း ဘယ်လောက်မှ မပေးရဘဲ ရလိုက်။
ခင်ဗျား အားပေးတဲ့ ဘောလုံးအသင်းကလည်း ထာဝရချန်ပီယံ။

ရေခဲချောင်းသည် အဘိုးကြီးများ၊ ဘာကိုမြင်မြင် ဘာတွေလဲလို့ ကြောင်ကြည့်နေတဲ့ ကလေးတွေ။ တစ်သက်လုံး ထွန်ယက်လာတဲ့ လယ်တွေကို ကြည့်ပြီး ဘာလုပ်ရမယ်မှန်း မသိတော့တဲ့ လယ်သမားတွေ။ လက်ချောင်းတွေ တိုနေပြီး ခြေထောက်တွေကလည်း ကောင်းကောင်းလျှောက်လို့မရတော့တဲ့ သူတောင်းစားတွေတွေ့ရင်
သက်ပြင်းတော့ ချ ဦး မှ ပေါ့ ဗျာ။

လင်းခါး

Wednesday, June 26, 2013

မေမေ

*** မေမေ ***

သား မေမေ မေမေနဲ့ ခေါ်ရတဲ့ မေမေ

တကယ်တော့ ကျနော် အမေ့ကို အမေလို့ပဲခေါ်တာပါ။

ဒါပေမယ့် ခုတော့ မေမေပေါ့ မေမေရယ်

မေမေလို့သာ ခေါ်တာပါ မေမေရယ်

တစ်မြို့တည်းနေပြီး တစ်ပတ်တစ်ခေါက်တောင်

မေမေ့ဆီသား မရောက်ပါဘူး မေမေရယ်

မေမေ့သားက

တစ်ခါတလေတော့လည်း

ခါးမသန် တောင်ဖြိုဖို့ကြံချင်

မေမေ့သားက အားမတန်

ဟန်ကိုယ်ဖို့ကျန်ချင်သူပေါ့။

မေမေ့သားဟာလေ

ရွာတွေအခေါ်တော့ ခေတ်ပညာတတ်ကြီးပေါ့

မေမေရယ်

မေမေ့သား ဘာမှမတတ်တာ မေမေ့သား

သိတာပေါ့။

မေမေ့ကိုတော့ ချစ်တာပေါ့ မေမေရယ်

ဒါပေမယ့် မေမေရယ်

မေမေ့သား ဘယ်တော့မှ မနိုင်ပါဘူး

မေမေသား ရေးတဲ့ ကဗျာစာသားလို

မေမေ့သား ကျနော်ဟာ

အေးချမ်းတဲ့ လမ်းဘေးအုတ်ခုံလေး

ဖြစ်ချင်တာပါ

သစ်ရွက်ခြောက်လေးလို လွင့်နေချင်တာပါ

မေမေ့သားက အဲဒီလောက်ပါပဲ

မေမေ့သားက အဲဒီထက် မပိုပါဘူး

တစ်နေ့ လူသိန်းသောင်းချီတဲ့ စင်မြင့်ရှေ့မှာ

မဟောပြော မစည်းရုံးရရင်နေပါ

ပရိသတ်သိန်းချီ စင်မြင့်အောက်မှာ

ဒူးတုပ် ငိုမနေရရင်ပဲ တော်ပါပြီ မေမေရယ်။

မေမေ့ကို သားချစ်ပါတယ်။

သားချစ်တဲ့ မေမေ နွေအခါ အေးလို့

ဆောင်းအခါ နွေးပါစေ

မေမေရေ

ဆုတောင်းတာတော့

သားမှာလည်း ခွဲတမ်းရှိတာပေါ့ မေမေရယ်။

သား နာနာ ဆုတောင်းပါတယ်။

ပျော်ပျော်နေပါ မေမေ။

ပျော်ပါစေ မေမေ ....... ။ ။

လင်းခါး

ကမ္ဘာသူ ကမ္ဘာသား ခ

*** ကမ္ဘာသူ ကမ္ဘ္ဘာသား B ***

တွတ်ဆီ ဟူတူ

လူရှစ်သိန်းလောက်သေသတတ်။

ဟစ်တလာ

ဂျူး ချည်းသက်သက် ခြောက်သန်း။

ဒုတိယကမ္ဘာစစ်

သန်း ၆၀-၇၀ ကြားသေ။

နာဂစ်

၁၂၀၀၀၀ နဲ့ အထက်။

ဒို့လည်း သေမှာ

ဒို့လည်း သေရမှာ

ငြိမ်းငြိမ်းချမ်းချမ်း သေချင်တာပါ။ ။

လင်းခါး

စိတ်ကူးယဉ်နေတဲ့ မြို့ကြီး

***** စိတ်ကူးယဉ်နေတဲ့ မြို့ ကြီး *****

စိတ်ကူးယဉ်နေတဲ့ မြို့ကြီးထဲက

စိတ်ကူးယဉ်နေတဲ့ လမ်းသွယ်တွေ

အတင်းတုပ်နေတဲ့ အဘွားကြီးတွေ

လက်သီးလက်မောင်းတန်း လူငယ်တွေ

ငှက်ကလေးတွေဟာ သစ်ကိုင်းတွေပေါ်ကနေ

သစ်ရွက်ပေါ် သစ်ရွက်ပေါ်ကနေ မြေကြီး

မြေကြီးပေါ်ကနေ တစ်ခါ သစ်ပင်ပေါ်

ကလေးတွေက နောက်ဖေးလမ်းကြားမှာ ပြေးလွှား

အော်ဟစ်

အိမ်ရှင်မတွေအိတ်ထဲမှာ ငွေကနည်းနေပြီ

သူတို့ မီးခိုးတွေကြားကနေ နောက်ဖေးက ကလေးတွေကို

လှမ်းဟန့်တယ်။

လက်ဖက်ရည်ဆိုင်ဘေးက ဗာဒံပင်အောက်မှာ

ပင်စင်စားများ ကျားပွဲ

ဆိုက်ကားဆရာတွေက ကျီးမော့/မော

လက်ဖက်ရည်ဆိုင် ကောင်တာနောက်မှာ

မေးစေ့က အမွေးကျဲကို နှုတ်ခမ်းစူလျက်

စွဲနှုတ်နေတဲ့ ငိုက်မျဉ်းလူတစ်ယောက်

အလင်းပြန်နေတဲ့ နေ့လည်ခင်း

လမ်းဘေး အပေါ့စွန့်တာနဲ့ ပြည့်နေ ပိတ်နေတဲ့ မြောင်းတွေ

ပလက်ဖောင်းထောင့်မှာ ကျွတ်ကျွတ်အိတ်

ကော်ဖီမစ်ထုပ်အခွံ နေကြာစေ့ အခွံ ချဉ်ပေါင်းဖတ်ဟောင်းတွေ

ပလက်ဖောင်းဘေး ကပ်ရပ် ပြတင်းပေါက်ဘောင်မှာ

မေးတင်နေတဲ့ အပျိုကလေးနှစ်ယောက်

ပြီးခဲ့တဲ့ ညနေက ကြည့်ခဲ့တဲ့ ရုပ်ရှင်နဲ့

ခုလေးတင်ပြီးသွားတဲ့

ကိုရီးယားဇာတ်လမ်းတွဲ အပိုင်း(၁၄၇)အကြောင်း

ည ဂစ်တာလာတီး/ဆိုဦးမယ် ပန့်ကေ ဘောင်းဘီဖင်ကျပ်နဲ့

ကောင်လေးအကြောင်း

အီမိုစတိုင် နဲ့ ဖွေးသန့်ချော ချာတိတ်အကြောင်းလည်းပါ

အပေါ်ထပ်မှာ သူတို့ အစ်ကိုကြီး

ပါရီကျဆုံးခန်း ဖတ်နေတယ်။

သူ အပြင်ကို ကြည့်လိုက်တော့

အမှိုက်ပုံထဲမှာ တိုးဝှေ့နေတဲ့ မြီးကုပ်ခွေးတစ်ကောင်နဲ့

ညစ်ထေးနွမ်းဖတ် စုပ်ချွန်း ကလေးတစ်ယောက်

ပါရီကျဆုံးခန်းကိုပိတ် သက်ပြင်းချတယ်။

အိမ်စေမိန်းမကြီး ဖြတ်သွားတယ်

လမ်းပူပေါ်

သက်ပြင်းချတယ်။

ဂျာနယ်တွေ ဆိုင်ကယ်နဲ့ လိုက်ပို့သူကို

ခွေးက ဟောင်တယ်။

လူနာတင်ကားဟာ ငှက်ဆိုးသံကို ဟွန်းတပ်ထားပြီး

မြို့ကို သတိပေးသလိုလို

အိတ်ဇော မပါဘဲ ဂီယာဖရီးချ

လီဗာခပ်ပြင်းပြင်းပုတ်သွားတဲ့ ဆိုင်ကယ်တစ်စီး

ရထားလာတယ် သံလမ်းကိုပိတ်တယ်

ဆိုင်ကယ်သမားက ပိုပြီး ချိုကြွ

ပိုပြီး လီဗာကိုဖြဲ

မော်တော်ပီကယ် လန့်နိုးတော့ ငြိမ်သွားတယ်။

ရဲကားပြာကြီး ဖြတ်သွားတယ်

အပေါက်တွေကြားက သံတိုင်ကိုင်လက်တွေ

အရူးတစ်ယောက် လမ်းဆုံမှာရပ်

တစ်ကိုယ်လုံး ချွတ်ချလိုက်တယ်

ဟယ် ..... ကောင်မလေးတွေ သွေးပျက်သွားတယ်

အရူးက အော်တယ်

"မင်းတို့ ရူးနေကြပြီကွ " တဲ့။

လူတွေဟာ အရူးကို လှမ်းကြည့်တော့

ရူးနေမှန်းသိတော့ စိတ်မဝင်စားဘူး

ပြတင်းဘောင်က ချာတိတ်မလေးတွေက

ပိတ်ထားတဲ့ လက်ချောင်းတွေကြားက

ပြန်ငေးတယ်

စိတ်ကူးယဉ်နေတဲ့ မြို့ကြီး

ဘယ်သူကမှ တားဆီးမထားဘူး။ ။

လင်းခါး
၂၅-၆-၂၀၁၃

Thursday, June 20, 2013

ကဗျာနှင့်ပတ်သက်လို့

ကဗျာဆရာ ကဗျာကို ပိုင်တယ်ဆိုတာ။ ဒရိုင်ဘာ ကားကို ပိုင်တယ်လို့ ပြောသလိုပဲ။ သူက ကားပဲ မောင်းရတာ။ ဒီကားကို ညာဘက် ချိုးကွေ့မှာလား ဘယ်ဘက်ချိုးကွေ့မှာ နောက်လှည့်မှာလား ရပ်ပစ်မှာလား ဒရိုင်ဘာလုပ်လို့ရတယ်။ အဲဒါကလည်း ကားရဲ့ ကျန်းမာရေးကောင်းနေတဲ့ အချိန်ပေါ့။ ဘရိတ်မပေါက်ရဘူး။ အင်ဂျင်ကျနေရင် နင်းသလောက် မသွားဘူး ဆိုတာတွေ ရှိသေးတယ်။ ကဗျာကို လူ့အဖွဲ့အစည်းက ပိုင်တယ်။ အဓိက အချက်ကတော့ ကဗျာဆရာတွေဟာ ဘုန်းတော်ဘွဲ့တွေရေးသားနေတာ မဟုတ်လို့ပါပဲ။ ဘုန်းတော်ဘွဲ့ဆိုရင်တော့ ကြိုက်တဲ့ခေတ် ကြိုက်တဲ့ဟန် ကြိုက်သလိုရေး အရေးခံရတဲ့ ပဒေသရာဇ် ကြိုက်ဖို့ နားလည်ဖို့ ပဲ လိုတယ်။ ပြည်သူနဲ့ မဆိုင်။ ဒါပေမယ့် ပြည်သူက တော်လှန်နေရတယ်၊ ပြည်သူက ထမင်းငတ်နေရတယ်။ ပြည်သူက မျက်ရည်တွေနဲ့။
ကဗျာဆရာတွေဟာ ဘုရားသားတော်လည်း မဟုတ်ဘူး။
လူတန်းစားတစ်ရပ်လည်း မဟုတ်ဘူး။
အထူးအဆန်းကောင်တွေလည်း မဟုတ်ဘူး။
သတ်သတ်လွတ်သမားလည်း မဟုတ်ဘူး။
ကဗျာဆရာဆိုတာ ပြည်သူကြားကလာတဲ့ ပြည်သူ့သားပါပဲ။

မယောင်ရာဆီလူး၊ လသာတုန်း ခွေးမောင်း၊ စစ်ရောက်တုန်း အိပ်ပျော်နေတာဆိုရင်တော့ ကဗျာဆရာမှမဟုတ် ဘယ်လို လူ့အဖွဲ့အစည်းက ဘယ်လိုလူကိုမဆို ခေတ်က ဒဏ်ခတ်တယ်။

လင်းခါး - အမြင်ဖြစ်သည်။

တစ်ကိုယ်ကောင်းသမားရဲ့ ထုတ်ပြန်ကြေညာချက်ခေါ် မန်နီဖက်စတို

---- တစ်ကိုယ်ကောင်းသမားရဲ့ ထုတ်ပြန်ကြေညာချက်ခေါ် မန်နီဖက်စတို ----

အထိမ်းအမှတ်နေ့တွေဆိုတာ အချိန်ဖြုန်းတာပဲ

ကမ်ပိန်းဆိုတာ အုပ်စုလိုက် ရမ်းကားတာ

တော်လှန်ရေးကာလဆိုတာ ငွေရှာကောင်းတာကလွဲ ပျော်စရာမရှိ

ခေတ်ပျက်ဆိုတာ အရှင်လတ်လတ် နတ်ပြည်ရောက်တဲ့အချိန်ကိုခေါ်တာ

တော်လှန်ရေးသမားဆိုတာ ပညာတတ်လူပျင်းတွေ

တန်းတူညီမျှမှုဆိုတာ ပေါင်မုန့်ပုံဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ပါကွာ

