စာရေးခြင်း
***စာရေးခြင်း***
သတိရ၍ စာရေးလိုက်ပါသည် ဒေါ့စတိုယက်စကီ ခင်ဗျားး။ တကယ်တော့ ခင်ဗျားက
ကျနော့်ကို မသိပါဘူး။ ခင်ဗျားရေးခဲ့တာ အများကြီးရှိမှန်းသိပေမယ့်
ကျနော်ကတော့ ခင်ဗျားရဲ့စာ ဆိုရင် ကာရာမားဇော့ ညီနောင်များလောက်ပဲ
ဖတ်ဖူးတာပါ။ အဲဒါနဲ့ပဲ ကျနော်အတွက် ခင်ဗျားက ပြီးပြည့်စုံသွားပါပြီ။
တကယ်တော့ ခင်ဗျားတို့ ရုရှတွေဟာ ဘယ်တုန်းကမှ လူ့အခွင့်အရေးဆိုတာ အပြည့်အဝ
မရခဲ့ဖူးပါဘူး။ ဒါတောင်မှ ကျနော်တို့ထက် သာနေပါသေးတယ်။ နောက်ပြီး
ခင်ဗျားတို့ နိုင်ငံက စာရေးဆရာတွေဟာ လူတော်တွေချည်းပါပဲ။ ကမ္ဘာကျော်ထဲက ဆို
ကျနော်သိတာက ဂိုဂိုး လီယိုတော်စတွိုင်းနဲ့ အယ်လက္ကဇီတော်စတွိုင်း ချက်ကော့
ဘဲလမောင့် အာရင်ဘတ် မာယာကော့စကီး ဒီလောက်ပါပဲ။ တချို့ လူတွေတော့ နာမည်
မမှတ်မိတော့ ပါဘူး ခင်ဗျားတို့နာမည်တွေက မှတ်ရခက်လွန်းပါတယ်။
ကြက်သွေးရောင်ပန်းဆိုရင် ဂေါ်ကီရေးတာလား ဘာလားတောင် ကျနော်မမှတ်မိတော့ဘူး
ခင်ဗျားကတော့ အပြစ်မမြင်ဘူး မဟုတ်လား။
လီနင်ရေးတာလေး နည်းနည်းတော့ ကျနော်ဖတ်ဖူးပါတယ်။့
ခင်ဗျားတို့ကို တစ်ခါတလေ ကျနော် သနားတယ် လီယိုတော်စတွိုင်းရဲ့ ပုံပြင်တွေ
ဖတ်တုန်းကဆိုရင် ခင်ဗျားတို့ ပိတ်မိနေတဲ့ အခန်းကို ကျနော်သိနေတယ်။
တံခါးပေါက်ကိုလည်း ကျနော်သိတယ်။ ခင်ဗျားတို့ရဲ့ လွတ်လမ်းကို ကျနော်
သိတယ်ပေါ့ဗျာ။ ခင်ဗျားတို့ဟာ တစ်မီလီမီတာလောက်ပြတာနဲ့
တစ်မိုင်လောက်မြင်မယ့်သူတွေဆိုတော့ ခင်ဗျားတို့ကို
ကျနော်ပြောပြချင်လိုက်တာဗျာ ဒါပေမယ့် ဝမ်းနည်းစရာက ခင်ဗျားတို့ဟာ
ကွယ်လွန်ပြီးကြပြီ။ ခင်ဗျားဆိုလည်း ဒီအတိုင်းပဲ ခင်ဗျားရဲ့
ကာရာမာဇော့ညီနောင်များကို ဖတ်လိုက်တာနဲ့ ကျနော်သိလိုက်တာက ခင်ဗျားတို့ဟာ
ကပ်သင့်နေတယ်ဆိုတာကိုပဲ။ ခင်ဗျားတို့ ရုရှပြည်ကြီးမှာ ကလေးသူငယ်တွေကအစ
ငြင်းခုန်မှုတွေနဲ့ ခေတ်ကြီးကို မေးခွန်းထုတ် အချိန်ဖြုန်းနေကြတာ
ဘာသာတရားနဲ့ ပတ်သက်လို့ ခင်ဗျားတို့ မရောင့်ရဲ နိုင်ကြတာ
လိုဘမပြည့်နိုင်ကြတာတွေကို ခင်ဗျားမုန်းနေပြီဆိုတာ ကျနော်သိလိုက်ရတယ်။
မှန်ကန်တဲ့ အမြင်ဟုတ်မဟုတ်ဆိုတာတော့ ခင်ဗျားမရှိတော့လို့
အတည်မပြုနိုင်တော့ပါဘူး။
ကျနော်တို့ဟာ ဂိုဂိုးရဲ့ ကုတ်အကျီင်္က
