Thursday, June 6, 2013

မဖဲဝါနှင့် မတော်မဆတွေ့ဆုံခြင်း

ကဗျာဆရာကြီး ဘယ်ကလာသလဲတဲ့ မဖဲဝါက မေးတယ်။ ကျနော်က သူ့ကို မဖဲဝါလို့ မသိပါဘူး။ သူက သူ့ကိုယ်သူ ကျမ မဖဲဝါပါလို့ မိတ်ဆက်လိုက်တော့ ကျနော့်မှာ ချွေးစေးတွေကလည်း ပြန် ကုပ်က ပူပူလာပြီး ကမန်းကတန်း သူ့ကို မေးမိတယ်။ ကျနော် သေပြီလား လို့။ ကျနော့်မှာ လုပ်စရာတွေ ရှိနေသေးတယ်လို့။ ကျနော့် မရှိရင် ဒီကမ္ဘာကြီး ဖြစ်မှာ မဟုတ်ဘူးထင်တယ်လို့ ပြောတော့ တရုတ်ကားတွေထဲက သိုင်းသမားတွေရယ်သလို မဖဲဝါကလည်း ရယ်တယ်။ မဟုတ်ပါဘူးဟယ် နင်ကလည်း ငါ ကွမ်းယာထွက်ဝယ်တာပါတဲ့။ နင်လည်း ကွမ်းယာလာဝယ်တာ မဟုတ်လားတဲ့ ပြောတယ်။ အဲဒီတော့မှ ကျနော့် ကိုယ့်ပါးကိုယ် ခပ်ဆတ်ဆတ်လေးရိုက်လိုက်ပြီး ခုနက ၀ါကျတွေ ကျနော်ပြန်ရုပ်သိမ်းပါတယ်ဗျာ။ သွေးရူးသွေးတန်မို့ပါလို့ ပြောတော့ ဟင့်အင်း ဒါတော့ သူမတတ်နိုင်ပါဘူးတဲ့။ သမိုင်းက ဒီဝါကျတွေကို သူ့ရဲ့ လျှာကြီးနဲ့ လိပ်ယူပြီး သိမ်းသွားပြီလို့ ပြောတယ်။ ကျနော်လည်း ရှက်မိတာပေါ့။ ဒါပေမယ့် ပြောက ပြောပြီးသွားပြီလေ။ ဘယ်တတ်နိုင်မှာလဲ။

မဖဲဝါက နင်တို့တွေ ဘယ်လိုဖြစ်လို့ မီးတွေကြီးရှိုးပစ်ကြတာတုန်းတဲ့။ အခုတော့ ငါ့မှာ သူဌေးမသာတွေနဲ့ ပဲ ဆော့နေရတယ်တဲ့။ လူဆင်းရဲ မသာတွေက ခေါင်းတိုင်မှာ မီးခိုးဖြစ်သွားတာကို သူက ပြောတာပါ။ သူဌေးတွေကတော့ မြေမြုပ်နိုင်ကြသကိုးဗျ။ ကျနော်လည်း ဘာမှတော့ မဖြေတတ်ဘူး။ ခုနက ရှက်တာကလည်း မပြေသေးတော့ သူ့ကို ဒီအတိုင်း ကြည့်နေမိတယ်။ အံမယ် မဖဲဝါက နာမည်လေးလည်း လှသလို လူကလည်း အချောဗျ။ ကွမ်းနည်းနည်းစားတော့ ကြည့်ရနည်းနည်းဆိုးတာတော့ ရှိတာပေါ့။