ငြိမ်းချမ်းရေးဟာ ကျည်ဂျမ့်ဖြစ်လို့ ပစ်မရအချိန်တွေမှာပဲ ရှိတယ်

ကျည်ဂျမ့် မဖြစ်စေလို။

အာဏာရှင်တွေကို ခင်ပွန်းကြီးဆယ်ပါးထဲ ထည့်ဖို့ကောင်းတယ်

နီုင်ငံရေးအကျဉ်းသားဆိုတာ သူ့ပုံတီရှပ်ပေါ် ရိုက်ရောင်းခွင့်ရမှ ကောင်းတယ်

အများညီရင်တော့ ကိုယ်လည်း တက်ကြွလှုပ်ရှားသူပဲ

တစ်နိုင်ငံလုံးထွက်ရင်တော့ ကိုယ်လည်း တော်လှန်ရေးသမားပေါ့

ရှေ့ဆုံးက အလံကိုင်၊ ရှေ့ဆုံးက ကြွေးကြော်သံကိုင်

သေနတ်မဖောက်သရွေ့ ရဲရဲတောက်

ခေတ်ဟာ အမှောင်ကြီးစိုးလာပြီဆိုရင် ဖယောင်းတိုင်ရောင်းစားမယ်

ဘ၀ဆိုတာ တိုတိုလေး

စည်းစိမ်ယစ်မူးအနာမခံ အသာစံ ပျော်ပျော်ကြီးနေဖို့သာ တန်တယ်။     ။

လင်းခါး
21-6-2013

၈၈၈၈

**** ၈၈၈၈ ****

၈၈၈၈ တုန်းက ကျနော် ၂ နှစ်သား

၈၈၈၈ တုန်းက ကလေးဆိုတော့

ကျနော်လိုတာ မရရင် ကျနော်ငိုမိမှာပါ

ဒါပေမယ့် အကြမ်းဖက်ပစ်သတ်ခံရတဲ့သူရဲ့

မျက်ရည်လောက်တန်ဖိုး မရှိဘူး

၈၈၈၈ တုန်းက အီးအီးအဲအဲ ကျနော်ပြောတတ်လောက်ပြီပေါ့

ဒါပေမယ့်

သွေးသံရဲရဲ လမ်းပေါ်က အော်သံတွေလောက်

တန်ဖိုးမရှိပါဘူး

၈၈၈၈ တုန်းက ကျနော်ဟာ ကလေး

ကျနော်ဘာမှ မမှတ်မိပါဘူး

ဒါပေမယ့် ၈၈၈၈ ကို ကျနော်မှတ်မိတယ်

၈၈၈၈ ကို ကျနော်သတိရတယ်

မဝင်းမော်ဦးရယ်

နာမည်လေးတောင် မော်ကွန်းမထိုးရတဲ့

ကျဆုံးသူတွေရယ်ကို

ကျနော်ဘယ်တော့မှ မမေ့ဘူး။

၈၈၈၈ တုန်းက ၂ နှစ်သား ကျနော်ဟာ

ဒီနေ့မှာ ၈၈၈၈ တုန်းက မမွေးဖွားသေးတဲ့

ညီငယ် ညီမငယ်တွေကို

၈၈၈၈ အကြောင်းပြောပြမယ်

ကျနော် ၂ နှစ်သားတုန်းက တော်လှန်ရေးကို

ကျနော်ကိုယ်တိုင်ပါဝင်ဆင်နွှဲရသလို

ဂုဏ်ယူဝင်ကြွားစွာ ကျနော်ပြန်ပြောပြမယ်

၈၈၈၈ ဆိုတာ မြန်မာပြည်ကောင်းကင်ကကြယ်တွေ

အထွန်းလင်းဆုံး ဆိုတာ

၈၈၈၈ ဆိုတာ ဒီနေ့ပွင့်သမျှ ပန်းပွင့်အားလုံးရဲ့

ရေသောက်မြစ်ဆိုတာ

ညီလေးတို့

ညီမလေးတို့ရေ

၈၈၈၈ ဆိုတာ

သူရဲကောင်းတွေ နိုးထတဲ့နေ့

အဲဒီနေ့ကလာတဲ့

နေဆီက အလင်းဟာ

ဒီနေ့အထိ တို့ကောင်းကင်မှာ

မပြယ်သေးပါဘူးကွာလို့

၈၈၈၈ တုန်းက ၂ နှစ်သား ကျနော်က

ပြောပြနေမှာပါ။ ။

လင်းခါး
၁၃-၆-၂၀၁၃

အိပ်ပါစေ

*** အိပ်ပါစေ ***

သဘောတူတာပဲဖြစ်ဖြစ်

သဘောမတူတာပဲဖြစ်ဖြစ်

ကလေးတွေ နိုးမသွားစေချင်ဘူး

တိုးတိုးလုပ်ပါ သူတို့ ပြေးလွှားလာခဲ့ရတာ

တိုးတိုးလုပ်ပါ သူတို့က အသံကျယ်လာရင်

လက်နက်ကြီးလို့ပဲ စွဲနေတာ

ယောင်ပြီးထပြေးတာ ရယ်စရာမကောင်းပါဘူး။

ပြောပါ ပြောပါ

ခင်ဗျားကြားခဲ့ရတာတွေဟာ ကောလဟလတွေ

ခင်ဗျာပြောနေတာတွေက အကျိုးမရှိ

ဆိုပေမယ့်

ခင်ဗျားက တစ်ချိန်လုံး အနိဌာရုံဆိုတာကို

ရုပ်ရှင်ထဲပဲ ရှိတယ်ထင်နေတာ။

အခု ပါးစပ်ကလေးတွေဟ အိပ်နေတဲ့ကလေးတွေဟာ

ရုပ်ရှင်တွေထဲက အငိုသန်တဲ့

ကလေးသရုပ်ဆောင်တွေ မဟုတ်ဘူး။

ကျုပ်တို့ကလည်း အကြင်နာကင်းမဲ့တဲ့ အဖေတွေ မဟုတ်ဘူး။

ကလေးတွေကို ကြည့်ပါ ကြည့်ပါ

ပါးမို့မို့မှာ သွေးလေးတွေစို့နေတာ

တောထဲက ဆူးခြုံတွေနဲ့ ငြိတာပါ

ကစားကွင်းထဲက ရိုလာကိုစတာစီးရင်း

လက်သည်းကုတ်မိတာ မဟုတ်ပါဘူး။

ခင်ဗျား ငယ်ဘဝဟာ ရွှေစွန်းကိုက် ဖြစ်ချင်ဖြစ်မှာပေါ့

ဒီကလေးတွေကတော့ စစ်ပွဲပဲ ကိုက်နေရတာ

ခင်ဗျား မိန်းမက ခင်ဗျားကိုမပြောဘဲ ရှော့ပင်ထွက်တော့

ခင်ဗျား ဒေါသထွက်သလို မဟုတ်ဘူး ဒီကလေးတွေက

သူတို့ အမေတွေ သူတို့ကို မပြောဘဲ သေလမ်းကိုထွက်သွားကြတာ

ခင်ဗျား သမီးလေး အဖျား ၁၀၁ ဖြစ်တော့

ခင်ဗျားသမီးလေးမှာ ဖြစ်ရလေခြင်းလို့ ခင်ဗျားတွေးတာ

ခင်ဗျားဟာ အဖေတစ်ယောက်ပဲ

ခင်ဗျား စိတ်မအေးတာ သိတာပေါ့။့ 

အခု ခင်ဗျားအိတ်ထဲ သာမိုမီတာပါရင် ထုတ်တိုင်းသွား

ဒီကလေးတွေကတော့ ထာဝရ ၁၀၂ ပဲ။

သနားအောင် မပြောပါဗျာ။

တစ်ချို့ နေ့တွေဟာ ခင်ဗျားဟာ ရုံးခန်းထဲမှာ

လေအေးပေးစက်နဲ့ပေါ့

ရုတ်တရက် ဆေးလိပ်သောက်ချင်လို့

ခင်ဗျား ပြတင်းပေါက်ကို ဖွင့်တယ်

လမ်းပေါ်က လူတစ်ယောက်ဟာ

ချွေးတလုံးလုံးနဲ့ သူ့အထုပ်ကို ခဏချတယ်

ခေါင်းက ဦးထုပ်အစုတ်နဲ့ တငြီးငြီးယပ်ခတ်တယ်။

ခင်ဗျားက ဒီလူကိုကြည့်ပြီး ပိုတတ်ရန်ကောကွာလို့ တွေးရင်

ခင်ဗျားဟာ

ပုံသဏ္ဍာန်အရ လူဖြစ်နေတာပဲနေမှာ

ဒေါသမထွက်ပါနဲ့

ကလေးတွေ နိုးသွားရင်တော့ ခင်ဗျားကို

ကျနော် ခွင့်မလွှတ်ဘူးနော်။ ။

လင်းခါး
၁၇-၆-၂၀၁၃

ရေဒီယို

*** ရေဒီယို ***

ဒီနေ့ လွှင့်မယ့် သီချင်း

မွန်းအောင် ရဲ့ လူငယ်ခြေကျ

ဒီနေ့ လွှင့်မယ် ကဏ္ဍ

ဦးအောင်ခင်ရဲ့ စာအုပ်စင်

ဒီနေ့ လွှင့်မယ့် ရသစာတမ်း

မောင်လွမ်းနီရဲ့ ဒုက္ခကို ပျားရည်စမ်း၍

ဒီနေ့ လွှင့်မယ့် သရော်စာ

လှည်းတန်းဈေးသူ မသဲအူရေး ဒေါ်ငြိမ်းရွှေဖတ်ကြား

လမ်းဆုံက ဂျမ်းဘုံ။

သုတစုံလင် အမေရိကန်တစ်ခွင်လည်း ဒီနေ့

အမေရိကန်စတိုင် အီဒီယမ်လည်း ဒီနေ့

ဒီနေ့ ရေဒီယို က လာမှာတွေဟာ ကောင်းပါတယ်

ရေဒီယိုက မလာနိုင်တဲ့

မျက်ရည်တွေကတော့

မျက်လုံးက လာရတာပေါ့။ ။

လင်းခါး
၁၆-၆-၂၀၁၃

ဒေါက်တာရီဇော်

၈၉၆ ဒီဇင်ဘာလ ၃၀ ရက် ။ နံနက် ၇ နာရီ ။ လူနီတာပန်းခြံ ။

ခင်ဗျား မတ်တပ်ရပ် အပြစ်ခံမလား။ ဒူးထောက်ရက် အပစ်ခံမလား။

ကျုပ် မတ်တပ်ရပ် အသေခံမယ်။

မျက်လုံးကိုရော အဝတ်စည်းထားရဦးမလား။

မလိုပါဘူး။

စပိန်စစ်ဗိုလ်ရဲ့ တာဝန်အရ အမေးကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေဆိုသူဟာ သူပုန်မှုနဲ့ သေဒဏ်ခံရမယ့် ဖိလစ်ပိုင်မျိုးချစ် ဒေါက်တာ ဟိုဆေးရီဇော်ပါ။

သူ့ကို သေနတ်ဖြင့် နောက်မှ ပစ်သတ်ကြမည်ဖြစ်ရာ သူက သစ္စာဖောက်တွေကို ကွပ်မျက်ရင်သာ နောက်ကနေ ပစ်ရတာ ဖြစ်ကြောင်း သူ့ကို ရှေ့ မှပစ်ရန် တောင်းဆိုသော်လည်း စပိန်အာဏာပိုင်များက လက်မခံ။

သေနတ်ဖြင့် နောက်မှ ပစ်သတ်လျှင် မည်သူမဆို မှောက်ရက် သေကြရသည်ချည်း ဖြစ်သည်။ သူက သူ၏ အမိမြေပေါ်၌ မှောက်ရပ် မသေချင်။ အမိမြေ၏ ကောင်းကင်ကို ကြည့်၍ ပက်လက်လဲ၍သာ သေချင်သည်။ ဆိုတော့...

သေနတ်ပစ်သတ်၍ ကွပ်မျက်သည့်အခါ မြန်မြန်သေရန် အဆုတ်ကို ပစ်ကြသည်ဆိုသည်ကို သူသိထားသည်။ နောက်ပြီး ပစ်လိုက်သည့် ကျည်အား စသည်တို့ကြောင့် လူသည် နောက်သို့ ရှေ့သို့ သေချာပေါက် မှောက်ထိုးရတော့သည်။ ထို့ကြောင့် ဟိုဆေရီဇော်သည် စပိန်စစ်ဗိုလ်၏ အမိန့်ပေးသံကြားသည်နှင့် ကိုယ်နေဟန်ကို မသိမသာပြင်လိုက်ပြီး သတိအထူးကပ်ကာ နေ၏။

ရီဇော်၏ ကိုယ်ခန္ဓာသည် ခါသွား၏။
ကျည်ဆံများသည် သူ့ကိုယ်ကို ဖောက်ထွင်းသွားကြပြီ။
စက္ကန့်ပိုင်းမျှ ရပ်လျက်သား ငြိမ်နေသည်။ ပြီးမှ ခန္ဓာကိုယ်သည် တစ်ပတ်လည်ပြီးကျသွား၏။
ဟိုဆေရီဇော်သည် သူချစ်သော အမိမြေ၏ မိုးကောင်းကင်ကြည့်လျက် ကျဆုံးသွားခဲ့သည်။

"တစ်ဘဝမှာ တစ်ခါပဲ သေရပါတယ် ဆိုတော့ ဒီလောက်အဖိုးတန်တဲ့ သေခြင်းကို မိမိတိုင်းပြည်အတွက်ပဲ ဖြစ်သင့်တယ်" လို့ ပြောခဲ့ဖူးတဲ့ ဖိလစ်ပိုင် အမျိုးသားခေါင်းဆောင် စာရေးဆရာ ကဗျာဆရာ ဒေါက်တာဟိုဆေရီဇော်သည်လည်း အာရှတိုက်ရဲ့ အထွန်းလင်းဆုံး ကြယ်ပွင့်တွေထဲက တစ်ပွင့်ပါပဲ

ငါကိုယ်တော်မြတ်

*** ငါ ကိုယ်တော်မြတ် ***

ညာဘက်လက်နဲ့ အခွန်တော်ကောက်ပြီး

ဘယ်ဘက်လက်နဲ့ကျမှ
(စားစရာတွေ ဝေငှ မယ်ပေါ့)

