Friday, June 14, 2013

မီဒ

မီဒီယာတွေ ကိုယ်တိုင်က ငါးပွက်ရာ ငါးစာချနေကြသလား ---

မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်တဲ့။ ဒီနေ့ ကျနော်တို့ နိုင်ငံက မီဒီယာအကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။

ဆရာကြီးမြသန်းတင့်ရဲ့ ရှုခင်းဆိုလားပဲ။ စာအုပ် ကျနော့်သူငယ်ချင်းတစ်ယောက် ငှားလို့ ဖတ်လိုက်ရတော့ သူတို့ နိုင်ငံတွေမှာ press media ဟာ online media နဲ့ ယှဉ်ခဲ့ရတာ ကြာလှပါပြီ။ ဆိုတော့ online media တွေကို တကယ့်သတင်းတွေနဲ့ ပတ်သတ်လို့ ဦးဖို့ ယှဉ်ပြိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လူတိုင်းမှာ ဟန်းဖုန်းလေးတွေနဲ့ ချက်ချင်းရိုက် ချက်ချင်းတင် citizen journalist ဆိုတာလည်း ကျနော်တို့ဆီမှာ ဖြစ်လာတာ ဘာမှမကြာသေးပါဘူး။ သူတို့ဆီမှာများကတော့ လူတိုင်းဟာ အထူးအဆန်းတွေတင်ဖို့ ကိုယ့်ဘေးမှာ သတင်းဖြစ်လာရင် online တင်လိုက်ဖို့ သင်စရာတောင် မလိုတော့ပါဘူး။ ဆိုတော့ press media ရဲ့ အလုပ်ဟာ သတင်းတစ်ခုကို အရှိအတိုင်း တင်လိုက်နိုင်တဲ့နေရာမှာ ဘယ်လိုမှ online ကို မမီနိုင်တဲ့အခါကျတော့ သတင်းသုံးသပ်ချက်၊ သတင်းဆောင်းပါးတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ press တွေ ဒီလိုလုပ်တော့ online ကလည်း ဘယ်နေလိမ့်မလဲ။ လုပ်တာပေါ့။ ဆိုတော့ အဲဒီနေရာကျပြန်တော့လည်း မယှဉ်နိုင်။ နောက်ဆုံးမှာ press တွေဟာ shock သတင်းတွေနဲ့ ပတ်သက်ပြီး တာဝန်ကျေရုံလောက်ပဲ လုပ်တော့ပြီး။ Review လေးတွေ လုပ်လာကြပါတယ်။ အတိတ်ပါမယ်၊ ပစ္စုပ္ပန်ပါမယ်၊ အနာဂတ်ပါမယ်။ ရသဟန် သတင်းရေးနည်းခေါ်မလား မသိဘူးပေါ့ဗျာ။ ဆရာမြသန်းတင့်ရဲ့ အဲဒီ reveiw ဘာသာပြန်လေးတွေဟာ အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဘယ်နေရာမှာ အင်္ဂါဂြိုဟ်က ဂြိုဟ်သားတွေ ဆင်းသက်တယ်။ ဘယ်နေရာမှာ အကြီးအကျယ် စိတ်ထိခိုက်ဖွယ်ကြီးဖြစ်သွားတယ်ဆိုတဲ့ သတင်းတွေထက် သာမန်လူတွေရဲ့ ဘ၀ ၊ သာမန်လူတွေရဲ့ နေထိုင်မှု၊ သာမန်လူတွေရဲ့ ဖြတ်သန်းမှုတွေကို ရေးပြလိုက်ပါတယ်။