နောက်ပြီး သူဝတ်စားထားတာတွေက ဟိုပေါ် ဒီပေါ် မလော်လီဘူး။ အံမယ် မြန်မာဆန်ဆန်ပဲ။
မဖဲဝါက သူ့ကို စိုက်ကြည့်နေမှန်းသိလို့ ပြောသေးတယ်။ ဒါ အမေစုဒီဇိုင်းလေတဲ့။ မဖဲဝါက လာတယ်ဗျ။
နောက်ပြီး မဖဲဝါက ပြောသေးတယ်။ ဒါနဲ့ နင်တို့ အခု သရဏံဂုံ တင်ကြသေးလားတဲ့။ တင်တာပေါ့ဗျာလို့ ခင်ဗျားကလည်းလို့ ပြောတော့ သူက ဆိုလိုရင်းကို အရင်မခံစားဘူး။ သူ့ကို ခင်ဗျားလို့ ခေါ်လိုက်လို့ စိတ်ဆိုးသွားသေးတယ်။ ငါ့ရုပ်ကိုလည်း ကြည့်ပါဦးဟယ် နင့်တို့ထက် အသက်ကြီးတာတော့ ကြီးတာပေါ့။ ရုပ်ရည်က နင်တို့ မကွာပါဘူး။ အစ်မလို့ ခေါ်လည်း ရပါတယ်တဲ့။ သူက ပညတ်သဘောမှာ ဆတ်ဆတ်ထိမခံဖြစ်နေသေးတယ်။

နင်တို့က သရဏဂုံတင်တယ်သာပြောနေကြတယ်။ သေရင်တော့ ငရဲချည်းပဲတဲ့။
အဲဒါတော့ ကျနော်ဘယ်သိမလဲဗျာ။ လုပ်ရိုးလုပ်စဉ်တော့ လုပ်နေကြတာပဲလို့ ပြောတော့ နင်တို့လူတွေက ခက်တယ်။ ငါ့မှာ နင်တို့ကြောင့် အစိမ်းသေကြီးဖြစ်ရ ဘာဖြစ်ရနဲ့တဲ့ တခြားအကြောင်းတွေပြောသေးတယ်။ ဒီနေရာမှာ တစ်ခုရှိတာက သူပြောနေတာ မြန်မာစကားမဟုတ်ဘူးဗျ။ ဒါပေမယ့် ဘာလို့ ကျနော်နားလည်နေရသလဲ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် သိပ်မြန်သွားရင် နားမလည်တော့ဘူး။ ဘိတ်စကားနဲ့ တူမလားတောင် မပြောတတ်ဘူး။

ကျနော်က မဖဲဝါဆိုတာကြီးကို အစိမ်းလိုက် တွေ့နေရတော့ ဒီလိုလှပုံမျိုးနဲ့ ခုခေတ်မိန်းကလေးဆိုရင် အတော်မာနကြီးမှာပဲလို့ စိတ်ထဲက တွေးမိတယ်။ သူက သိသဗျ။ ငါက မာနမကြီးပါဘူးဟယ်တဲ့။ လှတာတော့ ငါလည်း ၀န်ခံပါတယ်တဲ့။ အံမာ အလာကြီးဗျ။ မဖဲဝါက။