လယ်တွေသိမ်းအံ့။

လင်းခါး
၁၈-၆-၂၀၁၃

*** ၆၈ နှစ်ပြည့်သွားပြီ အမေစု ***

*** ၆၈ နှစ်ပြည့်သွားပြီ အမေစု ***

ခါးကြားကိုသိုင်းဝတ္ထုထိုးသွားတဲ့ သက်ကြီးတွေ

အဆဲမပါရင် မပြီးတဲ့ နုံ့ဖျင်းလူငယ်တွေ

ထိုသက်ကြီးများရဲ့ သားသမီးတွေ အတွက်

ထိုလူငယ်များရဲ့ အနာဂတ်အတွက်

အချိန်ပိုပို လျော့သွားပြီ

အမေစု ၆၈ နှစ် ပြည့်သွားပြီ။

တစ်ချိန်က အာဏာရှင်ယန္တရားရဲ့ ဆိုးဝါးမှုကို

ခါးစည်းရတော့

အမေစု အမေစု အမေစု ဆိုသူတွေ

အခုတော့ လေဥ ဥကုန်ကြပြီ။

အခုတော့ အာဏာရှင်ယန္တရားလည်ပတ်ခဲ့သမျှ

တာဝန်ကြီးထမ်းခဲ့သူ ကပ်ပါးတွေကို

အခုတော့ ဒွေးတော်လွမ်းနေပေါ့။

သူတို့ အော်ခဲ့တာ ပြန်ကြားသေးတယ်

လူ့အခွင့်အရေး ဆိုပဲ

ဒီမိုကရေစီရေး ဆိုပဲ

အောက်သွားမပါတဲ့ လောက်နွားပြာတွေက

ကြိမ်တုတ် ပြန်လွမ်းနေပေါ့

စစ်တပ်က ပစ်ခတ် ညှစ်သတ်မှ

သူတို့က ချစ်တတ်မှာနဲ့ တူပါတယ် အမေရယ်

၆၈ နှစ်ပြည့်ခဲ့ပြီ။

၂၅ နှစ်လုံး မြဲမြံ

၂၅ နှစ်လုံး ဖြောင့်မတ်ထားတဲ့ အသက်ကို

ခွေးကတက်ကနေ ဟောင်ကြပေါ့။

ကျေးဇူးတရား ကို ခွေးရူးသားပေါက်တွေလို

တုံ့ပြန်ကြပေါ့။

အာဏာရှင်နံရံကို ဦးဆောင်တွန်းဖြိုတဲ့ခေါင်းဆောင

ဒေါင်းတောင်မှာ အကြောင်းရောင်နီထွန်းချေပေါ့။

အခု ၆၈ နှစ်ပြည့်ပါပြီ။

သံမဏိနှင်းဆီ ၆၈နှစ်ပြည့်ပါပြီ။

လူထုခေါင်းဆောင် ၆၈ နှစ်ပြည့်ပါပြီ။

အဓမ္မ ထွန်းကားရာက

ဓမ္မ စွမ်းပကား ၆၈ နှစ် ပြည့်ပါပြီ ။ ။

လင်းခါး
၁၉-၆-၂၀၁၃

စကြာဝတေးမင်း၏ အပါးတော်မြဲ

***စကြာဝတေးမင်း၏ အပါးတော်မြဲ လင်းခါး***

အနာဂတ်ကို ဘယ်သူမှ မသိ။ စကြာဝဠာကို ဘယ်သူမှ မသိသေး။ ကမ္ဘာကြီးကို သိတော့မယ်။ ဘယ်တော့မှ ကြီးမလာတဲ့ ကလေးတွေ။ ဘယ်တော့မှ အိုမသွားတဲ့ သစ္စာ။ ညာလက်သီးများ။ အထိုးအကြိတ်ခန်းများနှင့် ရုန်းကန်နေတဲ့ ကမ္ဘာ့မြစ်အသွယ်သွယ်။ တံထွေး သလိပ်။ မြင်းကုန်းနှီးနှင့် လနတ်သမီး။ ထမင်းစားလို့ မကောင်းတာက အစ။ တက်ရင်း အသက်ပါသွားတဲ့ နွေနေ့လယ် အဆုံး လူသတ္တဝါလောက် လူမဆန်တာ မရှိ။ လူသတ္တဝါလောက် လူသားဆန်မှုကို ကျေနပ်နှစ်ခြိုက်ကြတာလည်း မရှိ။ အာလူးသီး မရှိ ။ လပ်တော့ ကွန်ပျူတာမရှိ ။ နွားနို့ နွားကရတာဆိုတာလည်း မရှိ။ အိပ်မက်မက်နေတယ် ဆိုရင်တောင် ဒီလောက် အဖြစ်မဆိုးသင့် ။ကမ္ဘာ့စစ်ကြီးက နှစ်ကြိမ်။ အခု ကျွန်းတစ်ကျွန်းအတွက် တတိယအကြိမ်။ လာမှာလား။ လမ်းထိပ်ကစောင့်နေမယ်။ ကိုယ့်ကိုချစ်ရင် နှင်းဆီပန်းလေး ပန်ခဲ့ပါ။ ဘယ်တော့မှ မပြီးပါ။ စာလုံးတွေရဲ့ နောက်မှာ။ အက္ခရာများဟာ သွေး။ အချစ်ဆိုတာ နျူကလီးယား ကျပြီးရင်
တို့တွေ့ကြမယ် ချာနိုဘိုင်း။ မင်းကလှပါတယ်။ ညာဘက်ခေါင်းက ကျည်ပေါက်ကြီး မပါရင်ပေါ့။ ။

လင်းခါး

ရင်းနှီးမြုပ်နှံမှုတွေ ရောက်လာရင်

ဆင်းရဲသော တောမြို့ကလေး တစ်မြို့ တင်ဘတ်ကူး(timbuktu) အာဖရိက ကုန်းတွင်းခေါင်ခေါင်မှာရှိသည်။ လူမသိ သူမသိတော့ မဟုတ်ပါ။ ယူနက်စကို အဖွဲ့ကြီးက စောင့်ရှောက်မှုပြုနေသည့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်သည်။ ၎င်းဒေသသည် သူ့အတိုင်းပစ်ထားလျှင် သဲကန္တာရ ဖြစ်သွားနိုင်သည့် အခြေအနေ ရှိနေသည်။
သို့သော် ထို တင်ဘတ်ကူးမြို့ကလေးသည် တစ်ခါတုန်းက ဥရောပနှင့် အာဖရိကတစ်ခွင်မှာ ရေပန်းစားသည့် သူကြွယ်မြို့တော်တစ်ခု ဖြစ်ခဲ့သည်။ အကြောင်းကတော့ ရွှေအကြီးအကျယ် ထွက်ခြင်းပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ၇၀၀လောက်က အာဖရိကအတွင်းပိုင်း ရွှေတွေတအားထွက်တယ်ဟေ့ လို့ ဥရောပကုန်သည်တွေကြားတော့ ဘယ်ကထွက်သလဲ စုံစမ်းကြတယ်။ မြေထဲပင်လယ်ကမ်းရိုးတန်း ဆိပ်ကမ်းမြို့တွေကို ရွှေတွေကတော့ ရောက်လာနေတာပဲ ဒါပေမယ့် ဘယ်ကဘယ်လိုထွက်သလဲ မသိကြ။ တချို့ကပြောတယ်။ဒါ တင်ဘတ်ကူးကလေ ။ ဒါပေမယ့် တင်ဘတ်ကူး ဘယ်နားမှာလဲဆိုတော့ ဟိုးအာဖရိက အတွင်းပိုင်းမှာလောက်ပဲ လို့ပဲ ပြောကြတယ်။

ရွှေတွေဘယ်လောက်များတဲ့ အကြောင်း ပါးစပ်ဒဏ္ဍာရီတွေကလည်း ပြောကြတယ်။ မုန်လာဥပင်ကို ဆွဲနှုတ်လိုက်ရင် ဥတွေပါလာသလိုပါပဲ။ နည်းနည်းလေးယက်လိုက်တာနဲ့ အခဲလိုက်တွေ့တာဆိုပဲ။

တချို့ကကျတော့ ဒီလိုမဟုတ် အဲဒီမှာ ပုရွတ်ဆိတ်လေးတွေ ရှိတယ်။ ဘာဆိုဘာမှ ကျွေးစရာလည်း မလိုဘူး။ တွင်းဝကနေ ထိုင်စောင့်ရုံပဲ။ အချိန်တန်တော့ ပုရွက်ဆိတ်တွေဟာ တွင်းဝကို ရွှေတွေ တွန်းတင်ပေးကြပါသတဲ့။

နောက်ဆုံးဒဏ္ဍာရီကတော့ အမှန်ပါ။ အဲဒီမှာ မြေတွင်းထဲပဲ လူမျိုးတစ်မျိုးရှိတယ်။ လူမည်းတွေပေါ့။ ဒါပေမယ့် သူတို့အာဖရိကအနှံ့မှာ မြင်ရတဲ့ လူမည်းမျိုးတော့ မဟုတ် ။ အဲဒီလူမည်းတွေဟာ ဘာအဝတ်မှ မဝတ်ဘူး။ တွင်းထဲမှာနေ တွင်းထဲမှာစားပြီး တွင်းထဲ ရှိသမျှရွှေ အကုန်ထုတ်ပေးသည်တဲ့။

ဘယ်လောက်ရွှေထွက်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အဲဒီလို ရွှေတွင်းထဲ ငရဲခံရသူတွေ ရှိတတ်တာပဲ မဟုတ်လား။

ဒုက္ခကြီးမားစွာနဲ့ သူတို့ တွန်းတင်ထုတ်ပေးလိုက်တဲ့ ရွှေတွေနဲ့ ပြောမပြနိုင်အောင် ချမ်းသာသွားကြသူတွေက ဒုနဲ့ဒေး။

အဲဒီ တင်ဘတ်ကူးဆိုတာ မာလီနိုင်ငံဘုရင်ဧကရာဇ်တွေရဲ့ ဒေသထဲမှာရှိတော့ မာလီအာဏာပိုင်တွေ ရဲ့ အကျိုးအမြတ်တွေပေါ့။

မာလီဧကရာဇ်တွေရဲ့ကြွယ်ဝချမ်းသာတာနဲ့ ပတ်သက်လို့ နာမည်အကြီးဆုံး ဘုရင်ကတော့ အဲဒီ တင်ဘတ်ကူးမှာ နန်းစိုက်တဲ့ ဘုရင်မူဆာ ပါပဲ။

ဘုရင်မူဆာ ဘယ်လောက်ချမ်းသာသလဲဆိုရင် ခရစ်နှစ် ၁၃၂၄ မှာ မူဆာဟာ မက္ကာကို ဝတ်ပြုခရီးထွက်တော့ အီဂျစ်ပြည်မှာ ၃လ နေထိုင်သွားသတဲ့။ သူခရီးထွက်တော့ လမ်းမှာသုံးဖို့ ယူသွားတဲ့ ရွှေအချိန်ဟာ ကုလားအုတ်တစ်ကောင်ကို ရွှေပေါင်ချိန် ၃၀၀ တင်ပြီး အဲဒီလို ရွှေ ၃၀၀ ပေါင်ပါတဲ့ ကုလားအုတ် အကောင်တစ်ရာပါသတဲ့။

အီဂျစ်ပြည်မှာ သူနေသွားတဲ့ ၃ လ ဟာ အီဂျစ်က လူတွေအတွက်တော့ မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းလာကြတဲ့ ဒဏ္ဍာရီတစ်ပုဒ်ပါပဲ။

အီဂျစ်ဘုရင်ကိုလည်း လက်ဆောင်ပဏ္ဍာတွေပေး ဘာသာရေးအတွက်တွေလည်း လှူ။ သူပြန်တော့ စရိတ်ပြတ်သွားလို့ ချေးငှားတောင် လာရသေးသတဲ့။ ဒီခေတ်သူဌေးတွေသုံးတာတော့ မူဆာက ဆောရီးပဲလို့ ပြောမယ်။
ရွှေတွေအီဂျစ်မှာ အဲဒီလောက်ဝေမျှပေးကမ်းသုံးဖြုန်းပစ်ပြီး သူလည်း အီဂျစ်ကထွက်ရော အီဂျစ်မှာ ရွှေဈေး လေးချိုးတစ်ချိုးလောက်အထိ ဈေးတွေထိုးကျသွားတော့တာပဲ။

အဲဒီ မာလီ ။ ဒီနေ့အထိလည်း မာလီမှာ ရွှေတွေထွက်တုန်းပါပဲ။ ၂၀၀၈ စာရင်းအရ မာလီဟာ ရွှေထုတ်လုပ်မှုမှာ ကမ္ဘာ့အဆင့် ၈ ရှိပါတယ်။ ရွှေတွေလည်းထွက်နေဆဲ ထွက်မယ့်ရွှေကြောအသစ်တွေလည်း ရှိနေဆဲပါ။

ဆိုတော့ ခင်ဗျားတို့ မာလီကို ခင်ဗျားတို့ ကြားဖူးမှာပါ။ သိပ်တိုးတက် သိပ်ချမ်းသာတဲ့နိုင်ငံလို့ ဒီဇာတ်လမ်းကြောင့်ထင်လိမ့်မယ်။ဒါပေမယ့် မာလီက ရွှေတူးဖော်ရေးကုမ္ပဏီတွေဟာ နိုင်ငံခြားသားကြီးပဲ။

ဟိုတလောကပဲ မာလီမှာ စစ်ဗိုလ်က အာဏာသိမ်းလို့ ပြင်သစ်က ဝင်နွှာရသေးတယ်။

ဒဏ္ဍာရီထဲက ပုရွတ်ဆိတ်တွေလို မာလီပြည်သူအများစုကတော့ ဒီနေ့အထိ ရွှေပုံကြီးပေါ်က လူမွဲတွေပါပဲခင်ဗျာ။

(ဆရာဖေမြင့် - ဘာကြာင့်ဒီမိုကရေစီ လိုချင်ရသလဲမှ အများစု ကူးချသည်)

Friday, June 14, 2013

နီရို

နီရို ကလောဒီယပ် ဆီဇာ သြဂတ်စတတ်ဂျာမန်နီကပ် လို ဘုရင်တွေနဲ့

ရောမမြို့ကြီး မီးလောင်နေစဉ် နီရိုးဘုရင် စောင်းတီးနေသည်ဟု စာဆိုရှိသည်။ မှားသည်။ နီရိုး စောင်းမတီးပါ။ သူ၏ အတောက်ပြောင်ဆုံး အချောမွေ့ဆုံး ဝတ်ရုံရှည်ကြီးကို ဝတ်၍ စောင်းတီးနေသော ကိုယ်ရံတော်များနှင့်အတူ မီးလောင်မြင်ကွင်း ပျော်ပါးစွာ ထိုင်ကြည့်နေပြီး မသတီစရာအသံဆိုးကြီးဖြင့် သီချင်းအော်ဆိုနေခြင်းဖြစ်ပါသည်

မီးလောင်သဖြင့် အလန့်တကြားထွက်ပြေးနေကြရသော ပြည်သူများအား ကြည့်ရှုပြီး အလွန်ကြည့်ကောင်းသည့် ရှုခင်းပါပဲဟု ရင့်ကျူးသေး၏။

မီးလောင်ရခြင်းမှာလည်း အခြားမဟုတ် သူ၏ ဘဏ္ဍာတိုက်တွင် ငွေကြေးနည်းပါးလွန်းနေ၍ဖြစ်၏။ သူ၏ တပ်သားများကို သူကိုယ်တိုင် မီးရှို့ ခိုင်းခြင်းဖြစ်ပြီး ထွက်ပြေးကြသော ပြည်သူများဆီမှလည်း ဆင်းရဲသား လူချမ်းသာ မခွဲခြား ရသရွေ့ ခိုးတိုက်ယူကြရန် သူ၏ တပ်သားများကို မှာထားသေးသည်။

ကဲ ဘယ့်နှယ့်လဲ အဲဒီလို ဘုရင် အဲဒီလို အစိုးရမျိုး တကယ် ရှိခဲ့သဗျ။

ဂေါ်ကီ

ဂေါ်ကီ ဆိုသည်မှာ ပြင်းထန်သူ ဟု အနက်ရသည်။ ဂေါ်ကီဟာ တူဂီးညက် တော်စတွိုင်းတို့လို အထက်တန်းစားမှ မွေးဖွားခဲ့သူ မဟုတ်ဘဲ လယ်သမား လူလတ်တန်းစားက မွေးဖွားသူပါ။

သူ့ဝတ္ထုထဲက ဇာတ်ဆောင်တွေဟာ အမှောင်ထဲမှာ မွေးဖွားလာကြပြီး အလင်းရောင်ကို ရှာဖွေကြသူတွေချည်း ဖြစ်နေတတ်ပါတယ်။ ဂေါ်ကီရဲ့ ဝတ္ထုအတော်များများဟာ အောက်တန်းအလွှာ အကြောင်းကို ရေးတာများပါတယ်။ သူ့ရဲ့ အမေ ဆိုတဲ့ ဝတ္ထုဟာ ကမ္ဘာကျော်ပါပဲ။ အောက်တိုဘာတော်လှန်ရေးမတိုင်မီ ဇာဘုရင်လက်ထက် စက်ရုံ အလုပ်သမားတစ်ယောက်ရဲ့ အမေဘဝကို ဖော်ပြထားတဲ့ အမေဝတ္ထုဟာ သရုပ်ပါလွန်းတော့ အဲဒီအမေဟာ တစ်ကမ္ဘာလုံးက အလုပ်သမားလူတန်းစားတွေရဲ့ အမေ ဖြစ်ခဲ့ပါတယ်။ ဂေါ်ကီရဲ့ ဝတ္ထုတွေကောင်းရခြင်းအကြောင်းကတော့ ရှင်းပါတယ်။

