Wednesday, November 13, 2013

လှံဖျား ပုစဉ်းနားနေလား

***လှံဖျား ပုစဉ်းနားနေလား***

ကျနော်တို့မှာ
ထစ်ခနဲဆို မေတ္တာသုတ်ရွတ်ရပါတယ်
အထိတ်တလန့် တရားနာရပါတယ်
သေရေးရှင်ရေး ကဗျာရေးရပါတယ်
မြုံးထဲကငါးလို စိတ်ကူးယဉ်ရပါတယ်
တီဗွီမှာလာတဲ့ ကြော်ငြာတွေလိုမျိုး
အားလုံးကောင်းပါတယ်ကလွဲ
ပြောစရာမရှိကြပါဘူး။
ဒီလို နိမိတ်ပုံတပြွတ်ကြီးနဲ့ကဗျာတွေ ရေးကြပါတယ်။
တကယ့်အရသာက
ဗျည်းမှာလည်းမရှိ သရမှာလည်း မဟုတ်
ခွေးကတတ်ပေါ်က ပါးရာတွေမှာလည်းမဟုတ်
ခင်ဗျားအခုခန့်မှန်းနေတဲ့ လျှာပေါ်မှာလည်းမဟုတ်
အရသာဟာ အရသာမှာပဲရှိလို့
လူ့ဘဝအရသာဆိုတာလည်း မသိကြပါဘူး။
မီးခြစ်ဘူးခွံလောက်အိမ်မှာ
ကျနော်တို့ နေကြပါတယ်
မီးခြစ်ဆံခေါင်းလောက် အသားတုံးတောင်
မမြင်ဖူးပါဘူး။
ကျနော်တို့ရဲ့ ဆောင်ပုဒ်က
"ကောင်းကင်တမွတ် ကြယ်ကိုစွတ်မယ်" ဖြစ်ပါတယ်။

လင်းခါး
11-11-2013

ကဗျာကောင်

*** ကဗျာကောင် ***

အောင်မြင်တဲ့ တစ်နေ့မှာ ပြန်လာမယ်တဲ့
အဲဒီလို ပြောပြီး
အန္တာတိကတိုက်မှာ ရွှေသွားရှာသလား
အာဖရိကမှာ စိန်သွားရှာသလား
အာရပ်ကမ္ဘာက ရေနံတွေသွားတူးသလား
မှတ်တယ်
ဒီကောင် ကဗျာတွေ ရေးနေသတဲ့
ကဗျာတွေ ရေးနေသတဲ့ဗျား
တစ်နေ့တော့
ကဗျာဟာ လက်ဝတ်ရတနာတွေနေရာမှာ
အစားဝင်သွားမတဲ့
ကဗျာကနေ စွမ်းအင်ထုတ်ရမတဲ့
ဒီကောင်
အောင်မြင်တဲ့တစ်နေ့ ပြန်လာမယ်တဲ့။ ။

လင်းခါး

Saturday, November 9, 2013

အဘိဓမ္မာပြဿနာ

အဘိဓမ္မာပြဿနာ
-----------------------------------

ဇက်ကြောတက်ခြင်း မူးဝေခြင်း ခေါင်းကိုက်ခြင်း
အဲဒါ ကဗျာဖတ်ရင် ပျောက်မလားလို့
အဲဒါ ကဗျာကု ကုကြည့်မလို့
စိတ်မကြည်လင် အသားအရေခြောက်သွေ့
သွေးသားမသန့်စင်
အဲဒါ ကဗျာဓာတ်လှုံကြည့်မလို့
အဲဒါ ကဗျာနဲ့ပေးတွေ့ကြည့်မလို့
အဲဒါနဲ့ လမ်းထိပ်ကိုထွက်ခဲ့
အဲဒါနဲ့ ကားပေါ်တက်ခဲ့
အဲဒါနဲ့ ကဗျာဆီသွားခဲ့ပါတယ်။
ကဗျာ ကဗျာ ကဗျာ ကဗျာ
ကဗျာဆိုတဲ့ ငနဲ/မ
ဆုံလည်ကုလားထိုင်လို နှဲ့ထိုင်လို့မရ
ခြေညှပ်ဖိနပ်လို ကောက်စွပ်လို့မရ
စဉ်းနှီတုန်းလို ခံခုတ်လို့မရ
လွှစာမှုန့်လို မီးမွှေးမရ။
ဒင်းက မယားငယ်လို မချွဲပစ်
ဒင်းက အစိုးရလို ဗလောင်းဗလဲမလုပ်
ဒင်းက ပညာမဲ့လို မပြုမူ
ဒင်းက အကြောတင်းလေသတတ်။
ကဗျာ ကဗျာ ကဗျာ ကဗျာ
ဘာရောဂါမှ မပျောက်
ဘာဓာတ်မှ မပြု
ဘာသုခံ ဘာဒုက္ခံမှ မထွန်းပ။
ကဗျာ ကဗျာ ကဗျာ ကဗျာ
သစ္စာတရားကိုသာ မေတ္တာပွားစေသတည်း။ ။

လင်းခါး

အပျော်ဆိုတာရယ်(၃)

အပျော်ဆိုတာရယ်(၃)

စက္ကန့်တိုင်းမှာ လူတွေသေပေမယ့်
နှစ်တစ်ထောင်မှာ တစ်ယောက် အကျွတ်တရားမရ။

လူညံ့များ ထွန်းကားရာ ကမ္ဘာ
လူညံ့များ မွေ့လျော်ရာ ကမ္ဘာ။

သံသရာတစ်ကြော မျောရင်းလေ
ဒီကမ္ဘာကို
ရောက်လေရာကမ္ဘာ
ရောက်လေရောဘဝက
စာလှမ်းလှမ်းထည့်ပါမယ်
သို့/
ချစ်လှစွာသော ကမ္ဘာကြီးခင်ဗျား
ကျနော် ခင်ဗျားဆီမှာ ပျော်ခဲ့ရပါတယ်။ ။

လင်းခါး

ဟိုဘက်အိမ်က မိနီ

ဟိုဘက်အိမ်က မိနီ
-----------------------------

ဟိုဘက်အိမ်က မိနီကို
ဒီဘက်အိမ်က ကဗျာဆရာ ချောင်းနေတယ်
ဟိုဘက်အိမ်က မိနီ
ညဘက် အပြင်ထွက်ထွက်သွားတယ်
ညဘက် သီချင်းသွားသွားဆိုတယ်
ဟိုဘက်အိမ်က မိနီ
ညဥ့်သိပ်နက်မှ ပြန်လာတယ်
တစ်ချို့ညတွေ ပြန်မလာဘူး။
သြော် ဟိုဘက်အိမ်က မိနီ
သနားစရာ
ပန်းကုံးတွေကြား သနားစရာ
ဘီယာအမြုပ်တွေကြား သနားစရာ
တေးသွားတွေကြား သနားစရာ
စင်ပေါ်က သနားစရာ။
ကဗျာဆရာဟာ
သိပ်ဇာတ်နာ သိပ်ကြေကွဲရ
သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်
မျှော်လင့်ခြင်း ထမင်းသိုးများ လို
အာရှတိုက်ရဲ့ တစ်နေရာ လို
ဘတ်စကားပေါ်မှာ လို
money လို
နှစ်ငါးဆယ် လို
ဘိုဟီးမီးယန်းများ လို
မထည့်ဖြစ်တဲ့စာ လိုပေါ့
သိပ်လှတဲ့ ကဗျာဖြစ်မလားလို့
ဒီဘက်အိမ်က ကဗျာဆရာဟာ
ဟိုဘက်အိမ်က မိနီဆီက
အဲဒီလိုကဗျာတစ်ပုဒ်ရမလားလို့ ချောင်းနေတယ်။
ဒီလိုနဲ့
ဟိုဘက်အိမ်က မိနီဟာ
ညဘက်ထွက်ထွက်သွားနေမြဲ
ကဗျာဆရာက
ဟိုဘက်အိမ်က မိနီကို ချောင်းနေမြဲ
ဒီလိုနဲ့ နှစ်ပေါင်းများစွာ
ဟိုဘက်အိမ်က မိနီပေါင်းများစွာဟာ
ညဘက်ထွက်ထွက်သွားနေမြဲ
ဒီဘက်အိမ်က ကဗျာဆရာတွေကလည်း
ချောင်းမြောင်းဂရုဏာသက် ဆက်နေမြဲ
ဒီလိုနဲ့ နှစ်ငါးဆယ်
ပိုနေမြဲ ကျားနေမြဲ။ ။