ဆင်းသက်ကြတယ်လို့ ခင်ဗျားတို့ထဲက ဘယ်သူလဲပြောတော့ ဂိုးဂိုးကို ရှာဖတ်မိတယ်။
တာရော့ဘူဘာကတော့ ကြိုက်တယ်ဗျာ။ ကုတ်အကျီင်္ကတော ကြိုက်တော့ကြိုက်ပါတယ်။
ဟက်ဟက်ပက်ပက်တော့ မရှိလှဘူး။ ဒါပေမယ့် ဒါဟာ အချိန်ကာလပဲဆိုတာ
ကျနော်နားလည်ပါတယ်။
ကျနော်လည်း ကျနော့်နိုင်ငံမှာ ဝတ္ထုလေးတွေ
စမ်းရေးနေပါတယ်။ ချက်ကော့နည်းကြီးကတော့ ခေတ်နောက်ကျသွားပါပြီဗျာ။
သူ့ဝတ္ထုတွေကတော့ ကျနော့်အသည်းစွဲပါပဲ။ တစ်ခုရှိတာက ကျနော့်တို့ဆီမှာက
အတွင်းသားကို မချဉ်းကပ်နိုင်ကြဘူးဗျ။ အဖြစ်အပျက်တွေကိုပဲ ဝတ္ထုလုပ်နေကြတယ်။
ဒီလိုပြောလိုက်လို့ ကျနော်ကတော့ ချဉ်းကပ်နိုင်တယ်လို့ မဆိုလိုပါဘူး။
ယနေ့ကျနော်တို့ခေတ်ဟာ ခင်ဗျားတို့တော်လှန်ရေးကာလနှောင်းပိုင်းနဲ့
နည်းနည်းဆင်သလို ရှိပေမယ့် မတူပါဘူး။ ကျနော်တို့ ရန်သူဟာ စားပွဲပေါ်က
သုံးဆောင်စရာတွေ အပြင်အဆင်တွေနဲ့ ရောထွေးနေတယ်။ ကျနော်တို့ဟာ စီစီဖတ်ရဲ့ 
ကျောက်တုံးကြီး ဒဏ္ဍာရီလို ဖြစ်မှာကို ထိတ်လန့်နေရတယ်ဗျာ။ သမိုင်းဟာ နာတာရှည်
အဘိုးကြီးလိုပဲ မရွေ့တော့ဘူး။ ပြောပြီးသားတွေ ပြန်ပြန်ကျော့နေတယ်။
ကျနော်တို့မှာ အာရင်ဘတ်တို့ပြေးသလို ရိုတွန်ကဖေး လည်းမရှိဘူး။
စာကလည်း ပုံမှန်ပေးစာတစ်စောင်ထက်ကို ပိုရှည်နေပါပြီ။
ခင်ဗျားမဖတ်နိုင်တော့မှန်းသိလို့ ကျနော်က ဒါကို ရေးနေပြီး ဒါကို
အိတ်ဖွင့်လိုက်မှာပါ။ ကျနော်တစ်ခု စဉ်းစားမိတာက ခင်ဗျားဆီကို ဘာလို့
စာရေးချင်တယ် ကျနော်မသိတာပဲ။ ဥပမာ ချက်ကော့ရေ ခင်ဗျားဆီကို
ကျနော်စာရေးလိုက်ပါတယ်။ ဒါမှ မဟုတ် ရှိတ်စပီးယားရေ သို့မဟုတ် ဟဲမင်းဝေး
ဒိပြင် ရှယ်လီ လူတွေ ဂန္တဝင်တွေ အများကြီးပဲလေ။
ဘာပဲဖြစ်ဖြစ်ပါဗျာ
ခင်ဗျားရှိခဲ့တာကို ကျနော်က ကျေးဇူးတင်ပါတယ်။ မိုဗီဒစ်တို့ အန်ကယ်တွမ်
ကပ်ဘင်းတို့ ဒွန်ကွိဇုတ်တို့ ဒိပြင်တို့ ဂန္တဝင်တွေရေးခဲ့သူတွေကို လည်း
ကျနော်က ကျေးဇူးတင်ပါတယ်။ ကျေးဇူးတရားဟာ အလင်းလိုပဲ လှိုင်းတစ်ခုလိုဆိုရင်
လှိုင်းစီးနိုင်တာပေါ့။
ကျေးဇူးပါ ဒေါ့စတိုယက်စကီရေ
လွတ်မြောက်ရာလမ်းကို တွေ့မှာပါ။ တို့ဟာ ပြီးသွားတာမှ မဟုတ်တာပဲ။
ရှားလော့ဟုမ်း ဝတ္ထုထဲကလိုဆိုရင် သေခြင်းဟာ အစပဲ။
လေးစားလျက်
လင်းခါး
No comments:
Post a Comment