ဂေါ်ကီဟာ ၁၀ နှစ်သားလောက်မှာ အိမ်ကထွက်ခဲ့ရပြီး အိမ်စေလုပ်ခဲ့ရတယ်။ အိမ်စေဘဝမှာ တစ်နေ့ ၁၄-၅ နာရီလောက်အလုပ်လုပ်ရပြီး အိပ်ချိန်က ၄ -၅ နာရီလောက်ပဲရှိပါသတဲ့။ အဲဒီအထဲ သူက စာဖတ်ဝါသနာပါတော့ ညဆိုစာတွေဖတ်ပါတယ်။ အိမ်ရှင်က ဖယောင်းတိုင် ကုန်တယ်ဆိုပြီး ငြူစူလို့ လထွက်ချိန်မှာ လရောင်ထဲ ကြေးလင်ပန်းထောင်ပြီး အဲဒီကလာတဲ့ အလင်းနဲ့ စာဖတ်ခဲ့ရပါတယ်။

လုပ်ခဲ့ရတဲ့ အလုပ်တွေဆိုတာလည်း သဘောင်္ပေါ်မှာ ပန်းကန်ဆေးသမား ငှက်ခတ်သမား မုန့်ဖုတ်သမား ဘဝ အတော်လေးစုံပါတယ်။

ကျနော်အမှတ်မမှားဘူးဆိုရင် ဂျက်လန်ဒန်ရဲ့ စကားရှိပါတယ်။
လူမှုရေးဘဝဟာ လူမှုရေး အသိကိုပြဌာန်းတယ်တဲ့။

ဂေါ်ကီဝတ္ထု ဇာတ်လမ်းတွေဟာ ဘဝပေးတွေပါပဲ။

ဆန်ကွဲပဲစားနေရတဲ့ လူတစ်ချို့ရှေ့မှာ သူ့ခွေးကြီးဟာ ဆန်မွှေးပဲ စားတယ်လို့ ညည်းတဲ့ အဘွားကြီးတစ်ယောက်ကို ကျနော်မြင်ဖူးပါတယ်။

လောကကြီးဘာမှားနေလဲဆိုတာ စာရေးဆရာတွေ အတော်များများ အဖြေရှာကြတယ်။ လူတစ်ယောက်မှာရှိတဲ့ မွေးရာပါတာဝန်ကို လူတစ်ယောက် ထမ်းဆောင်တာပါပဲ။

(ဂေါ်ကီနှင့်ပတ်သက်၍ ဆရာမြသန်းတင့်၏ နိုင်ငံတကာ စာပေရှုခင်းမှ ကူးယူပါသည်)

မီဒ

မီဒီယာတွေ ကိုယ်တိုင်က ငါးပွက်ရာ ငါးစာချနေကြသလား ---

မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်တဲ့။ ဒီနေ့ ကျနော်တို့ နိုင်ငံက မီဒီယာအကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။

ဆရာကြီးမြသန်းတင့်ရဲ့ ရှုခင်းဆိုလားပဲ။ စာအုပ် ကျနော့်သူငယ်ချင်းတစ်ယောက် ငှားလို့ ဖတ်လိုက်ရတော့ သူတို့ နိုင်ငံတွေမှာ press media ဟာ online media နဲ့ ယှဉ်ခဲ့ရတာ ကြာလှပါပြီ။ ဆိုတော့ online media တွေကို တကယ့်သတင်းတွေနဲ့ ပတ်သတ်လို့ ဦးဖို့ ယှဉ်ပြိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လူတိုင်းမှာ ဟန်းဖုန်းလေးတွေနဲ့ ချက်ချင်းရိုက် ချက်ချင်းတင် citizen journalist ဆိုတာလည်း ကျနော်တို့ဆီမှာ ဖြစ်လာတာ ဘာမှမကြာသေးပါဘူး။ သူတို့ဆီမှာများကတော့ လူတိုင်းဟာ အထူးအဆန်းတွေတင်ဖို့ ကိုယ့်ဘေးမှာ သတင်းဖြစ်လာရင် online တင်လိုက်ဖို့ သင်စရာတောင် မလိုတော့ပါဘူး။ ဆိုတော့ press media ရဲ့ အလုပ်ဟာ သတင်းတစ်ခုကို အရှိအတိုင်း တင်လိုက်နိုင်တဲ့နေရာမှာ ဘယ်လိုမှ online ကို မမီနိုင်တဲ့အခါကျတော့ သတင်းသုံးသပ်ချက်၊ သတင်းဆောင်းပါးတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ press တွေ ဒီလိုလုပ်တော့ online ကလည်း ဘယ်နေလိမ့်မလဲ။ လုပ်တာပေါ့။ ဆိုတော့ အဲဒီနေရာကျပြန်တော့လည်း မယှဉ်နိုင်။ နောက်ဆုံးမှာ press တွေဟာ shock သတင်းတွေနဲ့ ပတ်သက်ပြီး တာဝန်ကျေရုံလောက်ပဲ လုပ်တော့ပြီး။ Review လေးတွေ လုပ်လာကြပါတယ်။ အတိတ်ပါမယ်၊ ပစ္စုပ္ပန်ပါမယ်၊ အနာဂတ်ပါမယ်။ ရသဟန် သတင်းရေးနည်းခေါ်မလား မသိဘူးပေါ့ဗျာ။ ဆရာမြသန်းတင့်ရဲ့ အဲဒီ reveiw ဘာသာပြန်လေးတွေဟာ အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဘယ်နေရာမှာ အင်္ဂါဂြိုဟ်က ဂြိုဟ်သားတွေ ဆင်းသက်တယ်။ ဘယ်နေရာမှာ အကြီးအကျယ် စိတ်ထိခိုက်ဖွယ်ကြီးဖြစ်သွားတယ်ဆိုတဲ့ သတင်းတွေထက် သာမန်လူတွေရဲ့ ဘ၀ ၊ သာမန်လူတွေရဲ့ နေထိုင်မှု၊ သာမန်လူတွေရဲ့ ဖြတ်သန်းမှုတွေကို ရေးပြလိုက်ပါတယ်။

ပြောချင်တာကတော့ press media တွေရဲ့ အားထုတ်မှုကောင်းကို ပြောချင်တာပါ။

ကျနော်တို့ဆီမှာ လူထုခေါင်းဆောင်ဒေါ်ဆောင်ဆန်းစုကြည်က သမ္မတ ဖြစ်ချင်တယ်လို့ ပြောတော့ ဂျာနယ် သတင်းစာတွေက အဲဒါကို ရေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရမယ် ဆိုတော့ ဖွဲ့စည်းအခြေခံဥပဒေပြုပြင်ဖို့ ဘာတွေလိုအပ်တယ်။ ဘယ်လိုပြင်ရမယ် သုံးသပ်ချက်တွေရေးတယ်။ မြစ်ဆုံ ကိစ္စတုန်းက ဘယ်ဂျာနယ်လှန်လှန် မြစ်ဆုံပဲ။ လက်ပတောင်းမှာ သံဃာတော်တွေ မီးလောင်ဗုံးသုံးတော့လည်း ဘယ်နေရာ ဘယ်ဂျာနယ် ကြည့်ကြည့် လက်ပတောင်းပဲ။ မီးပျက်လို့ ဆန္ဒတွေပြကြတယ်ဆိုတော့လည်း ဂျာနယ်တွေထဲမှာ မီးပျက်ရတဲ့ အကြောင်းတွေပဲ၊ နောက်ပြီး စက်ရုံအလုပ်သမားတွေ ဆန္ဒပြကြတော့လည်း စက်ရုံအလုပ်သမားတွေ ချည်းပဲ။

ဟ ဒါတွေ မရေးလို့ ဘာရေးရမှာတုန်းကွလို့ ပြည်သူတွေရဲ့ အဖြစ်မှန်ကို တင်ပြနေတာပဲလို့ ပြောမယ်။ မှန်ပါတယ်။ ကျနော်က ဒါဆိုရင် ဒါချည်းပဲကို ဆိုလိုရင်း မဟုတ်ပါ။ ခု ခင်ဗျားဘေးနားမှာ ဂျာနယ်ရှိရှိ သတင်းစာရှိရှိ ကောက်လှန်လိုက်ပါ။ အဲဒီအကြောင်းတွေ ပါသေးသလားလို့၊ လက်ပတောင်းကိစ္စ ဘယ်သတင်းစား ဘယ်ဂျာနယ်မှာ ရေးသေးသလဲ။

ဆိုလိုချင်တာက ကျနော်တို့ တစ်နိုငငံလုံး မီးတွေပျက်ကြတော့ မီးလာဖို့ ဆန္ဒတွေပြကြတယ်။ အရူးတစ်ယောက်က ထပြီး ပိုလို့ ရောင်းစားနေရတယ် ပြောတော့ ပြည်သူ့ ဒေါသက ပိုကြီးလာကြ တယ်။ အခု ဒီနေ့ မှာလည်း မီးတွေကလည်း ပျက်တုန်းပဲ။ ဒါပေမယ့် ဆန္ဒမပြကြတော့ဘူး။ ဆိုပေမယ့် ဟိုအရင်တစ်နှစ်က နိုင်ငံခြားက ကူညီလိုက်တဲ့ မီးစက်ကြီးခြောက်လုံး ဘယ်ရောက်သွားလဲ ဆိုတဲ့ ကိစ္စ၊ ဘယ်ဂျာနယ်တွေရေးသလဲ။
နောက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာတုန်းက ပေးသွားတဲ့ ကတိတွေ ဘယ်နှစ်ခုက ပြီးမြောက်သွားပြီ ဖြစ်ပြီး ဘယ်နှခုကတော့ လုပ်ဆဲ စသဖြင့် သုံးသပ်ချက် ဘယ်ဂျာနယ်ရေးပြးသလဲ။ မြစ်ဆုံကိစ္စဆိုတာ ခုမှ China Power Investment က ပြန်လုပ်ဖို့ တာစူနေလို့ သတင်းသဲ့သဲ့ ပြန်ထွက်လာတာပါ။ နောက်ပြီး မြစ်ဆုံ တမ်ဖဲ(ထင်တယ်)ကျေးရွာက ဒေသခံတွေကို မြစ်ဆုံနေရာကို ပြန်ရွှေ့လို့ အတင်းအဓမ္မပြန်မောင်းထုတ်တာ ဘယ်သတင်း ဘယ်ဂျာနယ်က ဖော်ပြသလဲ။

သတင်းစာများသည် သမိုင်းကို ဖော်ပြနေကြသည် ဆိုတဲ့ စကားကို ဆရာကြီးတစ်ယောက်က ပြင်လိုက်တာ ကြားဖူးပါတယ်။ သတင်းစာများသည် သမိုင်းကို (ဖော်ဆောင်နေကြသည်၊ ရေးနေကြသည်) ဖန်တီးနေသည် (စကားလုံး အတိအကျမဟုတ်ပါ)။

မှန်ပါတယ်။ မီဒီယာ ဆိုတာ ပြည်သူကို ဦးဆောင်ရတာပါ။ ပြည်သူ့နောက်လိုက် မဟုတ်သလို အစိုးရ နောက်ဆွဲလည်း မဖြစ်ရပါဘူး။ အစိုးရက တစ်ခုပြော မီဒီယာက အဲဒီတစ်ခု လိုက်ရေးဆိုတာ မျိုး၊ လူထုခေါင်းဆောင်က တစ်ခုပြော မီဒီယာက အဲဒီတစ်ခု လိုက်ရေးဆိုတာ မီဒီယာနဲ့ မတူပါဘူး။ ကလေးတစ်ယောက် ဆရာပေးလိုက်တဲ့ အိမ်စာလိုက်လုပ်နေရသလိုပါပဲ။

အိုဘားမား အစိုးရဟာ သူတက်လာတော့ ဂွမ်တာနာမို အကျဉ်းစခန်းပိတ်ဖို့ အာဖဂန်က စစ်သားတွေ အမြန်ဆုံးပြန်လည်ခေါ်ယူဖို့ ကတိပေးခဲ့ပါတယ်။ အမေရိကန်မီဒီယာတွေဟာ ဒီအချက်ကို အခုထိ စွဲစွဲမြဲမြဲ ထိုးနှက်နေတုန်းပါပဲ။

တစ်ခါက ဂျပန်ဝန်ကြီးချုပ်ဟာ သူတို့ ဂျပန်ကျွန်းတစ်ကျွန်းပေါ်က (ကျွန်းအမည် မမှတ်မိပါ) အမေရိကန် စစ်သားတွေ မထားပါဘူးလို့ ကတိပေးပြီး တက်လာတာ။ သိပ်မကြာပါဘူး။ ၀န်ကြီးချုပ်နှုတ်ထွက်သွားပါတယ်။ သူ့တာဝန် သူမကျေလို့ သူ့ဘာသာ ဂုဏ်သိက္ခာရှိရှိ နှုတ်ထွက်သွားတာပါ။

တစ်ခါတလေ ကျနော်တို့ဟာ ဟော့သတင်းတွေမဟုတ်ဘဲ သိချင်နေတဲ့ သတင်းတွေရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ မဖတ်ရပါဘူး။ ဘယ်မီဒီယာမှာမှ ရှာမရပါဘူး။ ဒီနေရာမှာ ပြည်ပမီဒီယာတွေကအများကြီး သာပါတယ်(voa, rfa, bbc, dvb)
အခုအချိန်မှာဆို ကျနော်သိချင်တာက လက်ပတောင်းတုန်းက ဆေးရုံတက်ရတဲ့ သံဃာတော်တွေ ဒဏ်ရာ အရှင်းပျောက်ကြပြီလား၊ လက်ပတောင်းအစီရင်ခံစာကို အစိုးရက ဘယ်လောက်အကောင်အထည်ဖော်ပေးသလဲ။ နောက် သတင်းစာ ဂျာနယ်တွေရဲ့ ဈေးကွက် အခြေအနေ ဘယ်လိုရှိပါသလဲ။ မြန်မာနိုင်ငံက ကလေးအလုပ်သမားတွေဟာ တစ်နိုင်ငံလုံး ဘယ်လောက် ရာခိုင်နှုန်းရှိသလဲ။ HIV ပိုး ကူးစက်ခံ ပြည်သူ ဦးရေ ဘယ်လောက်ရှိနေသလဲ။ ကုသပေးတဲ့နေရာ လုံလောက်ရဲ့လား။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ မြန်မာနိုင်ငံအနှံ့ဖွင့်ထားကြတာတွေ ရှိပါတယ်။ အဲဒီကလေးတွေရဲ့ ဇစ်မြစ်နောက်ခံ ပြသနာက ဘာလဲ စသဖြင့် ။ ကျနော်သိချင်ပါတယ်