လင်းခါး
5-11-2013

ကာရန်

*** ကာရန် ***

ရန်လိုဟာ ရန်လိုတော့ ရန်ရှာ
ရန်လို ဆဲဆိုနေပြန်ပြီ
ရန်လို ထိကပါး ရိကပါးနေပြန်ပြီ
ရန်လို ခြိမ်းခြောက်နေပြန်ပါပြီ
ရန်လိုနဲ့ ခက်တယ်
ရန်လိုဟာ
မိတ်ဆွေမရှိ ရန်သူသာရှိ
ရန်လို့အတွက်တော့
ရန်သူရဲ့ ရန်သူဟာလည်း ရန်သူပဲ
ရန်လိုရဲ့ အိတ်ထဲမှာ
သေစေနိုင်တဲ့လက်နက် အမြဲပါတယ်
ရန်လိုတဲ့ စိတ်ထဲမှာ
အငြိုးအတေးတွေ အမြဲပါတယ်
ရန်လိုရဲ့ ပါးစပ်က
ဖရုဿဝါစာပဲ ထွက်မယ်
ဒီလိုဆိုတော့
ရန်လိုကိုယ်တိုင်ကသည်ပင်လျှင် ရန်လိုနေပါတယ်
ရန်လိုတော့ ရန်ရှာပါတယ်
ရန်ရှာတော့ ရန်တွေ့ပါတယ်
ရန်တွေ့တော့ ရန်လုပ်ပါတယ်
ရန်လုပ်တော့ ရန်ဖြစ်ပါတယ်
ရန်ဖြစ်တော့ ရန်မီးပွားပါတယ်
ရန်မီးပွားရတော့
ရန်လို ရန်မအေးတော့ပါဘူး။
ဒါပေမယ့်
ရန်လိုအတွက်တော့ ဘာမှမလိုပါဘူး
ရန်ပဲလိုပါတယ်
ဒါဆို ပြီးပြီပေါ့။ ။

လင်းခါး

လူရွှင်တော် ဈေးကွက်ပျက်ပြီးနောက်

*** လူရွှင်တော် ဈေးကွက်ပျက်ပြီးနောက် ***

ချာလီချက်ပလင်နှောင်းပိုင်းကာလမှာ
ချာလီချက်ပလင်ကို လွမ်းရတော့
ဂျင်မ်ကာရေးနဲ့ ကျားကန်ထားရတယ်။
မစ္စတာဘီးနဲ့ စိတ်ဖြေရတယ်
မစ္စတာဘီးလည်း ကွယ်လွန်ရှာ
ဂျင်မ်ကာရေးလည်း ကျဲသွားတဲ့နောက်
ငယ်ငယ်က တွမ်အင်ဂျယ်ရီ
တစ်ခါတလေ မီနီယမ်လေးတွေနဲ့ပေါ့။

လူဟာ အာဟာရနဲ့တင် မပြီး
ဟာသလည်း စွက်ရပါတယ်
နေပျော်ဖို့ ပျော်ပျော်နေဖို့
ကမ္ဘာကြီးနဲ့ ထပ်မံအားဖြည့်ရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ
လူရွှင်တော်တွေများများလာလို့
စင်မလောက်တော့ပါဘူး
လူရွှင်တော်တွေဟာ
ဇာတ်မှာ အငြိမ့်မှာ ရုပ်ရှင်ဗွီဒီယိုတွေမှာ
ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်မှာ
မိနစ်တူ ဝင်းနင်းမှာ
ဟာသ စကားဝိုင်းတွေမှာ စသည်ဖြင့်
လူရွှင်တော်တွေဟာ ခွေးလှေးပျား တောနှံ့ဖြစ်လာရပါတယ်
(ခေတ်က တောင်းဆိုသကိုး)
ဒါပေမယ့် မရသေးပါဘူး
ဒီထက် ကျယ်ကျယ်ပြန့်ပြန့်
စိန်ခေါ်မှုတွေဟာ
လူရွှင်တော်အသိုက်အဝန်းကို ထိုးနှက်နေပါတယ်။
လူရွှင်တော်တွေဟာ တပ်ဖြန့်လာကြပါတယ်
အခုဆိုရင်
တိုင်းဒေသကြီး လွှတ်တော်တွေမှာ
ဓာတ်အားဖြန့်ဖြူးရေးဥက္ကဌနေရာတွေမှာ
ဝန်ကြီးချုပ် ဝန်ကြီးများနေရာတွေမှာ
ကော်မတီတွေမှာ
အစိုးရအဖွဲ့များမှာပါမကျန်
ပက်ပက်စက်စက်
အောက်ပိုင်းလုံးတွေနဲ့
အောက်တန်းစားဆန်ဆန် ပြက်နေပါတော့တယ်။ ။

လင်းခါး

Sunday, October 20, 2013

တီရှပ်များ

ကျည်ဆံတွေ အစား ပန်းများပွင့်စေ
စစ်ပွဲတွေ ချက်ချင်းရပ်
ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ
save the irrawaddy
မီဒီယာ ဖိနှိပ်မှုရပ်
စာရေးဆရာ ကိုအောင်ဆန်း
ဂျွန်လင်နွန်
ချေဂွေဗားရား
သခင်ကိုယ်တော်မှိုင်းနဲ့ ချိုးငှက်ကလေး
၁၃၀၀ပြည့် အရေးတော်ပုံ
၈၈၈၈ ပြည်သူ့အရေးတော်ပုံ ငွေရတု
ဖွဲ့စည်းပုံအခြေခံဥပဒေ ချက်ချင်းပြင်
Freedom
we love Su
ထူးအိမ်သင်
ဘယ်ကိုရောက် အမှတ်တရ
ဘယ်မှမရောက် အမှတ်တရ
တီရှပ်များက သမိုင်းကို ပြောနေကြသည်
တီရှပ်များက သမိုင်းကို ရေးနေကြသည်
တီရှပ်များအား
ကျွန်တော်တို့ ၀တ်ဆင်ထားကြပါသည်။ ။

