သက်ပြင်း
၂၀၀၃
မှာ ကျောက်ဆည်ကို ကျနော်ပြောင်းလာတော့ ကျနော်တို့အိမ်ရဲ့
မျက်နှာချင်းဆိုင်က မိသားစုဟာ တစ်အိမ်လုံး ဈေးသည်တွေချည်းပဲ။
အဲဒီမိသားစုရဲ့ ခေါင်းဆောင် အဘိုးကြီးနာမည်က ရန်အေး လာ ဘာလား မသိတော့ပါဘူး။
ကျနော်မရောက်ခင် နှစ်ပေါင်းများစွာ ကတည်းက ရေခဲချောင်းရောင်းပါတယ်။ ဒီနေ့
၂၀၁၃ အထိ လည်း ရောင်းတုန်း။ နွေလည်းရောင်း၊ မိုးလည်းရောင်း၊
ဆောင်းလည်းရောင်းတာပဲ။ အခု အဲဒီအဘိုးကြီး အသက် ၇၀ ဆယ်ကျော်ပြီ။ အခုချိန်ထိ
ဟီးရိုး ဘီးအစုတ်ကြီးနဲ့ ခေါင်းလောင်းအသေးစားလေးကို အသံပေးပြီး သွားနေတုန်း
ရောင်းနေတုန်းပါပဲ။
သူ့မျက်နှာကို ကြည့်မိရင်လည်း အမြဲတမ်း
မှုန်မှိုင်းပြီး ပြိုတော့မယ့် မိုးလို။ ငိုတောမယ့် မျက်နှာနဲ့ ရိုးသားတဲ့
ဗမာကြီးတစ်ယောက်ရဲ့ မျက်လုံးမျိုး၊ မေးရိုးကြီးမျိုးနဲ့ပါ။
အသက် ၇၀
ကျော်တဲ့အထိ မနက်ခင်း လက်ဖက်ရည်ဆိုင်ကို ကားနဲ့လာ နိုင်ငံရေးလိုလို
ကမ္ဘာရေးလိုလို၊ ငြင်းခုန် ၂၀ ၂၁ အရွယ် အပျို မလေးတွေရဲ့ တင်ပါးကို
လိုက်ကြည့်၊ စစ်အတွင်း လူဖြစ်လာရသူတွေလို သက်ပြင်းတွေ အခါခါချ။
အဲဒီလို အဘိုးကြီးတွေလည်း မြင်နေရတာပါပဲ။
ကျနော်တို့ ကမ္ဘာဟာ တစ်ဖက်စောင်းနင်းကမ္ဘာပါ။
ကျနော်ရဲ့ လူငယ်ဘ၀ လူငယ်အရွယ်ဟာ။ ထန်းလျက်ပြလို့ လိုက်ရတဲ့
လမ်းဘေးခွေးတစ်ကောင်လို လိုက်ခဲ့ရတာပါ။ လူငယ်ဘ၀ဆိုတာ ဘာမှန်းတောင်
မသိလိုက်ရပါဘူး။ မျက်နှာကလည်း လူငယ်တစ်ယောက်လို မာန်မျိုး
မထားခဲ့ရလိုက်ပါဘူး။
ဆိုခဲ့ရတဲ့ သီချင်းကလည်း အလျှော့ပေးလိုက်တော့မယ်ကွာ ဆိုတဲ့ စာသားမျိုးနဲ့ပါ။
ဒီလို လူငယ်တစ်ယောက်အနေနဲ့ တချို့လူငယ်တွေရဲ့ ဖြတ်သန်းမှုကို အားကျမိပေမယ့်
ကိုယ့်ဖြတ်သန်းမှုကိုယ်လည်း အလွန်အမင်းကို မြတ်နိုးနေမိပါတယ်။ ဒါပဲကွာ
ဘ၀ဆိုတာ လို့ မေးရိုးတွေ တင်းထောင်ပြီး တစ်ယောက်ထဲ ပြန်ပြန်
ပြောနေတတ်ပါတယ်။
ကမ္ဘာကြီးကိုလည်း မမုန်းပါဘူး။ ဆိုပေမယ့် ကိုယ်က
ပြန်တွန်းလှန်တယ်။ ပတ်ဝန်းကျင်ကို ရတဲ့နည်းနဲ့ တစ်စင်မီတာရွေ့ရွေ့