မီဒီယာတွေဟာ အများကြိုက်ဟာ ဘာလဲ၊ စိတ်ဝင်စားသလဲပဲ ရှာနေပါတယ်။ သူရဲ့ ထိန်းကျောင်းမှုဆိုတဲ့ အလုပ်တွေကို တစ်ကယ်လုပ်နိုင်ရဲ့လား။

ကျနော် နည်းနည်း မေးခွန်းထုတ်နေမိပါတယ်။

လင်းခါး
(အချို့ အချက်အလက်များမှားယွင်းနေပါက ကျနော့်၏ မှတ်ဥာဏ်မကောင်းသောကြောင့်ဖြစ်ပါသည်)

Monday, June 10, 2013

လူငယ်တစ်ယောက်

*** လူငယ်တစ်ယောက် ***

မြနေတဲ့ ၀ါကျနဲ့ ဂစ်တာကို ဓါးလို လွယ်ထားပေါ့

ထိုလူငယ်တစ်ယောက်

ဘယ်ဘက်လက်မောင်းမှာ

တယောနဲ့ တယောပေါ်က စာအုပ်တစ်အုပ်ပုံ မင်ကြောင်ထိုးထားတဲ့

လူငယ်တစ်ယောက်

လက်ဖက်ရည်ဆိုင် စားပွဲထိုးကို ငေါက်မိတယ်

ငေါက်ပြီး ပြန်ဝမ်းနည်းနည်းနေတတ်တဲ့ လူငယ်တစ်ယောက်

ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဘောလုံးလို ပစ်ကန်ထည့်လိုက်ပြီး

မင်းမဲ့ဝါဒီကိုလည်း မီးတောက်လို တောက်ထုတ်ပစ်ခဲ့

၎င်းလူငယ်တစ်ယောက်

အိမ်ပေါ်က သုံးကြိမ်မြောက်ဆင်းခဲ့တော့

လောကလမ်းဆိုတာ ဒုက္ခိတပြေးလမ်းပဲဆိုတာ သိခဲ့

လူငယ်တစ်ယောက်

နိုင်ငံရေးဟာ ခေါင်းအုံးအောက်က ရည်းစားစာထက်ပိုပြီး

စကားလုံးအလှရွေးချယ်ကြတာကို သိလာတယ်

လူမှုရေးဟာ ကိုယ့်လက်က ၀ဲကို သူ့ကို ကူးစေပြီး

သူ့လက်ထဲက အဆိပ်က ကိုယ့်ကို လူးစေမှန်း သိလာတယ်

လူငယ်တစ်ယောက်

မျက်ရည်ကိုက နီနေတယ်

လူငယ်တစ်ယောက်

လက်မ ခဏခဏ ထောင်တယ်

ခေါင်းမော့မော့ထားတယ်

ဒူးထောင်ပေါင်ကားထားတယ်

လူငယ်တစ်ယောက်

လက်သီးကို ဆုပ်ကြည့်တယ် ဖြန့်ကြည့်တယ်

လက်သီးဆုပ်ကို ကြည့်ရင်း သဘောကျတယ်

လူငယ်တစ်ယောက်ဟာ

မြစ်ကို ဖြတ်ကူးဖို့ တောင်တက်ဖို့ ပင်လယ်ခရီးသွားဖို့

ညလယ်မှာ သီချင်းအော်ဆိုဖို့

သေနတ်ဖောက်သံစောင့်နေတဲ့ အပြေးသမားလို စောင့်နေတယ်။

လူငယ်တစ်ယောက်

နားကပ်ကို ချေ ပုံရှိမလား ရှာဝယ်တယ်။

လက်ပတ်ကို ဂျွန်လင်နွန်

ခေါင်းစည်းကို ထူးအိမ်သင်

တီရှပ်ဟာ ဗိုလ်ချုပ်ပုံနဲ့

လူငယ်တစ်ယောက်

ကြုံးဝါးတယ်၊ အော်ဟစ်တယ်၊ ဂနာမငြိမ်ဘူး

လူငယ်တစ်ယောက်

ဘယ်တော့မှ ဒီအရွယ် ပြန်မရတော့ဘူးဆိုတာသိတဲ့

လူငယ်တစ်ယောက်

လူငယ်တစ်ယောက်အတွက်ကတော့

နေ့တိုင်း လမ်းရွေးရတယ်။

ရွေးလိုက်တဲ့ လမ်းအပေါ် နောက်တစ်ခါ လမ်းဖြာတော့

နောက်တစ်ခါ ရွေးရတယ်။

လူငယ်တစ်ယောက်ဟာ

 နောက်လူငယ်တစ်ယောက်က ပြန်သုံးသပ်တဲ့အခါ

ဒီမြားတွေဟာ ပစ်မှတ်ဆီကို သွားနေတာပါ

ဒါပေမယ့် ပစ်မှတ်တွေဟာ ဘယ်မှာရှိမှန်း

ဒီမြားတွေ မသိကြပါဘူး တဲ့။

အဲဒီလူငယ်တွေဘက်က

ကျနော်တို့က လောင်းထားကြရတာပါပဲ။   ။

လင်းခါး
11-6-2013

ငိုနေတဲ့ကလေးတွေကို ဘယ်လိုလုပ်ရမလဲ

***ငိုနေတဲ့ ကလေးတွေကို ဘာလုပ်လိုက်ရမလဲ***

ဘတ်စ်ကားပေါ်ကနေ တွေ့လိုက်တယ်
လက်ပွေ့ဂျာနယ်သမားရဲ့ ညီလေး ငိုနေတယ်။သူ့နာမည်က သိန်းသန်းထွန်းတဲ့။
ရယ်စရာပဲ နာမည်က အရင်က ကားဂိတ်မှာ ရာသီပေါ် အသီးတွေရောင်းတဲ့ သိန်းသန်းထွန်း အခု စာနဲ့ပေနဲ့နီး ဂျာနယ်ရောင်းသမားကြီးပေါ့။ သူ့ညီလေး ငိုနေတယ်။ ဂျာနယ်ထဲမှာ ငိုနေတဲ့ ကလေးကို ဘယ်လိုလုပ်လိုက်ပါ မပါဘူး။ပါလည်း သူမဖတ်တတ်ဘူး။

နောက်။ပိစိဆိုတဲ့ ကလေး ၁၁ နှစ်။ ကျောင်းစာတွေ မကျက်ရဘဲ။ချိုစိမ့် တစ်ခွက် ရူပီတစ်ပွဲ ရေနွေးအိုးထည့်ရမယ်။ ဂျာနယ်က အလည်းဗန်းဆိုလား နောက် ကီးမားတစ်ပွဲ မှာလိုက်တာတွေ တတွတ်တွတ်ကျက်နေတယ်။ ပိစိဟာ သင်္ချာ မသင်ဖူးဘူး။ လက်ဖက်ရည်ဘယ်နှခွက် ဘယ်လောက်ကတော့ အပျော့ပဲ။၁၁ နှစ်သား ပိစိကို ၅ နှစ်ကလေးနဲ့ နှပ်တွဲလောင်း၃နှစ်ကလေးလေးနှစ်ယောက်။ထမင်းချိုင့်လာပို့တော့ ဆိုင်ရှင်အဘွားကြီး မျက်ထောင့်နီနဲ့ လှမ်းကြည့်တယ်။ပိစိရဲ့ ညီလေးနဲ့ ညီမလေး ငိုတာပေါ့။ ပိစိ ဘာလုပ်ရမယ် မသိဘူး။နောက်ဆိုင်ထဲက မြင်လိုက်တယ်။အရှေ့ဘက်ကို မျက်နှာမူနေတဲ့ ဆိုင်ထဲက နေလုံးကြီးနဲ့ မျက်နှာချင်းဆိုင်မြင်လိုက်တယ်။ ၁၃ နှစ်သား ကလေးစပယ်ယာ ချမ်းသာ။ နာမည်တွေရယ်စရာကောင်းနေတာ မပြောပါနဲ့တော့။ သူ့အဖေ အစား စပယ်ယာ လိုက်နေတယ်။ မှတ်တိုင် နာမည်တွေကလည်း ရှုပ့်ပါ့ဗျာ ဟဲ ဟဲ တဲ့ ကွမ်းစားးတတ်နေပြီ။ သူ့ အဖေ သိပ်မခံတော့ဘူး။ ချမ်းသာ လမ်းပေါ်မှာ ကြာတော့မယ်။ သူ့အမေက ကလေးလေး တစ်ယောက်လို ငိုနေတာမြင်တော့ ကလေးလေးတစ်ယောက်ဖြစ်တဲ့ ချမ်းသာ မငိုတတ်တော့ပါဘူး။ သူ့အမေ မငိုတော့အောင် ဘာလုပ်ရမယ် ချမ်းသာ မသိဘူး။

ပန်းရံ ကလေးရယ်။ သုံးဘီးတွဲနင်းတဲ့ ကလေးရယ်။ သမီးဖေကြီး ခြေထောက်မသန်လို့ပါ ပြောတဲ့ သူတောင်းစား ကလေးရယ်။ ဈေးဗန်းကြီးရွက်ထားတဲ့ မိန်းမကြီး ထဘီဆွဲ လိုက်လာတဲ့ ကလေးရယ် နောက်ထပ် အနုတ်စုတ် ဂုတ်စုတ် ကလေးတွေ အားလုံးဟာ ငိုနေကြတာပဲ။ ကျနော်လည်း ဘာလုပ်ရမယ် မသိဘူး

လင်းခါး

စာရေးခြင်း

***စာရေးခြင်း***

သတိရ၍ စာရေးလိုက်ပါသည် ဒေါ့စတိုယက်စကီ ခင်ဗျားး။ တကယ်တော့ ခင်ဗျားက ကျနော့်ကို မသိပါဘူး။ ခင်ဗျားရေးခဲ့တာ အများကြီးရှိမှန်းသိပေမယ့် ကျနော်ကတော့ ခင်ဗျားရဲ့စာ ဆိုရင် ကာရာမားဇော့ ညီနောင်များလောက်ပဲ ဖတ်ဖူးတာပါ။ အဲဒါနဲ့ပဲ ကျနော်အတွက် ခင်ဗျားက ပြီးပြည့်စုံသွားပါပြီ။ တကယ်တော့ ခင်ဗျားတို့ ရုရှတွေဟာ ဘယ်တုန်းကမှ လူ့အခွင့်အရေးဆိုတာ အပြည့်အဝ မရခဲ့ဖူးပါဘူး။ ဒါတောင်မှ ကျနော်တို့ထက် သာနေပါသေးတယ်။ နောက်ပြီး ခင်ဗျားတို့ နိုင်ငံက စာရေးဆရာတွေဟာ လူတော်တွေချည်းပါပဲ။ ကမ္ဘာကျော်ထဲက ဆို ကျနော်သိတာက ဂိုဂိုး လီယိုတော်စတွိုင်းနဲ့ အယ်လက္ကဇီတော်စတွိုင်း ချက်ကော့ ဘဲလမောင့် အာရင်ဘတ် မာယာကော့စကီး ဒီလောက်ပါပဲ။ တချို့ လူတွေတော့ နာမည် မမှတ်မိတော့ ပါဘူး ခင်ဗျားတို့နာမည်တွေက မှတ်ရခက်လွန်းပါတယ်။ ကြက်သွေးရောင်ပန်းဆိုရင် ဂေါ်ကီရေးတာလား ဘာလားတောင် ကျနော်မမှတ်မိတော့ဘူး ခင်ဗျားကတော့ အပြစ်မမြင်ဘူး မဟုတ်လား။
လီနင်ရေးတာလေး နည်းနည်းတော့ ကျနော်ဖတ်ဖူးပါတယ်။့
ခင်ဗျားတို့ကို တစ်ခါတလေ ကျနော် သနားတယ် လီယိုတော်စတွိုင်းရဲ့ ပုံပြင်တွေ ဖတ်တုန်းကဆိုရင် ခင်ဗျားတို့ ပိတ်မိနေတဲ့ အခန်းကို ကျနော်သိနေတယ်။ တံခါးပေါက်ကိုလည်း ကျနော်သိတယ်။ ခင်ဗျားတို့ရဲ့ လွတ်လမ်းကို ကျနော် သိတယ်ပေါ့ဗျာ။ ခင်ဗျားတို့ဟာ တစ်မီလီမီတာလောက်ပြတာနဲ့ တစ်မိုင်လောက်မြင်မယ့်သူတွေဆိုတော့ ခင်ဗျားတို့ကို ကျနော်ပြောပြချင်လိုက်တာဗျာ ဒါပေမယ့် ဝမ်းနည်းစရာက ခင်ဗျားတို့ဟာ ကွယ်လွန်ပြီးကြပြီ။ ခင်ဗျားဆိုလည်း ဒီအတိုင်းပဲ ခင်ဗျားရဲ့ ကာရာမာဇော့ညီနောင်များကို ဖတ်လိုက်တာနဲ့ ကျနော်သိလိုက်တာက ခင်ဗျားတို့ဟာ ကပ်သင့်နေတယ်ဆိုတာကိုပဲ။ ခင်ဗျားတို့ ရုရှပြည်ကြီးမှာ ကလေးသူငယ်တွေကအစ ငြင်းခုန်မှုတွေနဲ့ ခေတ်ကြီးကို မေးခွန်းထုတ် အချိန်ဖြုန်းနေကြတာ ဘာသာတရားနဲ့ ပတ်သက်လို့ ခင်ဗျားတို့ မရောင့်ရဲ နိုင်ကြတာ လိုဘမပြည့်နိုင်ကြတာတွေကို ခင်ဗျားမုန်းနေပြီဆိုတာ ကျနော်သိလိုက်ရတယ်။ မှန်ကန်တဲ့ အမြင်ဟုတ်မဟုတ်ဆိုတာတော့ ခင်ဗျားမရှိတော့လို့ အတည်မပြုနိုင်တော့ပါဘူး။

ကျနော်တို့ဟာ ဂိုဂိုးရဲ့ ကုတ်အကျီင်္က ဆင်းသက်ကြတယ်လို့ ခင်ဗျားတို့ထဲက ဘယ်သူလဲပြောတော့ ဂိုးဂိုးကို ရှာဖတ်မိတယ်။ တာရော့ဘူဘာကတော့ ကြိုက်တယ်ဗျာ။ ကုတ်အကျီင်္ကတော ကြိုက်တော့ကြိုက်ပါတယ်။ ဟက်ဟက်ပက်ပက်တော့ မရှိလှဘူး။ ဒါပေမယ့် ဒါဟာ အချိန်ကာလပဲဆိုတာ ကျနော်နားလည်ပါတယ်။

ကျနော်လည်း ကျနော့်နိုင်ငံမှာ ဝတ္ထုလေးတွေ စမ်းရေးနေပါတယ်။ ချက်ကော့နည်းကြီးကတော့ ခေတ်နောက်ကျသွားပါပြီဗျာ။ သူ့ဝတ္ထုတွေကတော့ ကျနော့်အသည်းစွဲပါပဲ။ တစ်ခုရှိတာက ကျနော့်တို့ဆီမှာက အတွင်းသားကို မချဉ်းကပ်နိုင်ကြဘူးဗျ။ အဖြစ်အပျက်တွေကိုပဲ ဝတ္ထုလုပ်နေကြတယ်။ ဒီလိုပြောလိုက်လို့ ကျနော်ကတော့ ချဉ်းကပ်နိုင်တယ်လို့ မဆိုလိုပါဘူး။