လင်းခါး

Wednesday, October 2, 2013

*** ကမ္ဘာအလယ်က ***

*** ကမ္ဘာအလယ်က ***

အပိုတွေပါ အစ်ကိုရယ်

အစိုးရက

အမြဲတမ်းပြောနေတာပဲ

အပိုစကားတွေ

အမြဲတမ်း လုပ်နေတာပဲ

အပိုအလုပ်တွေ

ဒီမှာ ကျမတို့ကတော့

ပန်းမပန်ရဘဲ အဖမ်းခံနေရတာပဲ

လမ်းပေါ်မှာ

ဂုံးတံတားအောက်မှာ

သံလမ်းဘေးမှာ

ပန်းခြံထဲမှာ

အသက်မြဲနေအောင်လို့

အရှက်နည်းနေရတာပဲ

ဘယ်တတ်နိုင်မလဲ

ဂုဏ်သိက္ခာဆိုတာလည်း အပိုတွေပါပဲ အစ်ကိုရယ်

အဘိုးကြီးတွေ ပုဆိုးကြီးတွေမမပြီး အငြိုးကြီးကြတာလည်း

ကြုံရ

နို့နံ့မပျောက်သေးတဲ့ ချာတိတ်လေးတွေ ကို

ကြာကြိတ်ပေးရတာလည်း

ကြုံရ

ဒီဘဝကတော့ ဒီလိုပါပဲ။

အမ္ဗပါလီပဲဖြစ်ဖြစ် ကျမပဲဖြစ်ဖြစ်

ပြည့်တန်ဆာပဲခေါ်ခေါ် ဖာပဲသတ်မှတ်သတ်မှတ်

ဒီအလုပ်လုပ်ရတော့

ဒီအထုပ်ဖြည်ရတာပါပဲ။

တစ်ခါတလေ

ပြည်သူ့ရဲဆိုတာကလည်း

လူကြည့်ဖြဲကြတယ်။


ဒီလိုပါပဲ

အကုန်လုံးမျက်နှာကြည့်နေရတာပါပဲ

အစ်ကိုရယ်။

လိုင်စင်ပေးပေး မပေးပေး

ကျမတို့ကတော့ အေးဆေးပါပဲ

ဒါပေးလို့ ဒါရ

ဒါရလို့ ဒါပေး

ရှာကျွေးရမယ့် ပါးစပ်ပေါက်တွေအတွက်

ကျမကတော့ ဒါလေးနဲ့ရင်းရတာပါပဲ။

ကမ္ဘာဦးတည်းက ရှိခဲ့တဲ့ ကိစ္စပဲ

ဂျော့ဝါရှင်တန် လက်ထက်ကလည်း ရှိတယ်

အိုဘားမားခေတ်မှာ လည်း ရှိတယ်

ဦးနုတုန်းကလည်းရှိ နေဝင်း သန်းရွှေခေတ်မှာလည်းရှိ

ဒီမိုကရေစီ ခေတ်အခါမှာတော့

ဒီမိုကရေစီ ခေတ်ဖာပေါ့။

မထူးဆန်းပါဘူး အစ်ကိုရေ

ဖာသည်အလုပ်ဆိုတာ

ဂျာနယ်ထုတ်သလိုတော့ ဘယ်လွယ်မလဲ

ဂုဏ်ယူစရာတော့ မဟုတ်ပါဘူး


ဒါပေမယ့် အစ်ကိုရယ်

ကျမတို့ကတော့

ကမ္ဘာအလယ်က ရှာရင်ရတဲ့ ဖာသယ်မ တွေပါပဲ။ ။

လင်းခါး
၃၀-၉-၂၀၁၃

ကမ္ဘာအလယ်က

*** ကမ္ဘာအလယ်က ***

အပိုတွေပါ အစ်ကိုရယ်

အစိုးရက

အမြဲတမ်းပြောနေတာပဲ

အပိုစကားတွေ

အမြဲတမ်း လုပ်နေတာပဲ

အပိုအလုပ်တွေ

ဒီမှာ ကျမတို့ကတော့

ပန်းမပန်ရဘဲ အဖမ်းခံနေရတာပဲ

လမ်းပေါ်မှာ

ဂုံးတံတားအောက်မှာ

သံလမ်းဘေးမှာ

ပန်းခြံထဲမှာ

အသက်မြဲနေအောင်လို့

အရှက်နည်းနေရတာပဲ

ဘယ်တတ်နိုင်မလဲ

ဂုဏ်သိက္ခာဆိုတာလည်း အပိုတွေပါပဲ အစ်ကိုရယ်

အဘိုးကြီးတွေ ပုဆိုးကြီးတွေမမပြီး အငြိုးကြီးကြတာလည်း

ကြုံရ

နို့နံ့မပျောက်သေးတဲ့ ချာတိတ်လေးတွေ ကို

ကြာကြိတ်ပေးရတာလည်း

ကြုံရ

ဒီဘဝကတော့ ဒီလိုပါပဲ။

အမ္ဗပါလီပဲဖြစ်ဖြစ် ကျမပဲဖြစ်ဖြစ်

ပြည့်တန်ဆာပဲခေါ်ခေါ် ဖာပဲသတ်မှတ်သတ်မှတ်

ဒီအလုပ်လုပ်ရတော့

ဒီအထုပ်ဖြည်ရတာပါပဲ။

တစ်ခါတလေ

ပြည်သူ့ရဲဆိုတာကလည်း

လူကြည့်ဖြဲကြတယ်

မတရားသဖြင့် ဈေးကောက်ကလည်း

အလကားအားဖြင့် ဖောက်သည်ကြီးပါပဲ။

ဒီလိုပါပဲ

အကုန်လုံးမျက်နှာကြည့်နေရတာပါပဲ

အစ်ကိုရယ်။

လိုင်စင်ပေးပေး မပေးပေး

ကျမတို့ကတော့ အေးဆေးပါပဲ

ဒါပေးလို့ ဒါရ

ဒါရလို့ ဒါပေး

ရှာကျွေးရမယ့် ပါးစပ်ပေါက်တွေအတွက်

ကျမကတော့ ဒါလေးနဲ့ရင်းရတာပါပဲ။

ကမ္ဘာဦးတည်းက ရှိခဲ့တဲ့ ကိစ္စပဲ

ဂျော့ဝါရှင်တန် လက်ထက်ကလည်း ရှိတယ်

အိုဘားမားခေတ်မှာ လည်း ရှိတယ်

ဦးနုတုန်းကလည်းရှိ နေဝင်း သန်းရွှေခေတ်မှာလည်းရှိ

ဒီမိုကရေစီ ခေတ်အခါမှာတော့

ဒီမိုကရေစီ ခေတ်ဖာပေါ့။

မထူးဆန်းပါဘူး အစ်ကိုရေ

ဖာသည်အလုပ်ဆိုတာ

ဂျာနယ်ထုတ်သလိုတော့ ဘယ်လွယ်မလဲ

ဂုဏ်ယူစရာ မဟုတ်ပေမယ့် အစ်ကိုရေ

ကျမတို့ကတော့

ကမ္ဘာအလယ်က ဖာသယ်မ တွေပါပဲ

မထူးတော့ပါဘူး အစ်ကိုရယ်။ ။

လင်းခါး
၃၀-၉-၂၀၁၃

ငြိမ်းချမ်းရေးအတွက် ကိုယ့်ကဗျာ

*** ကိုယ့်ကဗျာ ***

လေတံခွန်နဲ့ ငှက်ကလေးက

ဝဲ လို့ ကော့ လို့ ပျံ လို့

ကြောင်ကလေးလည်း ကြွက်မခုတ်တဲ့ နေ့က

သက်တံကွေးပေါ်ကနေ

ပျော်စရာတွေ လျှောကျလာ

ဟိုမှာ ဒီမှာကွယ် ကလေးတွေကလည်း

ပျော်မြူးလို့ရယ်

ရန်သူမျိုးငါးပါး ဝိပတ္တိတရားလေးပါး

ဗျဿနတရား ငါးပါး ပျောက်ပါစေခြင်း

အကျိုးငှာ

ဘုရားကုန်းပေါ်က လွတ်လာတဲ့ သတ္တဝါလေးတွေ။

ဆည်းလည်းသံချိုချိုရယ်

ဘူးမှုတ်တဲ့ သားလေးရယ်

အိုကွယ်

မကောင်းမှုတွေရှောင် ကောင်းမှုများပဲဆောင်မယ်

ဖြူအောင်စိတ်ကိုထားမယ်

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းစေရမယ်

ဒါဟာ

ငြိမ်းငြိမ်းချမ်းချမ်းနေ့က ရေးလိုက်တဲ့

စစ်ပွဲမုန်းသူ ကိုယ့်ကဗျာ ပါပဲ။ ။

လင်းခါး
၁-၁၀-၂၀၁၃

Tuesday, September 24, 2013

***မာရ်နတ်ကိုယ်ထဲကို ဘုရားသခင် ဝင်သွားတာ မြင်လိုက်လား ***

***မာရ်နတ်ကိုယ်ထဲကို ဘုရားသခင် ဝင်သွားတာ မြင်လိုက်လား ***

ဒီမှာ ပူတင်
ဒီမှာ နည်းနည်း
ဒီမှာ ဟေ့ကောင်ရ
ဆီးရီးယားကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်တာဟာ
ယေဘုယျသဘောအရစစ်ကို လောင်စာပျိုးတာပဲတဲ့ မှန်တာပေါ့
ပူတင်က အော်တယ် စစ်ပွဲတွေရပ်တဲ့
တရားမဝင်အစိုးရ ပူတင်က စစ်ပွဲတွေ မကြိုက်ဘူးတဲ့
ကိုရီးယားကလေးလေးကျနေတာပဲ
စကားသိပ်တတ်တာပဲ ကိုပူတင်ရယ်။
တစ်ဖက်က
ဓါတုလက်နက်သုံးတိက်ခိုက်မှုကို မျက်ကွယ်ပြုလိုက်တာလည်း
ဖြစ်တယ်
ခင်ဗျား ဘယ်လို ဖုံးကွယ်ပါစေလေ
နိုင်ငံရေးဆိုတာ မျက်နှာပြောင်တိုက်နိုင်မှ
သိတာပေါ့
ဆီးရီးယားအပေါ် ခင်ဗျားအကျိုးစီးပွားက ဘာလဲ
အကျိုးစီးပွားသန္ဓေကလာတဲ့
ငြိမ်းချမ်းရေးရပ်ဝန်းက ရေရှည် မခံပါဘူး
ခင်ဗျားက
မီးလောင်ပြင်မှာ ပန်းစိုက်ပြနေတာပဲ
ခွေးဝမ်းသာမယ့် ဖာသယ်ပြုံး ပြုံးနေတာပဲ
ဒီမှာ ကိုပူတင်ရဲ့
အခြေခံဝါဒီတွေက သုံးသုံး
အာဆဒ်က သုံးသုံး
သေစေနိုင်တဲ့ အဆိပ်ဓါတ်ငွေ့လက်နက်က
သေစေနိုင်တဲ့ အဆိပ်ဓါတ်ငွေ့လက်နက်ပဲ။
စကားလုံး ကုလားဖန်ထိုးလို့ မရဘူး
ဆိတ်သားရေ ဝါကျခင်းနေလို့ မရဘူး
ခင်ဗျားပြောတယ်
ဆီးရီးယား စစ်ပွဲက ရလာတဲ့ အတွေ့အကြုံဆိုးတွေက
ကမ္ဘာကြီးကို ရောက်မလာနိုင်.ဘူးလားတဲ့။
ကမ္ဘာကြီးမှာ စစ်ပွဲဆိုတာက အကြိမ်ကြိမ်
ကမ္ဘာမှာ လူသတ်မှုတွေဆိုတာ အကြိမ်ကြိမ်
ကမ္ဘာမှာလေ
အဖေတိုက်ပွဲကျ
အမေ ဗုံးဆန်ထိ
သားလေး ဒုက္ခိတဆိုတာတွေကလည်း အကြိမ်ကြိမ်ပါ
ကမ္ဘာမှာ အရူးအနှမ်းအစိုးရဆိုတာလည်း မရေနိုင်တော့ပါ
ဂျော်ဂျီယာကို ဘယ်သူတိုက်တာတုန်း
အီရန်ကြက်တူရွေး ဘာကြောင့်စကားတတ်နေတာတုန်း
သူတော်ကောင်း ကိုပူတင်
ကိုပူတင် သူတော်ကောင်းပေါ့လေ
ဘုရားသခင်က အတူတူဖန်ဆင်းတယ်တဲ့လား
ခင်ဗျားကို ထာဝရသမ္မတအဖြစ်
ခင်ဗျားနိုင်ငံသားတွေကို အချုပ်ချယ်ခံအဖြစ်
ဘုရားသခင်က အတူတူဖန်ဆင်းလိုက်တယ်တဲ့လား
ကိုပူတင်
ိမိန့်ခွန်းတွေခြွေဖို့ ဖုတ်ပူမီးတိုက်
ဒီမှာ ပူတင်
ကမ္ဘာကြီးမှာလေ
ခင်ဗျားလောက်တော့
လက်နက်စက်ရုံပိုင်ရှင်ကတောင် ပိုစစ်မုန်းဦးမယ်
ရယ်စရာ
ခင်ဗျားပါးစပ်ကထွက်တဲ့
ခင်ဗျားစကားကြီးကတော့ဖြင့်ဗျာ
ခင်ဗျားနဲ့ မလိုက်ဘူးဗျ ပူတင်ကြီးရ။ ။

လင်းခါး

Sunday, September 15, 2013

** ဒီ မို က ရေ စီ ဒီ နိုင် ငံ ***

** ဒီ မို က ရေ စီ ဒီ နိုင် ငံ ***
====================

ဒီနိုင်ငံမှာ

အကျင့်ပျက်ခြစားမှုကို မုန်းတဲ့

အကျင့်ပျက်ခြစားသူတွေ

စည်းကမ်းမဲ့ အောက်တန်းစားဆန်မှုကို ရွံရှာတဲ့

စည်းကမ်းမဲ့ အောက်တန်းစားဆန်မှုတွေ။

ဒီနိုင်ငံမှာ

နိုင်လိုစိတ်ပြင်းတဲ့ အရှုံးသမားတွေ

ကြီးမြတ်လိုစိတ်ပြင်းပြလှတဲ့ နိမ့်ကျသူတွေ။

ဒီနိုင်ငံမှာ

ပညာတတ်ကို မုန်းတဲ့ ပညာမဲ့တွေနဲ့

ပညာမဲ့ကို နှိမ့်ချဆက်ဆံလိုတဲ့ ပညာတတ်တွေ။

ဒီနိုင်ငံမှာ

ခွဲခြားဆက်ဆံမှုကို မုန်းတဲ့ ခွဲခြားဆက်ဆံလိုသူတွေ။

ဒီနိုင်ငံမှာ

အကျိုးလိုလို့ ညောင်ရေလောင်းသူတွေကို မုန်းတဲ့

ထောင်မြင်ရာစွန့် သမားတွေ။

အမှန်တရားပြောတဲ့ပါးစပ်နဲ့ အမှားကျူးလွန်တဲ့လက်

တွဲရက်ပိုင်ဆိုင်သူတွေ။

ဒီနိုင်ငံဟာ

စနစ်ဇယားနဲ့ အဖြစ်မှားခဲ့

နည်းမှန်လမ်းမှန်နဲ့ အကျည်းတန်ခဲ့

ကြွေးကြော်သံတွေကလည်း ဘေးချော်ရန်ပဲဖြစ်ခဲ့တယ်။

ဆိုတော့ ဒီနိုင်ငံ

ဘုရင်ဇာတာနဲ့ ခွက်ဆွဲခဲ့ရ

စစ်သူကြီးဟန်နဲ့ ဒူးထောက်ခဲ့ရ

ဝန်ကြီးရုပ်နဲ့ ဖာအလုပ် လုပ်ခဲ့ရပါတယ်။

လင်းခါး
၂၀-၈-၂၀၁၃

သမိုင်းကို ဘယ်လိုရေးရမယ်

သမိုင်းကို ဘယ်လိုရေးရမယ်
ရေးတော့ရေးရမယ်ကွယ်
ကလေးတို့ရယ် သမိုင်းကိုတော့ ရေးရလိမ့်မယ်
အရိုင်းတေးကို နောက်မဆိုရအောင်
သမိုင်းလေးကို တော့ ရေးရမယ်။

သမိုင်းမှာ ကိုယ်က တံခါးစောင့်ပဲဖြစ်ဖြစ်
သမိုင်းမှာ ကိုယ်က ကဗျာဆရာပဲဖြစ်ဖြစ်
သမိုင်းကပေးလာတဲ့ တာဝန်ကို ထမ်းတယ်ဆိုတာ
သမိုင်းကို ရေးတာပဲ။

သမိုင်းကို မရေးရင်တော့
သမိုင်းက ကိုယ့်ကိုရေးလိမ့်မယ်

ကိုယ်က လုပ်ကြံသူလုပ်မှာလား
လူချွန်လူကောင်းကို လုပ်ကြံမှာလား
လူယုတ်မာ ဗာလကို သုတ်သင်လုပ်ကြံမှာလား
ကိုယ်က လုပ်ကြံချင်လောက်အောင် ရိုးဖြောင့်မှာလား
ကိုယ်က လုပ်ကြံချင်လောက်အောင် ယုတ်မာရိုင်းစိုင်းမှာလား

ဘယ်ဟာအမှန်လဲ မအဖို့ သမိုင်းကို ဖတ်ရတယ်
သမိုင်းမှာက ငုယင်ဗန်ထရွိင်းလို
ယုတ်မာသူကို လုပ်ကြံသူသူရဲကောင်းရှိသလိုပဲ
သမိုင်းမှာ
ယုတ်မာသူက လုပ်ကြံတာခံရတဲ့
ဗမာပြည်က ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကိုးဦးရှိလေတယ်။

နှောင်းလူတွေဖတ်ဖို့ သမိုင်းကိုလည်း ရေးရမယ်။
သမိုင်းမှာ ကိုယ်ကဘယ်လိုပါဝင်မယ်
ကိုယ့်ဘာသာကိုယ်ရွေးချယ်
ကိုယ့်ဘာသာကိုယ်ရေးရမယ်။