တွန်းတယ်။ အမြဲတမ်း လှုပ်ရှားနေတယ်။ အသင့်ဖြစ်နေတယ်။ အမှန်တရားအတွက်
နှုတ်သီးကလည်း ကောင်းတုန်း။
ပြန်မလှန်နိုင်တဲ့ လူတွေကိုတော့ ဒီလောက်ကြီးအထိ မရက်စက်သင့်ဘူးလို့ ကမ္ဘာကြီးကို လူတစ်ယောက်လိုလို သွားသွားအော်ချင်နေတယ်။
ရေခဲချောင်းရောင်းနေတဲ့ အဘိုးကြီးဟာ တကယ်ဆို သူ့ကိုယ်သူတောင်
ပြန်မသယ်သင့်တော့တဲ့ အရွယ်ပါ။ ဟီးရိုးဘီးအစုတ်ကြီးနဲ့ ကလင် ကလင်
ခေါင်းလောင်းအသေးလေးနဲ့ စက်ဘီးနောက်က ကယ်ရီခုံမှာ ရေခဲပုံး အစုတ်ဆိုမှ
အစုတ်အပြတ်ကြီးနဲ့ သူ့ဆီက ၀ယ်စားမယ့် ကလေးတွေကို သူ့ရဲ့ ဟန်ပန်က
ပြန်မောင်းထုတ်နေသလိုတောင် ရှိပါတယ်။
အားလုံးကောင်းပါသည် ဆိုသူများခင်ဗျာ ....
ခင်ဗျားတို့ မနက်ခင်း အိပ်ရာက နိုးထတဲ့အခါ မျက်နှာသစ်ပြီး
ကော်ဖီသောက်သောက် မျက်နှာမသစ်ဘဲ ကော်ဖီသောက်သောက် ခင်ဗျားတို့ ရှေ့မှာ
ငှက်ကလေးတွေက ချစ်စရာ ထပျံ။ ခင်ဗျားတို့ ရှေ့မှာ နေမင်းကြီးက အားအင်တွေပေး။
ခင်ဗျားတို့ ဥယျာဉ်ထဲမှာ ပန်းတွေပွင့်။ ခင်ဗျား သားက ဂုဏ်ထူး
ခြောက်ဘာသာနဲ့ အောင်ခဲ့ပြီး ဆရာဝန်ကြီးဖြစ်၊ ခင်ဗျား မြေက ခု ဂုဏ်ထူး
ငါးဘာသာနဲ့ အင်ဂျင်နီယာကြီးလုပ်။ နိုင်ငံခြားတွေသား။ ခင်ဗျားသမီးကလည်း
သူဌေးသားနဲ့ညား ခင်ဗျား မြစ်လေး မြေလေး က သိပ်ချစ်စရာကောင်းတာပဲ တီတီတာတာ
ခင်ဗျားမိန်းမကလည်း လှတုန်း၊ ခင်ဗျားကုမ္မဏီကြီးကလည်း အမြတ်တွေ သဲ့ယူနေရ။
ခင်ဗျားမကြိုက်တော့ ကားကလည်း ရောင်းထွက်။ အခုကားသစ်တစီးကလည်း ဘယ်လောက်မှ မပေးရဘဲ ရလိုက်။
ခင်ဗျား အားပေးတဲ့ ဘောလုံးအသင်းကလည်း ထာဝရချန်ပီယံ။
ရေခဲချောင်းသည် အဘိုးကြီးများ၊ ဘာကိုမြင်မြင် ဘာတွေလဲလို့
ကြောင်ကြည့်နေတဲ့ ကလေးတွေ။ တစ်သက်လုံး ထွန်ယက်လာတဲ့ လယ်တွေကို ကြည့်ပြီး
ဘာလုပ်ရမယ်မှန်း မသိတော့တဲ့ လယ်သမားတွေ။ လက်ချောင်းတွေ တိုနေပြီး
ခြေထောက်တွေကလည်း ကောင်းကောင်းလျှောက်လို့မရတော့တဲ့ သူတောင်းစားတွေတွေ့ရင်
သက်ပြင်းတော့ ချ ဦး မှ ပေါ့ ဗျာ။
လင်းခါး
No comments:
Post a Comment