ယနေ့ကျနော်တို့ခေတ်ဟာ ခင်ဗျားတို့တော်လှန်ရေးကာလနှောင်းပိုင်းနဲ့ နည်းနည်းဆင်သလို ရှိပေမယ့် မတူပါဘူး။ ကျနော်တို့ ရန်သူဟာ စားပွဲပေါ်က သုံးဆောင်စရာတွေ အပြင်အဆင်တွေနဲ့ ရောထွေးနေတယ်။ ကျနော်တို့ဟာ စီစီဖတ်ရဲ့  ကျောက်တုံးကြီး ဒဏ္ဍာရီလို ဖြစ်မှာကို ထိတ်လန့်နေရတယ်ဗျာ။ သမိုင်းဟာ နာတာရှည် အဘိုးကြီးလိုပဲ မရွေ့တော့ဘူး။ ပြောပြီးသားတွေ ပြန်ပြန်ကျော့နေတယ်။ ကျနော်တို့မှာ အာရင်ဘတ်တို့ပြေးသလို ရိုတွန်ကဖေး လည်းမရှိဘူး။

စာကလည်း ပုံမှန်ပေးစာတစ်စောင်ထက်ကို ပိုရှည်နေပါပြီ။ ခင်ဗျားမဖတ်နိုင်တော့မှန်းသိလို့ ကျနော်က ဒါကို ရေးနေပြီး ဒါကို အိတ်ဖွင့်လိုက်မှာပါ။ ကျနော်တစ်ခု စဉ်းစားမိတာက ခင်ဗျားဆီကို ဘာလို့ စာရေးချင်တယ် ကျနော်မသိတာပဲ။ ဥပမာ ချက်ကော့ရေ ခင်ဗျားဆီကို ကျနော်စာရေးလိုက်ပါတယ်။ ဒါမှ မဟုတ် ရှိတ်စပီးယားရေ သို့မဟုတ် ဟဲမင်းဝေး ဒိပြင် ရှယ်လီ လူတွေ ဂန္တဝင်တွေ အများကြီးပဲလေ။

ဘာပဲဖြစ်ဖြစ်ပါဗျာ ခင်ဗျားရှိခဲ့တာကို ကျနော်က ကျေးဇူးတင်ပါတယ်။ မိုဗီဒစ်တို့ အန်ကယ်တွမ် ကပ်ဘင်းတို့ ဒွန်ကွိဇုတ်တို့ ဒိပြင်တို့ ဂန္တဝင်တွေရေးခဲ့သူတွေကို လည်း ကျနော်က ကျေးဇူးတင်ပါတယ်။ ကျေးဇူးတရားဟာ အလင်းလိုပဲ လှိုင်းတစ်ခုလိုဆိုရင် လှိုင်းစီးနိုင်တာပေါ့။

ကျေးဇူးပါ ဒေါ့စတိုယက်စကီရေ လွတ်မြောက်ရာလမ်းကို တွေ့မှာပါ။ တို့ဟာ ပြီးသွားတာမှ မဟုတ်တာပဲ။ ရှားလော့ဟုမ်း ဝတ္ထုထဲကလိုဆိုရင် သေခြင်းဟာ အစပဲ။

လေးစားလျက်
လင်းခါး

စူပါဆန်းဒေး

***စူပါ ဆန်းဒေး မှာ***

အခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်

ဒါတွေကိုတွေး

ဒါတွေ တွေးမနေချင်ရင်

အခန်းထဲမှာ ငြိမ်ငြိမ်ကလေးထိုင်

ဒီနေ့ ကလေးများအတွက် စိတ်ထိခိုက်ပြီး

ဒီနေ့ မျက်နှာရှေ့ထိုးခံလာတဲ့

သော့ခတ် အလှူခံပုံးထဲ ၁၀၀ ထည့်ပြီး

အငြင်းပွားစရာတွေကို မရှောင်နိုင် တုန်လှုပ်ပြီး

ပြီးတော့ ငြိမ်ငြိမ်လေးထိုင်

ဆူပါဆန်းဒေးဟာ

သာမန်တနင်္ဂနွေပါပဲ

သာမန်ဝါကျတွေပဲ ရတဲ့

သာမန်နေ့တစ်နေ့မှာ ငြိမ်ငြိမ်ကလေးထိုင်

ဟိုသီချင်းလို ကရွတ်ကင်းလျှောက်တဲ့ပမာ

အဲဒါ အဲဒါ ဘဝသံသရာ သီချင်းလို

ငြိမ်ငြိမ်ကလေးသာ ထိုင်နေပါကွာ

ချိန်းဆိုထားတာတွေ ရောက်လာမှာ

ရောက်မလာဖြစ်တော့လည်း လွမ်းနေစရာမဟုတ်

တစ်ခုသော ဆူပါဆန်းဒေးမှာ

ကျနော်တို့

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်နေမယ်လို့

ငြိမ်ငြိမ်ကလေးထိုင်နေမိတိုင်း

တန်ဖိုးမရှိမှန်း သိသိလာရတယ်

ဆူပါဆန်းဒေးမှာပေါ့ကွယ်။ ။

လင်းခါး
၉ ၆ ၂၀၁၃
တနင်္ဂနွေ

Thursday, June 6, 2013

မဖဲဝါနှင့် မတော်မဆတွေ့ဆုံခြင်း

ကဗျာဆရာကြီး ဘယ်ကလာသလဲတဲ့ မဖဲဝါက မေးတယ်။ ကျနော်က သူ့ကို မဖဲဝါလို့ မသိပါဘူး။ သူက သူ့ကိုယ်သူ ကျမ မဖဲဝါပါလို့ မိတ်ဆက်လိုက်တော့ ကျနော့်မှာ ချွေးစေးတွေကလည်း ပြန် ကုပ်က ပူပူလာပြီး ကမန်းကတန်း သူ့ကို မေးမိတယ်။ ကျနော် သေပြီလား လို့။ ကျနော့်မှာ လုပ်စရာတွေ ရှိနေသေးတယ်လို့။ ကျနော့် မရှိရင် ဒီကမ္ဘာကြီး ဖြစ်မှာ မဟုတ်ဘူးထင်တယ်လို့ ပြောတော့ တရုတ်ကားတွေထဲက သိုင်းသမားတွေရယ်သလို မဖဲဝါကလည်း ရယ်တယ်။ မဟုတ်ပါဘူးဟယ် နင်ကလည်း ငါ ကွမ်းယာထွက်ဝယ်တာပါတဲ့။ နင်လည်း ကွမ်းယာလာဝယ်တာ မဟုတ်လားတဲ့ ပြောတယ်။ အဲဒီတော့မှ ကျနော့် ကိုယ့်ပါးကိုယ် ခပ်ဆတ်ဆတ်လေးရိုက်လိုက်ပြီး ခုနက ၀ါကျတွေ ကျနော်ပြန်ရုပ်သိမ်းပါတယ်ဗျာ။ သွေးရူးသွေးတန်မို့ပါလို့ ပြောတော့ ဟင့်အင်း ဒါတော့ သူမတတ်နိုင်ပါဘူးတဲ့။ သမိုင်းက ဒီဝါကျတွေကို သူ့ရဲ့ လျှာကြီးနဲ့ လိပ်ယူပြီး သိမ်းသွားပြီလို့ ပြောတယ်။ ကျနော်လည်း ရှက်မိတာပေါ့။ ဒါပေမယ့် ပြောက ပြောပြီးသွားပြီလေ။ ဘယ်တတ်နိုင်မှာလဲ။

မဖဲဝါက နင်တို့တွေ ဘယ်လိုဖြစ်လို့ မီးတွေကြီးရှိုးပစ်ကြတာတုန်းတဲ့။ အခုတော့ ငါ့မှာ သူဌေးမသာတွေနဲ့ ပဲ ဆော့နေရတယ်တဲ့။ လူဆင်းရဲ မသာတွေက ခေါင်းတိုင်မှာ မီးခိုးဖြစ်သွားတာကို သူက ပြောတာပါ။ သူဌေးတွေကတော့ မြေမြုပ်နိုင်ကြသကိုးဗျ။ ကျနော်လည်း ဘာမှတော့ မဖြေတတ်ဘူး။ ခုနက ရှက်တာကလည်း မပြေသေးတော့ သူ့ကို ဒီအတိုင်း ကြည့်နေမိတယ်။ အံမယ် မဖဲဝါက နာမည်လေးလည်း လှသလို လူကလည်း အချောဗျ။ ကွမ်းနည်းနည်းစားတော့ ကြည့်ရနည်းနည်းဆိုးတာတော့ ရှိတာပေါ့။

နောက်ပြီး သူဝတ်စားထားတာတွေက ဟိုပေါ် ဒီပေါ် မလော်လီဘူး။ အံမယ် မြန်မာဆန်ဆန်ပဲ။
မဖဲဝါက သူ့ကို စိုက်ကြည့်နေမှန်းသိလို့ ပြောသေးတယ်။ ဒါ အမေစုဒီဇိုင်းလေတဲ့။ မဖဲဝါက လာတယ်ဗျ။
နောက်ပြီး မဖဲဝါက ပြောသေးတယ်။ ဒါနဲ့ နင်တို့ အခု သရဏံဂုံ တင်ကြသေးလားတဲ့။ တင်တာပေါ့ဗျာလို့ ခင်ဗျားကလည်းလို့ ပြောတော့ သူက ဆိုလိုရင်းကို အရင်မခံစားဘူး။ သူ့ကို ခင်ဗျားလို့ ခေါ်လိုက်လို့ စိတ်ဆိုးသွားသေးတယ်။ ငါ့ရုပ်ကိုလည်း ကြည့်ပါဦးဟယ် နင့်တို့ထက် အသက်ကြီးတာတော့ ကြီးတာပေါ့။ ရုပ်ရည်က နင်တို့ မကွာပါဘူး။ အစ်မလို့ ခေါ်လည်း ရပါတယ်တဲ့။ သူက ပညတ်သဘောမှာ ဆတ်ဆတ်ထိမခံဖြစ်နေသေးတယ်။

နင်တို့က သရဏဂုံတင်တယ်သာပြောနေကြတယ်။ သေရင်တော့ ငရဲချည်းပဲတဲ့။
အဲဒါတော့ ကျနော်ဘယ်သိမလဲဗျာ။ လုပ်ရိုးလုပ်စဉ်တော့ လုပ်နေကြတာပဲလို့ ပြောတော့ နင်တို့လူတွေက ခက်တယ်။ ငါ့မှာ နင်တို့ကြောင့် အစိမ်းသေကြီးဖြစ်ရ ဘာဖြစ်ရနဲ့တဲ့ တခြားအကြောင်းတွေပြောသေးတယ်။ ဒီနေရာမှာ တစ်ခုရှိတာက သူပြောနေတာ မြန်မာစကားမဟုတ်ဘူးဗျ။ ဒါပေမယ့် ဘာလို့ ကျနော်နားလည်နေရသလဲ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် သိပ်မြန်သွားရင် နားမလည်တော့ဘူး။ ဘိတ်စကားနဲ့ တူမလားတောင် မပြောတတ်ဘူး။

ကျနော်က မဖဲဝါဆိုတာကြီးကို အစိမ်းလိုက် တွေ့နေရတော့ ဒီလိုလှပုံမျိုးနဲ့ ခုခေတ်မိန်းကလေးဆိုရင် အတော်မာနကြီးမှာပဲလို့ စိတ်ထဲက တွေးမိတယ်။ သူက သိသဗျ။ ငါက မာနမကြီးပါဘူးဟယ်တဲ့။ လှတာတော့ ငါလည်း ၀န်ခံပါတယ်တဲ့။ အံမာ အလာကြီးဗျ။ မဖဲဝါက။

ဒီလိုနဲ့ ကျနော်တို့လည်း သေတဲ့အကြောင်း မသာအကြောင်း သေချင်းဆိုးအကြောင်း အသေအေးတဲ့အကြောင့် သေတာကတော့ မလွတ်ပါဘူး။ ဒါတွေပဲ လျှောက်ပြောနေကြတယ်။ တစ်ခါတလေကျတော့ ပြောတဲ့စကားတွေက စိတ်ဝင်စားစရာ မဟုတ်ဘဲ ပြောနေရတာကိုက စိတ်ဝင်စားစရာ ဖြစ်နေရတယ်ဆိုသလိုပဲ သူနဲ့ စကားပြောရတာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ တကယ်တော့ သေတာ ကြေတာတွေ ကျနော်က သိပ်မတွေးတဲ့လူ။ သေတာမပြောနဲ့ ကြက်သွန်လှီးရင်း နှစ်စင်တီမီတာလောက်ကလေး ဓါးထိလို့ သွေးကလေးစို့ရင်ကို အိပ်ယာပေါ် လေးရက်လောက် နားယူရတယ်။ ဒါပေမယ့် မဖဲဝါနဲ့ စကားပြောရတာတော့ မသာဆိုလည်း စိတ်ဝင်စား၊ အလောင်းကြီးက ခါးကြီးကုန်းပြီး ကုန်းထလာတယ်ဆိုတော့လည်း သူ ခါးတွေ ဘာတွေ နာနေလို့လား မေးမိ မေးမိ။
တစ်ချို့အလောင်းတွေဆို ပုပ်ပုပ် ပွပွကြီး ထ ကစားနေတယ်ဆိုတော့လည်း တော်တော် ကမြင်းတဲ့ အလောင်းပဲနော်တို့ ဘာတို့ စကားထောက်။ နာဂစ်တုန်းကများဟယ် ငါ့မှာ ကစားလို့ကို မပြီးတော့ဘူး။ မသာတွေကလည်း များများနိုင်လွန်းလို့ ပြောတော့ နာဂစ်အတွက် အမြဲ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ကျနော်က ဘာကစားနည်းတွေက ကစားကြတုန်းဗျ ဘောလုံးကန်တာလား ထုပ်ဆီးတိုးတာလားတို့ မေးမိ ကျနော်စိတ်တွေကို မဖဲဝါက ဖမ်းစားထားသလို အိပ်မွေ့ချထားသလို ဖြစ်နေတော့ ကျနော့်မှာလေ သူပြောသမျှ ကုတင်ရွှေနန်းချည်းပဲ ဖြစ်နေတာပေါ့။

ဒီလိုနဲ့ ညနေစောင်းတော့ မဖဲဝါက နင်နဲ့ စကားပြောရတာ ကောင်းတယ်ဟာတဲ့။ နင်က ဖြတ်ထိုးဥာဏ်တွေ ဟာသဥာဏ်တွေရှိတယ်တဲ့ နင်ငါနဲ့ လိုက်ခဲ့ပါလားတဲ့ ပြောတယ်။