ရေးတော့ရေးရမယ်
သမိုင်းကိုတော့ ရေးရမယ်။

ဥသြမဆွဲဘူးဆိုတော့
ငွေစက္ကူတွေမှာ အဖဗိုလ်ချုပ်ပုံ မပါဘူးဆိုတော့
တစ်ချိန်က ဗိုလ်ချုပ်ပုံလေးမှ မချိတ်ဆွဲရဘူးဆိုတော့
အဲဒီ အစိုးရ အာဏာရှင် ရဲ့ သမိုင်း

အာဏာရှင်ကို တော်လှန်ကြတယ်ဆိုတော့
တော်လှန်သူတွေရဲ့ သမိုင်း

တစ်ပါတီစနစ်ကို ဖြုတ်ချ ဆန္ဒပြတယ်ဆိုတော့
၈၈ ပြည်သူများရဲ့ သမိုင်း

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဆိုတော့
သံဃာတော်နဲ့ဝန်းရံသူများရဲ့ သမိုင်း

တကသအဆောက်အဦဆိုတော့
မောင်းပြန်ကို ဒေါင်းအလံနဲ့ဆိုတော့
ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံစိုက်ဆိုတော့
ကျောင်းသားထု သမိုင်း

အရာရာဟာ သမိုင်းနဲ့
ဗေဒါဟာလည်း ဗေဒါသမိုင်း
ရွှေကြာကလည်း ရွှေကြာသမိုင်း
သမိုင်းမရှိရင် ခေတ်မရှိဘူး
ဆိုတော့ကွယ်
သမိုင်းကိုတော့ ရေးရမယ်။

အတင်းအဓမ္မတော့ ကွယ်
သမိုင်းကိုရေးဖို့မလွယ် ဒါပေမယ့်
သမိုင်းကိုတော့ မရေးမဖြစ်
ရေး ရ မ ယ် ။ ။

လင်းခါး
၁၆-၇-၂၀၁၃

Wednesday, September 11, 2013

ဧရာဝတီ ဒါနမြောက်အောင် ကာလပေါက်ဈေးနဲ့ လာသူတွေ တော်သင့်ပြီ

***** ဧရာဝတီ ဒါနမြောက်အောင် ကာလပေါက်ဈေးနဲ့ လာသူတွေ တော်သင့်ပြီ *****

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ရင်
ကမ္ဘာကြီးကို ချစ်တတ်တယ်
ကမ္ဘာကြီးအိမ်မှာနေပြီး
ကမ္ဘာကြီး မျက်နှာ ကြည့်ဖို့တော့ လိုပါတယ်။

တောအုပ်ကလေးကို
သီချင်းဖွဲ့တော့ / ကဗျာစပ်တော့
တောအုပ်ကလေးအလယ်က စမ်းချောင်းကလေးပါသလို
ကမ္ဘာကြီးကိုရေးစပ်တော့
ဧရာဝတီ ဂင်္ဂါ ဗော်လဂါ
နိုင်း မစ္စစ္စပီ ချန်ထားလို့မရ။

သူတော်စင်ရဲ့ အေးချမ်းမှုကို ဖွဲ့တော့
ကျောင်းသင်္ခမ်းကို ထည့်မစပ်လို့မရ
မြန်မာပြည်ကို တွေ့တဲ့အခါ
ဧရာဝတီဟာ အလျားလိုက်
တသွင်သွင် တငြိမ့်ငြိမ့်
စီးလာပေါ့
ဆင်းလာပေါ့
စီးဆင်းလာပါပေါ့လေ။
ဧရာဝတီ ဆီက ဆန်စပါးရတာတွေ
ဧရာဝတီ ဆီက အသားနှင့်ငါးရတာတွေ
ဧရာဝတီ ဆီက ယဉ်ကျေးမှုရတာတွေ
ဧရာဝတီ ဆီက ဇာတိပုည ဂုဏ်မာနတွေ
မဆိုတော့ပါလေ။
ဧရာဝတီဟာ ဦးခေါင်း
ဧရာဝတီဟာ ကိုယ်
ဧရာဝတီဟာ ခြေ လက်
ဧရာဝတီဟာ အချုပ်အခြာအာဏာပါပဲ။

ခေါင်းမရှိဘဲ ငါဘာတွေ တွေးခေါ်မလဲ
ဧရာဝတီမရှိဘဲ မင်း စဉ်းစားစရာများများမရှိပါ။

ခါးက ဖြတ်တယ် ခေါင်းကို ဖြတ်တယ်
ရင်ကိုခွဲတယ် နှုတ်ခမ်းသားတွေကိုက်တယ်
တော်ပါပြီ
ဧရာဝတီ ဆီက ရနေတာတွေ တော်ပါပြီ
တော်လောက်ပါပြီ
ဧရာဝတီ ဆီက ယူနေတာတွေ တော်လောက်ပါပြီ
တောင်းနေတယ်ဆိုလည်းရပ်တော့
ဓါးပြတိုက်နေတယ်ဆိုရင်တောင်
ဒီလောက်ဆို ကျေနပ်သင့်ပါပြီ။

သတင်းစကားပေးပါတယ်
ဒီမျှနဲ့ တော်သင့်ပြီ
မင်းတို့ တော်သင့်ပါပြီ။

တော် သင့် နေ ပြီ ကွ ။ ။

လင်းခါး

Friday, September 6, 2013

ဒီသီချင်းကို လူတိုင်းဆိုလို့ရပါတယ်တဲ့

ဒီသီချင်းကို လူတိုင်းဆိုလို့ရပါတယ်တဲ့
----------------------------------------
ရုရှားမှာ ကေတီဗွီဆိုင်ထဲဝင်တော့
အင်တာနေရှင်နယ် သီချင်းတော့ ငါဆိုလို့ရနိုင်တယ်လို့ တွေးမိတယ်
ဒါပေမယ့် အင်တာနေရှင်နယ်သာ ဆိုရတယ်
သူက ဘာသာစကားပေါင်းစုံကို တစ်ပိုဒ်စီလုပ်ထားတာမျိုးမှ မဟုတ်ဘဲ
ကေတီဗွီကလူကလည်း
အို .... ဆိုက်ဘေးရီးယားမှာ ဆို ဒီထက်ဆိုးတာပေါ့တဲ့
ဘာဆိုင်လို့လဲနော်
ဆိုက်ဘေးရီးယားလည်း ငါမသိပါဘူး
စာအုပ်ထဲမှာက ဆိုက်ဘေးရီးယားဆိုတဲ့ စကားလုံးကိုကြည့်ရုံနဲ့
အေးခဲလာတာမှ မဟုတ်တာ
ဘာသာစကားဟာ ဘာသာစကားပါပဲ
ကိုယ်စားပြုသလိုလိုနဲ့ ကိုယ်စားမပြုနိုင်ပါဘူး။
ရုရှားမှာ ကေတီဗွီဆိုင်က ရှိရဲ့လားတောင် မသိ
ရှိရင်တောင် ရုရှားက ကေတီဗွီလို့ ဘယ်ခေါ်မလဲ
ကာရာအိုကေဆိုတာ ဂျပန်စကားမဟုတ်လား။
ဒါနဲ့ ကေတီဗွီကလူက
အထပ်ထပ်ရှင်းပြပါတယ်
သူ့စကားက ရေခဲပေါ်ကလာတဲ့ လေတွေလိုပဲ
အေးတယ်
ကြမ်းရှတယ်
ဘာမှလည်း နားမလည်ဘူး
ဆိုတော့ လက်ဟန် ခြေဟန် ကိုယ်ဟန် ဘာသာစကားဟန်
ဘ၀ဟန် နိုင်ငံဟန် လူမျိုးဟန်တွေ ပါလာတော့တယ်။
ကြတော့ ရယ်ချင်စရာ ဖြစ်လာပါတယ်
ရယ်ချင်စရာ ဖြစ်လာရင် မနေပါဘူး ရယ်လိုက်ရတာပါပဲ
ကိုယ်ရယ်တော့ သူလိုက်ရယ်တယ်
သူရယ်တော့လည်း ကိုယ်ကရယ်ချင်ပြန်ရော
မငိုချင်ရင်တော့ ရယ်ရုံပဲလေ
ဒီထက်ပို ရုရှားမှာ ဘာမှ မလုပ်နိုင်ဘူး
ကိုယ်တို့ ရယ်ခဲ့ကြတယ်လေ ရုရှားမှာ ။ ။

လင်းခါး
၆-၉-၂၀၁၃

အထူးပြုလုပ်ထားရတဲ့ ရိုးရိုးတန်းများ

အထူးပြုလုပ်ထားရတဲ့ ရိုးရိုးတန်းများ
....................................