ပြောချင်တာကတော့ press media တွေရဲ့ အားထုတ်မှုကောင်းကို ပြောချင်တာပါ။

ကျနော်တို့ဆီမှာ လူထုခေါင်းဆောင်ဒေါ်ဆောင်ဆန်းစုကြည်က သမ္မတ ဖြစ်ချင်တယ်လို့ ပြောတော့ ဂျာနယ် သတင်းစာတွေက အဲဒါကို ရေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရမယ် ဆိုတော့ ဖွဲ့စည်းအခြေခံဥပဒေပြုပြင်ဖို့ ဘာတွေလိုအပ်တယ်။ ဘယ်လိုပြင်ရမယ် သုံးသပ်ချက်တွေရေးတယ်။ မြစ်ဆုံ ကိစ္စတုန်းက ဘယ်ဂျာနယ်လှန်လှန် မြစ်ဆုံပဲ။ လက်ပတောင်းမှာ သံဃာတော်တွေ မီးလောင်ဗုံးသုံးတော့လည်း ဘယ်နေရာ ဘယ်ဂျာနယ် ကြည့်ကြည့် လက်ပတောင်းပဲ။ မီးပျက်လို့ ဆန္ဒတွေပြကြတယ်ဆိုတော့လည်း ဂျာနယ်တွေထဲမှာ မီးပျက်ရတဲ့ အကြောင်းတွေပဲ၊ နောက်ပြီး စက်ရုံအလုပ်သမားတွေ ဆန္ဒပြကြတော့လည်း စက်ရုံအလုပ်သမားတွေ ချည်းပဲ။

ဟ ဒါတွေ မရေးလို့ ဘာရေးရမှာတုန်းကွလို့ ပြည်သူတွေရဲ့ အဖြစ်မှန်ကို တင်ပြနေတာပဲလို့ ပြောမယ်။ မှန်ပါတယ်။ ကျနော်က ဒါဆိုရင် ဒါချည်းပဲကို ဆိုလိုရင်း မဟုတ်ပါ။ ခု ခင်ဗျားဘေးနားမှာ ဂျာနယ်ရှိရှိ သတင်းစာရှိရှိ ကောက်လှန်လိုက်ပါ။ အဲဒီအကြောင်းတွေ ပါသေးသလားလို့၊ လက်ပတောင်းကိစ္စ ဘယ်သတင်းစား ဘယ်ဂျာနယ်မှာ ရေးသေးသလဲ။

ဆိုလိုချင်တာက ကျနော်တို့ တစ်နိုငငံလုံး မီးတွေပျက်ကြတော့ မီးလာဖို့ ဆန္ဒတွေပြကြတယ်။ အရူးတစ်ယောက်က ထပြီး ပိုလို့ ရောင်းစားနေရတယ် ပြောတော့ ပြည်သူ့ ဒေါသက ပိုကြီးလာကြ တယ်။ အခု ဒီနေ့ မှာလည်း မီးတွေကလည်း ပျက်တုန်းပဲ။ ဒါပေမယ့် ဆန္ဒမပြကြတော့ဘူး။ ဆိုပေမယ့် ဟိုအရင်တစ်နှစ်က နိုင်ငံခြားက ကူညီလိုက်တဲ့ မီးစက်ကြီးခြောက်လုံး ဘယ်ရောက်သွားလဲ ဆိုတဲ့ ကိစ္စ၊ ဘယ်ဂျာနယ်တွေရေးသလဲ။
နောက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာတုန်းက ပေးသွားတဲ့ ကတိတွေ ဘယ်နှစ်ခုက ပြီးမြောက်သွားပြီ ဖြစ်ပြီး ဘယ်နှခုကတော့ လုပ်ဆဲ စသဖြင့် သုံးသပ်ချက် ဘယ်ဂျာနယ်ရေးပြးသလဲ။ မြစ်ဆုံကိစ္စဆိုတာ ခုမှ China Power Investment က ပြန်လုပ်ဖို့ တာစူနေလို့ သတင်းသဲ့သဲ့ ပြန်ထွက်လာတာပါ။ နောက်ပြီး မြစ်ဆုံ တမ်ဖဲ(ထင်တယ်)ကျေးရွာက ဒေသခံတွေကို မြစ်ဆုံနေရာကို ပြန်ရွှေ့လို့ အတင်းအဓမ္မပြန်မောင်းထုတ်တာ ဘယ်သတင်း ဘယ်ဂျာနယ်က ဖော်ပြသလဲ။

သတင်းစာများသည် သမိုင်းကို ဖော်ပြနေကြသည် ဆိုတဲ့ စကားကို ဆရာကြီးတစ်ယောက်က ပြင်လိုက်တာ ကြားဖူးပါတယ်။ သတင်းစာများသည် သမိုင်းကို (ဖော်ဆောင်နေကြသည်၊ ရေးနေကြသည်) ဖန်တီးနေသည် (စကားလုံး အတိအကျမဟုတ်ပါ)။