အဲဒီကျတော့မှ ကျနော့် အသိစိတ်က ၀င်လာပြီး ဟာ ... တော်တော် ခင်ဗျားကြီး ကျနော့်ကို မြူဆွယ်မနေနဲ့ ကျနော့်မှာ မိန်းမရှိတယ်ဗျ။ ခင်ဗျားက ဘာလဲ ညာလဲ လုပ်တော့မှ
ကွမ်းယာဆိုင်က လူက ကျနော်ဆိုင်ပိတ်တော့မယ်ဗျ။ ခင်ဗျားကလည်း အိပ်ရေးပျက်တယ်နဲ့တူတာ အိပ်လိုက်တာဗျာ မသာကြီးကျနေတာပဲ။ ပါးစပ်ကလည်း သရေတွေကျလို့ ဆိုတော့မှ

ဟ ငါ အိပ်မက်မက်နေတာပါလားလို့ တွေးမိပြီး သရေတွေ ဘာတွေသုတ် ထွီခနဲ တံထွေးတစ်ချက်ထွေးလိုက်ပြီး ရှက်တာလိုလို ရွံ့တာလိုလို ကြောက်တာလိုလိုနဲ့ ရမ်းပြီး ကွမ်းယာသည် အစ်ကိုကြီးကို ပိုက်ဆံတစ်ထောင်ထုတ်ပေးလိုက်တယ်။ ခင်ဗျားကလည်းဗျာ လူပဲ အိပ်ချင်အိပ်မှာပေါ့။ ဘာလဲ မသာကြီးနဲ့ တူသလေး ဘာလေးနဲ့ နောက်ဝယ်မစားဘဲ နေလိုက်မယ်လို့ ခပ်တည်တည် ဟောက်လိုက်တော့။ ဟိုလူ ဇက်ကလေးပုပြီး မသာရုပ်နဲ့ တောင် တူသွားတယ်။

လင်းခါး
7-6-2013

ဟယ်လိုဂျွန်

***  ဟယ်လိုဂျွန် ***

ဟယ်လိုဂျွန် ကျနော်ပါ။ ခင်ဗျားပြောခဲ့တာလေးတွေ သတိရလို့ ခင်ဗျားကို ဖုန်းလှမ်းဆက်တယ်။ ဂျက်လန်ဒန်ကလည်း ပြောတယ်။ ခင်ဗျားဟာ ဖောက်ပြန်ရေးသမားတဲ့။ စာတွေမရေးဘဲ ခွေးလိုသာအူလိုက်ပါလားတဲ့။ ဟုတ်ပါတယ် ဂျွန် ခင်ဗျားကို ဘယ်သူကမှ နားမလည်ဘူး။ ရိုတွန်ကဖေးမှာပဲ ဖြစ်ဖြစ် မီးပွိုင့်မှာ နီနေတဲ့အခါ ခင်ဗျားကားကို ရပ်ထားတုန်း စံပယ်ရောင်းတဲ့ကောင်မလေးကို ခင်ဗျားကို မျက်စောင်းထိုးသွားရင်ပဲ ခင်ဗျားမှာ စိတ်မကောင်း ဖြစ်ရ၊ ကြေကွဲရ ဖြစ်နေပြီဆိုတာ ကျနော် နားလည်တာပေါ့။ ပါရီကလူတွေက အပြောင်းအလဲကို သွေးကွက်တွေနဲ့ မဖြစ်စေချင်ပေမယ့် ရုရှားမှာက လူတွေက စက်သေနတ်နဲ့ မွှေပစ်ဖို့ပဲ ပြောနေတယ်။ ဂျွန်ရယ် ခင်ဗျားမှာ အိပ်မက်တွေ ရှိမှာပါ။ ကျနော်တို့ဟာ လူသားတွေပဲ။ ခင်ဗျား ပြောခဲ့တာတွေကို သတိရတယ် ကျနော်ပြောနေပေမယ့် တကယ်သတိရတာက ခင်ဗျားကိုပါပဲ။ ခင်ဗျားက အနုပညာသမားလေ။ ခင်ဗျားက နိုင်ငံရေးဟာ ခင်ဗျားရဲ့ လက်အောက်ခံပဲ ဖြစ်ရမယ်လို့ အမြဲပြောနေတာ။ ကျနော်သိတာပေါ့ ကျနော်တို့ သိပ်တက်ကြွနေတုန်းက ခင်ဗျားပြောခဲ့တာ မင်းတို့ ငယ်သေးလို့ပါကွာတဲ့။ အဲဒီအချိန်ကတော့ ခင်ဗျားက မသိဘူး ကျနော်က ခွေးခြေနဲ့ ကောက်ရိုက်မယ်လို့ကို တွေးလိုက်မိတာ။ ဒါပေမယ့် ဒါတွေ ပြီးခဲ့ပါပြီ။ ကျနော်လည်း ခင်ဗျားကို ခွေးခြေနဲ့ မရိုက်ခဲ့ပါဘူး။
ဒါပေမယ့် အခု ကျနော်တို့ နိုင်ငံမှာ ဖြစ်နေပုံကို ကြည့်ပါဦး။ တစ်ချိန်က ကျနော်တို့ဟာ နိုင်ငံရေးအပေါ် သိပ်ခံစားလွယ်ခဲ့တယ်ဆိုရင် အဲဒါ လူငယ်တွေမို့လို့။ လူငယ်တွေဟာ သိပ်မျှော်လင့်လွန်းတယ်။ ဂနာမငြိမ် ဖြစ်နေတတ်တယ်လို့ ခင်ဗျားပြောခဲ့သလိုပဲ။ ကျနော်တို့ လူငယ် လူလတ်ပိုင်းအထိ ၀ုန်းခနဲဆို တုံ့ပြန်မှုက မြန်တတ်ခဲ့တယ်။
ခု ကျနော်တို့ ခေတ်ရဲ့ လူငယ်တွေကို ခင်ဗျားမြင်စေချင်တယ် ဂျွန်ရယ်။ လူငယ်တွေဟာ ရေမြုပ်ဖော့ပေါ်မှာ ထိုင်ပြီး တယောထိုးနေကြတယ်။ မီးလောင်နေတဲ့ တိုင်းပြည်ကြီးကို မသိဘူး။ တစ်ခါတလေ ၀င်ပြီး မြောက်ထိုးပင့်ကော် လုပ်ချင်လုပ်မယ်။ ပြေလည်ရာ ပြေလည်ကြောင်းအတွက်ဆိုရင်တော့ သူတို့ဟာ အနုပညာသမားတွေပဲလေလို့ ပညာတတ်လော်လီ သလို ပြောတတ်တယ်။
လူငယ်တွေ ဘာမှားနေတယ်လို့ ထင်လဲ ဂျွန်။
ကျနော်မှားတယ်ဟုတ်လား ဂျွန်။ ခက်တာပဲ ဂျွန်ရယ် ဒါကြောင့် ခင်ဗျားကို ရိုတွန်ကဖေးမှာ ပစ်ပယ်ထားခဲ့ကြတာကိုး ကျနော်နားလည်ပါပြီ ခင်ဗျားဟာလည်း ပေါင်မုန့်မကြိုက်ပေမယ့် ထောင်နဲ့ ခြိမ်းခြောက်တတ်တာပဲ။ ပြောလိုက်ပါ အနုပညာမြတ်နိုးသူကြီးဂျွန်ရယ် အနုပညာဟာ အနုပညာပေါ့။ အနုပညာမရှိရင် လူတွေဟာ အရိုင်းအစိုင်းပဲ ဆိုတာ ကျွန်တော်သိတာပေါ့။
ဒါပေမယ့် နိုင်ငံရေးမရှိရင် ခင်ဗျားအိမ်ဟာ ဘယ်တော့မှ မိသားစုမစုံဘူး။
ခင်ဗျားက မီးလင်ဖိုနံဘေး ၀ိုင်သောက်နေတဲ့အချိန် ခင်ဗျားညီက နှင်းမှုန်မြူဝေထဲ ကော်လာမပါတဲ့ အင်္ကျီတွေဝတ်ပြီး နှုတ်ခမ်းမွှေးတိုစစမှာလည်း နှင်းဖတ်တွေ ခဲနေလိမ့်မယ်။
နိုင်ငံရေးမရှိရင် ခင်ဗျားကဗျာတွေ ဘယ်ပုံနှိပ်တိုက်က ထုတ်ဝေမှာလဲ။
နိုင်ငံရေးမရှိရင် ခင်ဗျားဝါကျတွေကို လူတွေက ခံစားမယ့်အစား ဓါးပြတိုက်တဲ့နေရာမှာ သွေးသုတ်ဖို့ပဲ သုံးလိမ့်မယ်။
နာနာ မှတ်ထားပါ ဂျွန် နိုင်ငံရေးဆိုတာ ခင်ဗျား အသက်ရှူဖို့ ခွဲထားချပေးထားတယ်။
နာနာ ကျင်ကျင် ဖိတွေးပါ ဂျွန်ရယ် နိုင်ငံရေးဟာ
ခင်ဗျားမွေးရာကစလို့ ခင်ဗျားသေတဲ့အထိ
ခင်ဗျားရဲ့ လူမှုရေးအ၀န်းအ၀ိုင်း အေးချမ်းနေဖို့ ခင်ဗျားအမြဲတွေးသလို
ခင်ဗျားတို့ဟာ တစ်ခါတလေ ပြောတတ်တယ် လူ့လောကကြီးကို စိတ်ပျက်လိုက်တာကွာ လူတွေက ဖောက်ပြန်ကုန်ကြပြီ။ တစ်ဦးနဲ့ တစ်ဦး ကုပ်ချိုးဖို့ပဲ တွေးနေတယ်လို့ ခင်ဗျားရဲ့ စုတ်ချက်အထူကြီးကို ခြစ်ချလိုက်တာ၊ ၀ါကျအကြမ်းကြီးကို ဆွဲချလိုက်တာ၊ ခြောက်ကြိုးကြီးကို ဘာမှမဖိဘဲ ဒုန်ခနဲ ရိုက်ချလိုက်တာ၊ အဲဒါ နိုင်ငံရေးကို မယုံကြည်တဲ့ အနုပညာသမားတွေ အတွက် ကံကြမ္မာဆိုးပဲ။
တော်ပြီ ဂျွန်။ ခင်ဗျားကို လူတွေပြောကြတာမှန်ပါတယ်။
ခင်ဗျားက ဂျုံစေပြုတ် မရှိတဲ့ နေ့ကိုမှ မကြုံဖူးဘဲ
တစ်ကမ္ဘာလုံးရေကြီးနေတဲ့အချိန် တောင်ပေါ်ကို သံလွင်ခက်ကလေးချီကာ ပျံတက်လာတဲ့ ချိုးငှက်ကလေးကြောင့် စိတ်အားတွေတက်ခဲ့ရတယ်လို့ လူတွေ ယုံကြည်နေတာကို တံထွေးထွေးချင်တဲ့သူ။ တော်ပြီ ဂွပ်။

လင်းခါး
7-6-2013

Tuesday, June 4, 2013

ဥာဏ်ပညာ

*** ဉာဏ်ပညာ ***

လဲနေတဲ့ အလံပေါ်

သွေးတစိုစို သီချင်း

ကလေးအလောင်း မြင်သလိုမြင်ရ။

နဖူးစီးစာတန်းတွေဟာ

မျက်ရည် ရယ် အစိမ်းသေ ရယ်

ရင်နင့်ရတာတွေရယ် ပေါင်းသင်းမိတော့

ပေါက်ဖွားလာ

ဒီဆေးတွေမှန်မှန်သောက်ပါ

ခင်ဗျား သေရမှာ

မသောက်လည်း တစ်နေ့တော့ သေရတာပဲ။

အနားမှာ

ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးတွေရှိနေရင်

မလုံခြုံဘူး

အနားမှာ

ဓါးသွေးကျောက်တွေ ပါးလာရင်

မလုံခြုံဘူး

ကမ္ဘာဦးမှ ယနေ့အထိ ငါတို့ဟာ

နှလုံးသားကို နားမလည်

စကြာဝဠာကို နားမလည်

သေနတ်ထဲ ကျည်ထည့်ပစ်တာကို နားမလည်

ခွေးသွားလေးတွေ ချွန်နေတာ တွေးတယ်

ကြောင်လက်သည်းလေးတွေ ထက်နေတာကို တွေးတယ်

ကိုယ်တုံးလုံးသွားလာနေတာ ရှက်ဖို့ကောင်းသလို

ဦးနှောက်မသုံးဘဲ သွားလာနေတာလည်း

ရှက်ဖို့ကောင်းတယ်လို့

ဘယ်တော့မှ မတွေးဘူး ။ ။

လင်းခါး
၃၀-၅-၂၀၁၃

အာရင်ဘတ်- ကောက်နှုတ်ချက်

မျက်မြင်သက်သေတွေက တိတ်ဆိတ်နေကြသည့်အခါတွင် ဒဏ္ဍာရီများပေါက်ဖွားလာတတ်ကြပါသည်။ +ဘတ်စတီးအကျဉ်းထောင်ကြီးကို စီးနင်းတိုက်ခိုက်ခဲ့သည်+ ဟု ကျနော်တို့ပြောလေ့ရှိကြသည်။ အမှန်အားဖြင့် ဘတ်စတီးအကျဉ်းထောင်ကြီးကို မည်သူကမျှ စီးနင်းတိုက်ခိုက်ခဲ့သည် မဟုတ်ပါ။ ၁၇၈၉ ဇူလိုင်လ ၁၄ ရက်သည် ပြင်သစ်တော်လှန်ရေးကြီးအတွင်းက သာမန်နေ့တစ်နေ့သာ ဖြစ်ပါသည်။ ပါရီမြို့သူမြို့သား များသည် အကျဉ်းထောင်ကြီးထဲသို့ အလွယ်တကူ ဝင်သွားခဲ့ကြကာ အနည်းငယ်သာ ကျန်တော့သော အကျဉ်းသား အချို့ကို လွှတ်ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ သို့တိုင်အောင် ဘတ်စတီးအကျဉ်းထောင်ကို သိမ်းပိုက်သည့်နေ့ကို ပြင်သစ်တော်လှန်ရေး၏ အမျိုးသားနေ့ အဖြစ် သတ်မှတ်နေကြပါသည်။