ဟန်ဆောင်ပြုံးပြလိုက်တယ်

ဟန်ဆောင်ပြုံးပြနေတာပဲလို့ ထင်သွားရင်အခက်

မှတ်မိနေတဲ့ ကာတွန်းလို

သားကောင်ရှာထွက်တယ်ဆိုပေမယ့်

တကယ်ရော တွေ့ချင်ရဲ့လား
(ခြင်္သေ့က ကိုယ့်ရှေ့မှာ)

ကြီးမြတ်မှုကို ငြင်းပယ်လိုက်ပါတယ်

ဆိုပေမယ့်

ကြီးမြတ်မှုကို ငါငြင်းပယ်လိုက်တာဟာ

ငါ မကြီးမြတ်လိုဘူးလို့

အတွေးမချော်စေချင်ဘူး

တောင့်တခဲ့ရတာတွေအတွက်

ကြောင့်ကြဗျာပွေများလှပါပြီလေ။ ။

လင်းခါး
31-8-2013

ဝမ်းနည်းခြင်း

*** ဝမ်းနည်းခြင်း ***

မုန်းသူတွေတော့ မသေ

ချစ်သူများကျတော့ ကြွေရတယ်

ဒီကမ္ဘာ နေချင်စရာ ဘာရှိသလဲ။ ။

လင်းခါး
ဆရာမောင်ဝံသ နောင်များဘဝမှာ ကောင်းကျိုးထမ်းသူပဲ ဖြစ်မှာပါ။

သိုးနေတာတွေ ဘယ်သူစားမလဲ

*** သိုးနေတာတွေ ဘယ်သူစားမလဲ ***

ဦးညွတ်သင့်တော့လည်း ညွတ်

ဦးခိုက်သင့်တော့လည်း ခိုက်

ဦးခေါင်းကို ရိုက်ခွဲသင့်တယ်ဆိုတော့လည်း

ရိုက်ခွဲလိုက်ရုံပေါ့

ကြယ်တွေကို ကြာကြာငေးမနေဘူး

အသီးရဖို့ ပင်စည်ကို

လှုပ်ခါမနေတော့ဘူး

ဒီမှာ လိပ်ပြာလေး

ဒီမှာ တိမ်တွေရယ် လှလိုက်တာ

ဒီမှာ လှိုက်စားနံဟောင်နေတဲ့ ပြည်ပုပ်တွေ

ပန်းချီကားထဲ ဘာပဲရေးထားထား

ကိုယ်အတ္တကိုယ် ပြန်မြင်နေရတာပဲ

ဘာတီးလုံးလာလာ

ဒီကိုယ်နဲ့ပဲ လှုပ်ခါ ကလိုက်တာ

ဂစ်တာနဲ့စန္ဒရားက ကြိုးတပ်တူရိယာ

ကဗျာနဲ့ တေးသီချင်းတွေက စာသား

ဒီမှာ တကယ့်ဘဝက

တကယ့် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးနဲ့

တကယ် မြင်နေရတာပဲ

ဘာလို့

ရေလိုက်လွဲနေမလဲ

လာကြ

ခွေးတွေအူတာ နားထောင်ရအောင်။ ။

လင်းခါး
၂၂-၈-၂၀၁၃

တန်ဆောင်မုန်း ရီနေဆန့်

*** တန်ဆောင်မုန်း ရီနေဆန့် ***

အတိတ်ကို လွမ်းရတာ

သိပ်နက်တဲ့တောထဲ

သစ်ဥသစ်ဖုတူးရသလိုပဲ တဲ့

အဘိုးကြီးက ပြောတယ်

ဟေ့ ဟေ့ အဲဒီအဘိုးကြီးက

အဘိုးကြီးအားလုံးကို ကိုယ်စားမပြုဘူးကွ တဲ့

တကယ်တော့ အဘိုးကြီးတွေအတွက်

လူငယ်ဘဝဆိုတာ

မက်ပြီးသား အိပ်မက် ထပ်မက်ချင်နေတာပဲ တဲ့။

အဘိုးကြီးတွေက အသက်ကြီးပြီဆိုတော့

စကားလုံးကြွယ်ပါဘိသနဲ့

ဆင်ခြေကလည်း များများရယ်။

အဘိုးကြီးတွေက အသက်သာကြီးတယ်

နိမိတ်ပုံ အလန်းတွေနဲ့ရယ်။

လွယ်လွယ်နဲ့လက်မခံချင်တာလည်း

အဘိုးကြီးတွေ အကျင့်

အတ္တကြီးပုံကလည်း စည်းလွတ်ဝါးလွတ်ရယ်

သူတို့ ခေတ်ကမှ ရွှေခေတ်

သူတို့ အနုပညာမှပဲ အနုပညာတဲ့။ ဒါပေမယ့်ကွယ်

အဘိုးကြီးတွေကို ပစ်မထားလိုက်ပါနဲ့

အဘိုးကြီတွေကို နားလည်ပါ

အဘိုးကြီးတွေကို လေးစားပါ

အဘိုးကြီးတွေကို နှစ်သိမ့်ပါ

အဘိုးကြီးတွေကို တွဲခေါ်ပါ

အဘိုးကြီးတွေကို မတော်လှန်လိုက်ပါနဲ့ကွာ

အဘိုးကြီးများ ကိုယ်စား အဘိုးကြီးတစ်ယောက်

အဘိုးကြီးပြန်လည်ဆန်းသစ်ရေးအဆို

တင် သွင်း လိုက် ပါ တယ် ။ ။

လင်းခါး
၂၆-၈၂၀၁၃

ခွေးမောင်းသံ

*** ခွေးမောင်းသံ ****

ပန်းသဇင်တစ်ခက်

နမ်းချင်ရက်နဲ့ ဆွေး

အို

ကြမ်းပြင်ထက်က ခွေး။

ရေးသူ-လင်းခါး

*** အထိကရုဏ်း ထိကရုဏ်း ***

*** အထိကရုဏ်း ထိကရုဏ်း ***

သိသူတွေက တိတ်ဆိတ်နေတော့

သေချာမသိတဲ့ ငါတို့က လူမိုက်လုပ်နေရ။

အမြင်ရှင်းသူတွေက အဖက်မလုပ်တော့

ဝေဝေဝါးဝါးနဲ့ ငါတို့က ဝင်ဂန်ကျယ်နေရတယ်။

လိုအပ်တယ်ပဲ ထားပါတော့

ငါတို့လို လူတွေ

ိုလိုအပ်တယ်

သမိုင်းအမြင်အရတော့

သူရဲကောင်းများအတွက်

ကိုးစားသူ အညတရများလည်းရှိရ

တိုင်းပြည်အတွက် အသက်ပင်သေသေဆိုသူများအတွက်

ဘယ်သူ့သတ်ရ သတ်ရ ကိုငတေများလည်းရှိရ

လိုအပ်တယ်

ငါတို့ တကယ်ကို လိုအပ်တယ်

အဓမ္မက သနပ်ခါးလိမ်း ပန်းပန်လာတော့လည်း

ဓမ္မတရားက မျက်နှာအဆီပြန် ခေါင်းစုတ်ဖွားနဲ့

ထလာရတော့တာပါပဲ။ ။

လင်းခါး
၂-၉-၂၀၁၃

ဧရာဝတီကို မတော်မတရားလုပ်နေတာတွေလည်း ရပ်

မီးရှို့နေလည်း ရပ်

ဝါဒဖြန့်ချိနေလည်း ရပ်

ပြေးနေရတာ ခဏရပ်

လိုက်နေတဲ့လူတွေလည်း ရပ်

ချစ်ကြတယ်ဆိုလည်း နေပါဦး

သိပ်မုန်းတာပဲ ပြီးတော့ ဆက်မုန်းပါ အခုခဏ

ရပ် ရပ်

သစ်ခုတ်သူတွေ ဘုရားဒကာတွေ

ဘောလုံးသမားတွေ

မျိုးချစ်တွေ

ထွက်တော့မယ် သင်္ဘောတွေ

မိန့်ခွန်းပြောမှာတွေ ရပ်

ကဗျာရေးနေတာလည်း ရပ်

ဧရာဝတီတော့ ဆက်လက် စီးပါစေ။ ။

ဧရာဝတီ

ဧရာဝတီ

------------

သူ့သွေးတစ်စက်

ကိုယ့်သွေးတစ်စက်

အကုန်လုံးတစ်စက်

စီးပါလေ

အို အမိ ဧရာဝတီ ..........

