ကမ္ဘာသူ ကမ္ဘာသား E
*** ကမ္ဘာသူ ကမ္ဘာသား E ***
မင်ဒဲလား အခြေအနေမကောင်းဘူးဆိုတော့
မျက်ရည်ဝဲ။ စိုးရိမ်။ နားစွင့်။
ကဒါဖီ သေပြီ ဆိုတုန်းက
ကျေနပ်။ ပျော်ရွှင်။
တို့ဆီကကောင်ကြီးကော ဘယ်လိုလဲတွေးတယ်။
ကင်ဂျုံအီတုန်းကလည်း ဒီလိုပေါ့။
မာဂရက်သက်ချာကျတော့
သက်ပြင်းချတယ်။ တွေဝေတယ်။
နည်းနည်း
ဆုတောင်းပေးပါတယ်။
ချာဗက်တုန်းကလည်း ဒီလိုပါပဲ
ထပြန်ရမှာလိုလို ဆက်ထိုင်နေရမှာလိုလို
မျဉ်းပါးပါးမှာ ရပ်လို့။
အာဆတ်တစ်ကောင်ကျန်သေးတယ်
အမာဒီနီဂျက်တော့ လစ်ပြီ
ဒါပေမယ့် အယာတိုလာတွေက ဆက်နေဦးမှာ။
လီနင်သေတော့
လူတွေ ငိုကြသေးတယ်။
စတာလင်သေတော့ တချို့က လက်ခုပ်တီး
တချို့ကလည်း တွေဝေပေါ့။
တို့ဟာ ဘယ်တော့မှနောက်မကျပါဘူး
အသင့်ဖြစ်နေတယ်
အင်တာနေရှင်နယ် သီချင်းဆိုလည်း
လာထား
ချိုးငှက်တွေဆိုတော့လည်း
လက်ဖျားတွေနီလာအောင် လက်ခုပ်တီးကြ။
ဘယ်သူမှ ရှုံးမယ့်မြင်းကို မလောင်းချင်ဘူး
ဘယ်သူမှ ဘုရားသခင်နဲ့ ကြွေအန်မကစားဘူး
ဒိန်ခဲလား ပေါင်မုန့်လား အာလူးလား စပါးလား
ခေတ်တွေ အခေါ်အဝေါ်တွေသာ ပြောင်းသွားတယ်
စိတ်ထိခိုက်စရာ ပျော်စရာတွေဟာ
ဟစ်တလာတစ်လှည့် ချာလီချက်ပလင်တစ်လှည့်
တို့လည်း ငတ်တစ်လှည့် ပြတ်တစ်လှည့်
ပေတစ်လှည့် တူတစ်လှည့်
ငိုငိုရီရီ မျက်ရည်ကျရတာချည်းပါပဲ။ ။
လင်းခါး
၂၈-၆-၂၀၁၃
No comments:
Post a Comment