အီလျာ အာရင်ဘတ်

ကောက်နှုတ်+ထင်မြင်ချက်

အီလျာ အာရင်ဘတ် အဖို့ ကဗျာသည် အပျင်းဖြေစရာ တစ်ခုမဟုတ်။ သက်မွေးမှု လုပ်ငန်းတစ်ခုမဟုတ်။ သူ့အဖို့ ကဗျာသည် ဘဝသက်တာ လုပ်ငန်းဖြစ်သည်မှာ ထင်ရှားပါသည်။ ထို့ကြောင့်ပင်လျှင် သူ့ကဗျာ ကာရန်များသည် ချောမွေ့ခြင်း မရှိဘဲ ဖြစ်နေခြင်း ဖြစ်ပါသည်။ အကြောင်းအရာများမှာလည်း ကဗျာဆန်သည်ဟု ပြောစမှတ်ပြုလေ့ရှိကြသော အကြောင်းအရာများ မဟုတ်ပါ။ သူ့ကဗျာထဲတွင် ယေဘုယျ လက်ခံထားသော ကဗျာပုံစံမျိုး မပါပါ။ ကျနော်တို့ ခေတ်တွင် ခေတ်စားနေသည့် ကဗျာဖွဲ့မှု အတတ်ပညာနှင့် တမင်ရှာကြံ စပ်ဟပ်ထားသည့် စကားလုံး အလှတွေ မပါပါ။ အီလျာ အာရင်ဘတ်၏ ကဗျာတွင် အဓိက ချို့ယွင်းချက်မှာ ကဗျာကို နိုင်ငံရေးသဘောတရား၏ လက်အောက်ခံအဖြစ် ထားခြင်းဖြစ်ပါသည်။ သူသည် အနုပညာကို ရှေ့တန်းတွင် မထားပါ။ ဤနည်းအားဖြင့် အာရင်ဘတ်သည် သူ့ခံစားချက်များကို ဖော်ထုတ်ရာတွင် မှေးမှိန်အားနည်းသွားတတ်ပါသည်။ အာရင်ဘတ်သည် စကားလုံးအလှများကို တမင်ရှောင်ကွင်းရင်းဖြင့် တစ်ဖက်စွန်းသို့ ရောက်သွားပါသည်။ သူ့ကဗျာသည် အသံမချိုပါ။ နားဝင်ပီယံမဖြစ်ပါ။ ရှည်ဝေးသော အနက်အဓိပ္ပါယ်တို့ကို အဓိကထား ဖော်ပြနေသဖြင့် သူ့ကဗျာသည် အဆင်အယင် ကင်းမဲ့နေပါသည်။ အာရင်ဘတ်သည် ကဗျာရေးရာတွင် ခေတ်ပြိုင်ယဉ်ကျေးမှုတွင် လှိုက်စားနေသော အနာအဆာတို့ကိုသာ အာရုံစိုက်လွန်းနေပါသည်။ ခေတ်သစ် ဥရောပ ယဉ်ကျေးမှု၏ ရှက်ဖွယ်ကောင်းသော ယုတ်ညံ့သော မကောင်းသော အရာတို့ကို ဖွင့်ချဖော်ထုတ်ဖို့သာ စိတ်စောနေပါသည်။ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကဗျာဆရာသည် ထိုလုပ်ငန်းကို ဦးစားပေးလုပ်သလို ဖြစ်နေပါသည်။ ကူးစက်ပြန့်သွားတတ်သော အနာကြီးကို ခွဲစိတ်နေသည့် ခွဲစိတ်ဆရာဝန်တစ်ဦးကဲ့သို့ သူ၏ အသံမချိုသော ကဗျာထဲတွင်လည်း ခေတ်သစ်ယဉ်ကျေးမှု၏ မကောင်းသည့်အရာ ရှက်စဖွယ်ကောင်းသည့် အရာတို့ကို ဖော်ထုတ်ဖွင့်ချထားပါသည်။

အာရင်ဘတ်အား ကဗျာဆရာကြီး ဘရိုင်းယူးဆော့၏ ဝေဖန်ချက်။ (လူများ သက္ကရာဇ်များ ဘဝ- ဆရာမြသန်းတင့်)

၎င်းဝေဖန်ချက်အပေါ် အာရင်ဘတ်၏ ပြန်လည်ပေးစာရှိပါသည်။ တချို့အချက်များကို လက်ခံပြီး အချို့ အချက်များကို လက်သင့်မခံကြောင်းပေါ့လေ။

မြန်မာနိုင်ငံတွင် အာရင်ဘတ်ကဲ့သို့ ကဗျာဆရာများ အများအပြား ပေါ်ပေါက်ရန် အခြေအနေရှိသော်လည်း အများအပြားမရှိပါ။ ကဗျာရေးနည်း ငြင်းခုန်ရင်းနဲ့ပဲ ကဗျာတွေဟာ လျှောမွေးတွေ ဖြစ်ကုန်ကြရပါတယ်။

စိတ်မကောင်းစရာပေါ့။

ကောက်နှုတ်ချက်

၁၉၂၂ ခုနှစ်တုန်းက ဘရိုင်ယူးဆော့က ဤသို့ပြောခဲ့ပါသည်။

ဒဿနိကဗေဒ သဘောဖြင့်မဟုတ်ဘဲ အနုပညာနယ်ပယ်တွင်သုံးစွဲနေသည့် သဘောအရပြောရလျှင် သရုပ်မှန်ဝါဒ-ရီယယ်လစ်ဇင်း ဆိုသည်မှာ ပကတိအစစ်အမှန်ကို အနုပညာရှင်က သစ္စာရှိစွာ ဖော်ပြခြင်းကို ဆိုလိုပါသည်။ သို့ရာတွင် ပကတိအစစ်အမှန်ကို မဖော်ပြသည့် အနုပညာရှင်ဟူ၍ ဘယ်သူ ဘယ်နေရာ ဘယ်အချိန် ဘယ်တိုင်းပြည် ဘယ်ကာလတွင် ရှိခဲ့ဖူးပါသနည်း။ သရုပ်မှန်ဟုတ်၏ မဟုတ်၏ ကွဲပြားအငြင်းပွားနေကြခြင်းမှာ အစစ်အမှန် သရုပ်မှန်ဆိုသော စကားလုံးကို နားလည်ရာတွင် ကွဲလွဲနေသောကြောင့် ဖြစ်သည်။ အီတလီပြည် ရီနေဆွန်းခေတ်က ပန်းချီဆရာကြီးများ သို့တည်းမဟုတ် ရာဖီယယ်အကြိုခေတ် ဆရာကြီးများဟု ဆိုသင့်သော ဒတ်ခ်ျနှင့် ဖလင်းမစ် ရှုခင်း ပန်းချီဆရာကြီးများသည်ကော အစစ်အမှန်မဟုတ်သော သရုပ်မှန်မဟုတ်သော အရာများကို ရေးဆွဲခဲ့ကြပါသလော။ အချို့သော ဝေဖန်သူများက အစစ်အမှန်နှင့် နည်းနည်းမှ မတူသည့် အသွေးအရောင် ကွက်ကွက်ကြီးတွေ ဆေးစက်အတုံးအကွက်တွေကို ရေးဆွဲခဲ့ကြသည်ဟု စွပ်စွဲခဲ့ကြသော အင်ပရက်ရှင်းနစ် ပန်းချီသမားများသည်လည်း အစစ်အမှန်မဟုတ်လျှင် ဘာကို ရေးဆွဲခဲ့ကြပါသနည်း။ သူတို့သည်လည်း အစစ်အမှန်ကို သစ္စာရှိစွာ ဖော်ပြရန် ကျွန်တော်တို့၏ အမြင်အာရုံမှ မြင်ရသည့်အတိုင်း ဖော်ပြရန်အတွက် ဆေးကွက်အတုံးအတစ်ကြီးတွေကို သုံးခဲ့ကြခြင်း ဖြစ်ပါသည်။

(ဆရာ မြသန်းတင့် - ဘာသာပြန်သော လူများ သက္ကရာဇ်များ ဘဝ)မှ

ထင်မြင်ချက်

ကဗျာရေးတဲ့ ကဗျာဆရာတစ်ယောက်အနေနဲ့ ကျနော်ဟာ ဘယ်ဝါဒ ဘယ်အယူအဆ ဘယ်ရေးသားနည်း ဘယ်သူ့ဟန် ဘာကို ကိုယ်စားပြုတာ စသည်ဖြင့် ပြောချင်ရင်လည်း ပြောမယ် မပြောချင်ရင်လည်း မပြောဘူး။ ကဗျာဆရာမှာ အဲဒီတာဝန် မရှိပါဘူး။ အဲဒါ ဝေဖန်ရေးဆရာ ပညာတတ်တွေရဲ့ အလုပ်ပါ။ ထို့အတူပဲ ကဗျာခေတ်ကို ကဗျာဆရာကပဲ ရွေးချယ်ပါတယ်။ ဝေဖန်ရေးဆရာရဲ့ အလုပ်မဟုတ်ပါဘူး။ ဝေဖန်ရေးဆရာတွေဟာ ကဗျာခေတ်ကို မပြောင်းလဲနိုင်ပါဘူး။ တင်သွင်းသူ ဆိုရင်တော့ အနည်းငယ် သြဇာ ရှိနိုင်သပေါ့။ ဒါလည်း ခေတ်က မတောင်းဆိုဘဲ မဖြစ်နိုင်ပါဘူး။ လူတွေ စိတ်မဝင်စားရင် စကြာဝဠာဟာ မကြီးကျယ်ပါ။

အလုပ်အပ်ခြင်း

ဒီကဗျာ ကျနော် နည်းနည်းပြင်ဦးမှာပါ။ အကြမ်းထည်လေးပေါ့။

*** အလုပ်အပ်ခြင်း ***

ကမ္ဘာကြီးကို ဖျက်ပေးမယ်

ဒေါ်လာ ၁၀၀၀ ဘီလီယံ ပေးပါ

ကမ္ဘာကြီးကို ဖျက်ပေးမယ်

ဆင်ခြင်တုံတရားမဲ့ စစ်သား ၁၀သန်းတော့ပေးပါ

ကမ္ဘာကြီးကို ဖျက်ပေးမယ်

နောက်ထပ်ဘာသာကြီးနှစ်ခုနဲ့

အစွန်းရောက် ၁ သန်း ပေးပါ

ကမ္ဘာကြီးကို ဖျက်ပေးမယ်

နျူလက်နက် ၁၀၀၀ ပေးပါ

ကမ္ဘာကြီးကို ဖျက်ပေးမယ်

ရောဂါပိုး ဗိုင်းရပ်အသစ် အမျိုး ၁၀၀ ပေးပါ

ကမ္ဘာကြီးကို ဖျက်ပေးမယ်

ကမ္ဘာကြီးကို ဖျက်ပေးပါ့မယ်

နောက်တစ်ခါ ပြန်စလို့ မရအောင်

စကြာဝဠာအင်အားစုလျော့သွားအောင်

လူသားမျိုးနွယ်စုကြီးတင်မက

သက်ရှိမျိုးစိတ်ရဲ့ ဇာတ်သိမ်းခန်းအတွက်

ကမ္ဘာကြီးကို ဖျက်ပေးမယ် ။

မင်းဟာက ကြေးကြီးလွန်းပါတယ်ကွာ

ငါ့ဟာငါပဲ စာသင်ကျောင်းတွေလိုက်ဖျက်တော့မယ်

နည်းနည်းတော့ အချိန်ပေးရမပေါ့

အကောင်ကြီးတော့

အားနည်းနည်းပိုစိုက်ရမပေါ့။ ။

လင်းခါး
၃-၆-၂၀၁၃

ထင်မြင်ချက်

ကမ္ဘာကျော် နိုင်ငံရေး ခေါင်းဆောင်နဲ့ ကမ္ဘာကျော် ကဗျာဆရာ ဘာကွာသလဲ လို့ မေးလာရင် ဖြေစရာ တစ်ချက်ရှိပါတယ်။

အမေစုဟာ ကျနော်တို့နိုင်ငံရဲ့ အငြင်းပွားဖွယ်မရှိ ကမ္ဘာကလေးစားရတဲ့ ကမ္ဘာကျော်နိုင်ငံရေးခေါင်းဆောင်ပေါ့။

အမေစု မွန်ဂိုလီယားနိုင်ငံကိုရောက်တော့ မီဒီယာ တစ်ခုကမေးပါတယ်။ တိဘက်ဒေသနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ဘယ်လိုရှိသလဲပေါ့။ အမေစုအနေနဲ့ ဒီမေးခွန်းရဲ့ အဖြေအမှန်ကို သမိုင်းနဲ့ချီပြီး အများကြီးသိတာပေါ့။ အများကြီးဖြေနိုင်တာပေါ့။ ဒါပေမယ့် အမေစု ဖြေသွားတာကတော့ တရုတ်နိုင်ငံရဲ့ အလွန်ထိလွယ်ရှလွယ်တဲ့ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ကို မဖြေဆိုနိုင်ပါဘူးလို့ ပြောသွားပါတယ်။

ဒီနေရာမှာ အမေစု မှားတယ်လို့ ဆိုလိုချင်တာ မဟုတ်ဘဲ အင်မတန်ရှုပ်ထွေး သံတမန်သဘောအရ သိပ်နီးကပ်ထိစပ်နေပြီး သိပ်အင်အားကြီးလွန်းတဲ့ တရုတ်လို နိုင်ငံမျိုးရဲ့ အိမ်နီးချင်းဖြစ်နေတာကိုက နိုင်ငံရေးသမားကောင်းတစ်ယောက်အနေနဲ့ ဒီလိုဖြေဆိုတာဟာ အကောင်းဆုံးပဲဆိုတာ ကျနော်တို့လို သာမညောင်ညလေးတွေတောင်သိပါတယ်။

ဒါပေမယ့် ဒီလိုမေးခွန်းမျိုးကိုပဲ ကဗျာဆရာတစ်ဦးကို မေးကြည့်ပါ သူ့အဖြေဟာ ကိုယ့်ကိုယ်ကိုယ်မီးရှို့ဆန္ဒပြစတေးခံခဲ့တဲ့ တိဘက်လူငယ်တွေနဲ့ တိဘက်ရဟန်းတော်တွေဘက်က အပြည့်အဝ ရပ်တည်နေမှာ သေချာပါတယ်။

အနုပညာသမား နဲ့ နိုင်ငံရေးသမား ကွာတာ ဒါပါပဲ။ ။

လင်းခါး

သွေး

*** သွေး ***

ပုရွတ်ဆိတ်အုံလို တော်လှန်သူများအတွက်
ရေကာတာကျိုးသလို ကျည်ဆံတွေ။

တော်လှန်သူ မိဘများရဲ့ သေပွဲဝင်မှုကို
ဆာလောင်နေတဲ့ ကလေးတွေ
အစိမ်းလိုက်မြင်ခဲ့ရ။
တော်လှန်သူ အစ်ကိုများရဲ့ လမ်းခုလတ်ကျဆုံးမှုကို
မွတ်သိပ်နေတဲ့ ညီငယ်တွေ
အစိမ်းလိုက် ကြေကွဲရ။
ကမ္ဘာကြီးပြသမျှရုပ်ရှင်တွေထဲ
ဘယ်တော့မှ မေ့မသွားတော့မယ့် အခန်းပါပဲတဲ့။

တော်လှန်သူတွေဟာ
လေယာဉ်ပျံကို ခဲနဲ့ထုတာမဟုတ်
လမင်းကို မျော့ကွင်းနဲ့ပစ်ခဲ့တာမဟုတ်။

ဝံပုလွေ မျက်လုံးနီကို
မျက်ရည်စို့တတ်ဖို့ သင်ကြားတာ

သမိုင်းမဖြစ်သေးတဲ့ လှည်းဘီးကို
ကူ၍ တွန်းခဲ့တာသာ ဖြစ်တယ်။

ကမ္ဘာမှာ
သမိုင်းရဲ့ မျက်လုံးဟာ ဘယ်တော့မှ မကွယ်
သမိုင်းရဲ့ နားတွေဟာ ဘယ်တော့မှ မကန်း
သမိုင်းရဲ့ စာမျက်နှာတွေဟာ ဘယ်တော့မှ မပျက်စီးပါ။

တစ်နေ့မှာ
သမိုင်းရဲ့ အမှန်တရားဟာ
သင်္ချိုင်းထဲက လူသေကောင်ကုန်းထသလို ထလာမှာ
မှားနေတဲ့ ကုပ်ပိုးတွေ သတိထား။ ။

လင်းခါး
၃-၆-၂၀၁၃
တော်လှန်ရေးများသို့