အို သားတို့ ဧရာဝတီ .......

ယဉ်ကျေးမှုတွေ စီးဆင်းယူလာသည်

အို .... ဧရာဝတီ

ဒုက္ခတွေ တိုက်စားလို့ သယ်ကာအဝေး

အို ..... ကြီးမြတ်တဲ့ ဧရာဝတီ

အို ..... စီးဆင်းလျက် ရေပြာနဒီ

အို .... မရှိရင် ခက်မယ့်

သားတို့ရဲ့ ဧရာဝတီ ...... ။ ။

Friday, August 9, 2013

အပြောင်းအလဲ

*** အပြောင်းအလဲ ***

အပြောင်းအလဲဆိုတာနဲ့

ကမ္ဘာကြီးကို ပြေးမြင်လိုက်တာပဲ

ဘောင်းဘီဝတ်ရတာပူလို့

ပုဆိုးလဲဝတ်တာ

မနေ့က ဆားဖြူး ဒီနေ့ ငရုတ်သီးကိုက်

ဒီနေ့ အုန်းထမင်း မနေ့က ဟမ်ဘာဂါ

လက်ပတ်နာရီ ဘယ်ဘက်ကနေ

ညာဘက်လက်ကို ပြောင်းဝတ်လိုက်တယ်

ဒါလည်း အပြောင်းအလဲ

ဆံပင်ညှပ်လိုက်တယ်လေ

ဒါလည်း အပြောင်းအလဲ

အပြောင်းအလဲတွေ ရမယ်

အပြောင်းအလဲတွေ ရမယ်

ဒဿဂီရိ မယ်တော် စွန်းဝူခုန်း အဗန်ဂျာ

ပြောင်းလဲနေမှ ကမ္ဘာလို့ခေါ်တာ။ ။

လင်းခါး

၂၅ နှစ် ပြီးတော့

*** ၂၅ နှစ် ပြီးတော့ ***

ဝါကျတွေမှာ သွေးညှီနံ့မကင်းသေးဘူး

တေးသွားတွေကလည်း ထိမိရင် ရှမိမယ်

ဆိုင်းဘုတ်တွေလည်း ရှိသေးတယ်

ဆေးစိမ်းတွေပါ ပြန်သုတ်ထားတယ်လေ။

အထည်ချုပ်က ညီမလေး

ငိုနေရတုန်းလား

ကလေးအလုပ်သမားတွေ

အဓမ္မအရိုက်အနှံခံနေရတုန်းလား

မြေတွေ ပြန်ရပြီလား ဦးကြီး

စစ်တပ်က

လှောင်အိမ်ထဲက မျောက်တွေလိုသဘောထား

သူတို့ကိုယ်တို့ဆီ သေနတ်ပြနေတုန်း။

ခွေးနှစ်ကောင် လွတ်လပ်စွာကိုက်ခွင့်လား

လှံစွပ်ထိုးသတ်သူများကလည်း

နောင်တရဖို့ဝေး

တိုင်းပြည်ကြီးငါတို့ကယ်ခဲ့တာပြောတုန်း

ဗိုလ်ချုပ်ကြီးဟောင်းက တရားဓမ္မလုပ်နေပြီဆိုတော့

ဘဝပျက်ခဲ့သူတွေကပဲ ငရဲသွားရတော့ မလို

သူတို့ကြောင့် မဟုတ်ဘူးဆိုတော့

ငါတို့ကြောင့်ပဲလိုလို။

လေ့ကျင့်ပြေးခုံပေါ် ပြေးနေသလို

နေရာ မရွေ့ဘူး

စစ်သားဆို လူထုက ထွီ ထွမ်ချင်တုန်း

စစ်သားကလည်း ထွီထွမ်နဲ့ ထိုက်တန်တုန်း

မေးပါရစေ

ဒီမိုကရေစီ လား ဘာကြီးတုန်း

human right ဆိုတာကို အိုကြီးအိုမသေခါနီးမှသိ

ကြောက်လန့်တွေးတဲ့ ခွေးကြီးလက်ပေးသင်လား

အရူးအိပ်မက်လား

ထမ်းပိုးတင်ခဲ့ရတဲ့ ကျောက်တုံးကြီး

နောက်တစ်ခါ လိမ့်ကျလာဦးမလား

တွေးပူတတ်ရတယ်

တွေးပူမှ လူလို့ခေါ်တယ်လေ

အိပ်မပျော်တဲ့ ညရှိရမယ်

မထိလည်း နာတတ်ရမယ်

နာရင် အော်ရမယ်

ခံစားရမယ် ဖွဲ့ဆိုရမယ်

ပြီးတော့ ဖြန့်ချိရမယ်

၁၉၄၈ ဒီဇင်ဘာ ၁၀ ကြေညာစာတမ်းကြီး

ထွက် လာ တယ်

မြန်မာပြည်ကြီးက ဦးအောင်ထောက်ခံခဲ့သပေါ့

ဦးအောင် ချိုးဖောက်ပြခဲ့ပေါ့

၁ ပြီးရင် ၂ လာရမယ်

၂ နှစ်လီ ၄ ရမယ် ၃ သုံးလီ ၉ ရမယ်

လွန်ခဲ့သော ၂၅ နှစ်က လူတွေ အိုပါပြီ

လွန်ခဲ့သော ၂၅ နှစ်က သေနတ်တွေဟာ

ပစ်လို့ရသေးတယ် ။ ။

လင်းခါး
၅-၈-၂၀၁၃
၈၈၈၈ ငွေရတု အထိမ်းအမှတ်

***သတ်တယ် သေတယ် နောက်လူတွေ ဘာလုပ်မလဲ ***

***သတ်တယ် သေတယ် နောက်လူတွေ ဘာလုပ်မလဲ ***

သူတော်စင်က သူတော်စင်

လူသတ်သမားက လူသတ်သမား

နေရာပြောင်းထိုင်ရအောင်ကွာ လုပ်လို့မရဘူး။

လိုသူ မိဖုရား စေခိုင်းသူ ဘုရင် ကံဆိုးသူ မုဆိုး

လုပ်လို့မရ

သူတော်စင်က ထိရင် သိတယ်

ကိုယ်တွေက ထိရင် နာတယ်

နာရင်အော်ရတယ်

စတန့် မပါဘူး မျက်လှည့် မပါဘူး

ဘယ်သူမှ ချို မကြွဘူး

ပုရွတ်ဆိတ်နဲ့ဖိနပ် ရန်ငြိုးရှိလို့လားတဲ့

လိုကီက ပြောတယ်

ကျည်ဆံတွေက လာချင်တာ မဟုတ်ဘူးဆို

ဒီကျည်ဆံတွေ ငါတို့ဆီ

ဘယ်သူက လွှတ်လိုက်သလဲ။ ။

လင်းခါး
၆-၈-၂၀၁၃

Sunday, July 21, 2013

ခေတ်ဆိုးတွင်းဝယ်

---- ခေတ်ဆိုးတွင်းဝယ် ---

မျက်လုံးတွေ မှိတ်ထား

ဘာမှ မမြင်ချင်ရင်တော့ မျက်လုံးတွေကို မှိတ်ထား

စစ်တပ်က ပစ်သတ်တာ မမြင်ချင်

လယ်သမားတွေ ဖယ်ရှား ခံရတာ မမြင်ချင်

ကျောင်းသားတွေ သူတောင်းစား ဖြစ်ကုန်တာ မမြင်ချင်

အလုပ်သမားတွေ အချုပ်ကန္တွားပဲ ရောက်နေတာ မမြင်ချင်

မျက်လုံးတွေ မှိတ်ထား။

နားတွေကို ပိတ်ထား

ဘာမှကို မကြားချင် နားတွေကို ပိတ်ထား

အမွေအနှစ်တွေ ချေပစ်မွကြေသွားတာ မကြားချင်