မှန်ပါတယ်။ မီဒီယာ ဆိုတာ ပြည်သူကို ဦးဆောင်ရတာပါ။ ပြည်သူ့နောက်လိုက် မဟုတ်သလို အစိုးရ နောက်ဆွဲလည်း မဖြစ်ရပါဘူး။ အစိုးရက တစ်ခုပြော မီဒီယာက အဲဒီတစ်ခု လိုက်ရေးဆိုတာ မျိုး၊ လူထုခေါင်းဆောင်က တစ်ခုပြော မီဒီယာက အဲဒီတစ်ခု လိုက်ရေးဆိုတာ မီဒီယာနဲ့ မတူပါဘူး။ ကလေးတစ်ယောက် ဆရာပေးလိုက်တဲ့ အိမ်စာလိုက်လုပ်နေရသလိုပါပဲ။

အိုဘားမား အစိုးရဟာ သူတက်လာတော့ ဂွမ်တာနာမို အကျဉ်းစခန်းပိတ်ဖို့ အာဖဂန်က စစ်သားတွေ အမြန်ဆုံးပြန်လည်ခေါ်ယူဖို့ ကတိပေးခဲ့ပါတယ်။ အမေရိကန်မီဒီယာတွေဟာ ဒီအချက်ကို အခုထိ စွဲစွဲမြဲမြဲ ထိုးနှက်နေတုန်းပါပဲ။

တစ်ခါက ဂျပန်ဝန်ကြီးချုပ်ဟာ သူတို့ ဂျပန်ကျွန်းတစ်ကျွန်းပေါ်က (ကျွန်းအမည် မမှတ်မိပါ) အမေရိကန် စစ်သားတွေ မထားပါဘူးလို့ ကတိပေးပြီး တက်လာတာ။ သိပ်မကြာပါဘူး။ ၀န်ကြီးချုပ်နှုတ်ထွက်သွားပါတယ်။ သူ့တာဝန် သူမကျေလို့ သူ့ဘာသာ ဂုဏ်သိက္ခာရှိရှိ နှုတ်ထွက်သွားတာပါ။

တစ်ခါတလေ ကျနော်တို့ဟာ ဟော့သတင်းတွေမဟုတ်ဘဲ သိချင်နေတဲ့ သတင်းတွေရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ မဖတ်ရပါဘူး။ ဘယ်မီဒီယာမှာမှ ရှာမရပါဘူး။ ဒီနေရာမှာ ပြည်ပမီဒီယာတွေကအများကြီး သာပါတယ်(voa, rfa, bbc, dvb)
အခုအချိန်မှာဆို ကျနော်သိချင်တာက လက်ပတောင်းတုန်းက ဆေးရုံတက်ရတဲ့ သံဃာတော်တွေ ဒဏ်ရာ အရှင်းပျောက်ကြပြီလား၊ လက်ပတောင်းအစီရင်ခံစာကို အစိုးရက ဘယ်လောက်အကောင်အထည်ဖော်ပေးသလဲ။ နောက် သတင်းစာ ဂျာနယ်တွေရဲ့ ဈေးကွက် အခြေအနေ ဘယ်လိုရှိပါသလဲ။ မြန်မာနိုင်ငံက ကလေးအလုပ်သမားတွေဟာ တစ်နိုင်ငံလုံး ဘယ်လောက် ရာခိုင်နှုန်းရှိသလဲ။ HIV ပိုး ကူးစက်ခံ ပြည်သူ ဦးရေ ဘယ်လောက်ရှိနေသလဲ။ ကုသပေးတဲ့နေရာ လုံလောက်ရဲ့လား။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ မြန်မာနိုင်ငံအနှံ့ဖွင့်ထားကြတာတွေ ရှိပါတယ်။ အဲဒီကလေးတွေရဲ့ ဇစ်မြစ်နောက်ခံ ပြသနာက ဘာလဲ စသဖြင့် ။ ကျနော်သိချင်ပါတယ်

မီဒီယာတွေဟာ အများကြိုက်ဟာ ဘာလဲ၊ စိတ်ဝင်စားသလဲပဲ ရှာနေပါတယ်။ သူရဲ့ ထိန်းကျောင်းမှုဆိုတဲ့ အလုပ်တွေကို တစ်ကယ်လုပ်နိုင်ရဲ့လား။

ကျနော် နည်းနည်း မေးခွန်းထုတ်နေမိပါတယ်။

လင်းခါး
(အချို့ အချက်အလက်များမှားယွင်းနေပါက ကျနော့်၏ မှတ်ဥာဏ်မကောင်းသောကြောင့်ဖြစ်ပါသည်)

No comments:

Post a Comment