ဒီလိုနဲ့ ကျနော်တို့လည်း သေတဲ့အကြောင်း မသာအကြောင်း သေချင်းဆိုးအကြောင်း အသေအေးတဲ့အကြောင့် သေတာကတော့ မလွတ်ပါဘူး။ ဒါတွေပဲ လျှောက်ပြောနေကြတယ်။ တစ်ခါတလေကျတော့ ပြောတဲ့စကားတွေက စိတ်ဝင်စားစရာ မဟုတ်ဘဲ ပြောနေရတာကိုက စိတ်ဝင်စားစရာ ဖြစ်နေရတယ်ဆိုသလိုပဲ သူနဲ့ စကားပြောရတာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ တကယ်တော့ သေတာ ကြေတာတွေ ကျနော်က သိပ်မတွေးတဲ့လူ။ သေတာမပြောနဲ့ ကြက်သွန်လှီးရင်း နှစ်စင်တီမီတာလောက်ကလေး ဓါးထိလို့ သွေးကလေးစို့ရင်ကို အိပ်ယာပေါ် လေးရက်လောက် နားယူရတယ်။ ဒါပေမယ့် မဖဲဝါနဲ့ စကားပြောရတာတော့ မသာဆိုလည်း စိတ်ဝင်စား၊ အလောင်းကြီးက ခါးကြီးကုန်းပြီး ကုန်းထလာတယ်ဆိုတော့လည်း သူ ခါးတွေ ဘာတွေ နာနေလို့လား မေးမိ မေးမိ။
တစ်ချို့အလောင်းတွေဆို ပုပ်ပုပ် ပွပွကြီး ထ ကစားနေတယ်ဆိုတော့လည်း တော်တော် ကမြင်းတဲ့ အလောင်းပဲနော်တို့ ဘာတို့ စကားထောက်။ နာဂစ်တုန်းကများဟယ် ငါ့မှာ ကစားလို့ကို မပြီးတော့ဘူး။ မသာတွေကလည်း များများနိုင်လွန်းလို့ ပြောတော့ နာဂစ်အတွက် အမြဲ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ကျနော်က ဘာကစားနည်းတွေက ကစားကြတုန်းဗျ ဘောလုံးကန်တာလား ထုပ်ဆီးတိုးတာလားတို့ မေးမိ ကျနော်စိတ်တွေကို မဖဲဝါက ဖမ်းစားထားသလို အိပ်မွေ့ချထားသလို ဖြစ်နေတော့ ကျနော့်မှာလေ သူပြောသမျှ ကုတင်ရွှေနန်းချည်းပဲ ဖြစ်နေတာပေါ့။

ဒီလိုနဲ့ ညနေစောင်းတော့ မဖဲဝါက နင်နဲ့ စကားပြောရတာ ကောင်းတယ်ဟာတဲ့။ နင်က ဖြတ်ထိုးဥာဏ်တွေ ဟာသဥာဏ်တွေရှိတယ်တဲ့ နင်ငါနဲ့ လိုက်ခဲ့ပါလားတဲ့ ပြောတယ်။

အဲဒီကျတော့မှ ကျနော့် အသိစိတ်က ၀င်လာပြီး ဟာ ... တော်တော် ခင်ဗျားကြီး ကျနော့်ကို မြူဆွယ်မနေနဲ့ ကျနော့်မှာ မိန်းမရှိတယ်ဗျ။ ခင်ဗျားက ဘာလဲ ညာလဲ လုပ်တော့မှ
ကွမ်းယာဆိုင်က လူက ကျနော်ဆိုင်ပိတ်တော့မယ်ဗျ။ ခင်ဗျားကလည်း အိပ်ရေးပျက်တယ်နဲ့တူတာ အိပ်လိုက်တာဗျာ မသာကြီးကျနေတာပဲ။ ပါးစပ်ကလည်း သရေတွေကျလို့ ဆိုတော့မှ

ဟ ငါ အိပ်မက်မက်နေတာပါလားလို့ တွေးမိပြီး သရေတွေ ဘာတွေသုတ် ထွီခနဲ တံထွေးတစ်ချက်ထွေးလိုက်ပြီး ရှက်တာလိုလို ရွံ့တာလိုလို ကြောက်တာလိုလိုနဲ့ ရမ်းပြီး ကွမ်းယာသည် အစ်ကိုကြီးကို ပိုက်ဆံတစ်ထောင်ထုတ်ပေးလိုက်တယ်။ ခင်ဗျားကလည်းဗျာ လူပဲ အိပ်ချင်အိပ်မှာပေါ့။ ဘာလဲ မသာကြီးနဲ့ တူသလေး ဘာလေးနဲ့ နောက်ဝယ်မစားဘဲ နေလိုက်မယ်လို့ ခပ်တည်တည် ဟောက်လိုက်တော့။ ဟိုလူ ဇက်ကလေးပုပြီး မသာရုပ်နဲ့ တောင် တူသွားတယ်။

လင်းခါး
7-6-2013

No comments:

Post a Comment