တောင်တန်းတွေ ချိုင်းဝှမ်းဖြစ်သွားတာ မကြားချင်

ရေပြာ နဒီ ဧရာဝတီ သေပါပြီတွေ မကြားချင်

နားတွေကို ပိတ်ထား။

ပါးစပ်တွေကို ပိတ်ထား

ဘာမှ မပြောချင်တော့ရင် ပါးစပ်တွေကိုသာ ပိတ်ထား

ပေးမလုပ်တဲ့ ပုဒ်မလေးတွေ မပြောချင်

ပုဒ်မ ၁၈ တွေနဲ့ ဒုက္ခဖြစ်နေတာတွေ မပြောချင်

ချွတ်ချော်တဲ့ လွှတ်တော်ကို မပြောချင်

အမျိုးသားရေးသမားတွေကို ဒိုးပြားလေးတွေလို ကစားခံနေရတာ မပြောချင်

ဟူးမန်းရိုက်သမားတွေ အရူးအနှမ်းငမိုက်သားတွေလို ထင်နေတာလည်း

မပြောချင်

အလေအလွင့်အသေအချာဖြစ်နေတဲ့ တစ်မတ်သားနေရာတွေဆိုတာလည်း

မပြောချင်

ပါးစပ်တွေသာ ပိတ်ထား။

ဘာမှ မမြင်ချင်၊ မကြာချင်၊ မပြောချင်တဲ့

ခေတ်အခင်းအကျင်း အခါ

လွတ်လွတ်ကင်းကင်း

မသာ ဖြစ်နေမှပဲရတော့မယ် ။     ။

လင်းခါး
22-7-2013

ငယ်သေးတော့ လူငယ်

*** ငယ်သေးတော့ လူငယ် ***

ပန်းအိုးကတော့ ပန်းမပွင့်ဘူး
အမှားဆိုတာ သုံးတတ်ဖို့ပဲ
လက်ထဲမှာ အမြဲရှိတယ်။
နောက်တစ်ခါ ......
မေတ္တာတရားကို သခွားသီးလို ပါးပါးလှီးမယ်
သစ္စာတရားကို တိမ်တွေလို့ပဲ
သဘောထားတော့မယ်။
လက်သီးတွေလည်း ဆုပ်သာဆုပ်ရတယ်
ထိုးစရာက နံရံပဲရှိတော့။
တရားနဲ့ဖြေရတယ်
ငယ်သေးတော့ လူငယ်ပေါ့
အပိုဆာဒါး ကြုံးဝါးမနေဘူး။ ။

လင်းခါး

အပီနှံမယ့် ကျည်ဆံတွေ

** အပီနှံမယ့် ကျည်ဆံတွေ ***

ဟစ်တလာ့ ခေါင်းထဲဝင်သွားတဲ့ ကျည်ဆံတော့

ဘယ်သူမှ အပြစ်မြင်မှာမဟုတ်။

ကျည်ဆံဟာ ကျည်ဆံအလုပ်

ဖောက်ဝင်မယ် ထိုးခွဲမယ် ဇီဝိန်ကို ခြွေမယ်

သေမယ့်လူဟာ

ကင်း ဂျူနီယာလား

အာနက်စတို ချေဂွေဗားရားလား

ကဒါဖီလား

ဂန္ဒီလား ခွဲနေမှာတော့ မဟုတ်။

ကျည်ဆံတွေ

ဒါက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ထဲက

ဒီတစ်တောင့်က သခင်မြ ကိုယ်ထဲက

ဒီတစ်တောင့်ကတော့ဖြင့်

မာယာကော့စကီးရဲ့ ခေါင်းထဲကပါ။

ကျည်ဆံတွေ

ရာဘာကျည်ဆံတွေ

ခဲကျည်ဆံတွေ

ကလေးကစားစရာ ကျည်ဆံတွေလည်း ရှိပါတယ်

ကလေးကစားစရာတွေ

ကလေးအိပ်မက်တွေ

ကလေးစာသင်ကျောင်းတွေကို ဖျက်ဆီးခဲ့တဲ့

အမြောက်ကျည်ဆံတွေလည်း ရှိပါတယ်။

ကျည်ဆံဆိုတာက

ခေါင်းထဲဝင် ဦးနှောက်ကိုဖောက်သွားရင်ဖြင့်

ဂျူးလူမျိုးလည်း သေမှာ

ဗမာလည်း သေမှာ

ဂျာမန် အင်္ဂလိပ် စသဖြင့်

လူမျိုးမရွေး ဘာသာမရွေး

အသားအရောင်မရွေး လိင်မခွဲခြား

တိရစ္ဆာန်ကအစ တစ်ဘဝဖြစ်ပျက်တော့

ချုပ်သွားမှာ။

ကျည်ဆံတွေ

အမှန်တရား ဘက်တော်သားတွေလည်း

တော်လှန်ရေးအတွက် ကျည်ဆံလိုသတဲ့

အာဏာရှင်များကလည်း နှိမ်နှင်းဖြိုခွင်းထိုးစစ်ဆင်ဖို့

ကျည်ဆံလိုသတဲ့

အာဏာရှင်ကတော့ ကျည်ဆံကိုမဖြုန်း

သူက မိုးပေါ်ထောင်ပစ်တာ မပါဘူး တဲ့။

ကျည်ဆံတွေ ကျည်ဆံတွေ

ကျည်ဆံတွေ ဘယ်ကလာသလဲဆိုရင်

သေနတ်ပြောင်းဝက ထွက်လာပါတယ်။

ဒီလိုဆိုတော့ ကျည်ဆံတွေဟာ

အာဏာတွေ ဖြစ်နေပြန်ပါရော

ဒီလိုတော့ မဟုတ်လောက်ပါ

ကျည်ဆံဆိုတာ

အမုန်းတရားက လာပါတယ်

ကျည်ဆံဆိုတာ

ရူးသွပ်မှုကနေ လာပါတယ်

ကျည်ဆံဆိုတာ

နှလုံးသားကနေ လာပါတယ်

ကျည်ဆံဆိုတာ

လူသားကနေ လာပါတယ်

ကျည်ဆံဆိုတာရှိနေလို့

ကျည်ဆန်တွေ သွားနေ လာနေရပါတယ်။ ။

လင်းခါး
၁၇-၇-၂၀၁၃

အာဇာနည်တိုင်း သမိုင်းမသေ

*** အာဇာနည်တိုင်း သမိုင်းမသေ ***

လူယုတ်မာ ဗီလိန်က

မင်းသား လာကယ်ရင် စိတ်ညစ်တယ်

မင်းသားဟာ သူ့အတွက် နတ်ဆိုး။

ဟစ်တလာကိုထောက်ခံသူ

ကော်ဖီဆိုင်ပိုင်ရှင်က

ဂျူးများ မဝင်ရတဲ့ ဆိုင်းဘုတ်ချိတ်ထားတယ်

အိုင်းစတိုင်း မဝင်ရ အာရင်ဘတ်မဝင်ရ ပေါ့လေ။

သူရဲကောင်း ရှိတယ် မဟာကယ်တင်မှုရှိတယ်

သမိုင်းဆိုတာ အပြုသဘောချည့် မလာဘူး

သူရဲကောင်း သေတယ်

မဟာကယ်တင်မှုရပ်တန့်တာလည်းရှိတယ်

ငါတို့က မျက်ရည်တွေနဲ့

တောင်းဆို

သူတို့က ပြက်ရယ်ပြု

ပယ်ချ

ဘာအရေးလဲ

ငါတို့က ကျေးဇူးတရားကို သိတယ်

သူတို့က ခွေးရူးနွားပမာ ပြုတယ်

ဘာအရေးလဲ

အာဇာနည်က အာဇာနည်ပဲ

သမိုင်းကို လူတွေကရေးတယ်

ကမ္ဘာစောင့်နတ်တွေက စောင့်ရှောက်တယ်

အာဇာနည်မျိုးတဲ့ဟေ့ သေရိုးမရှိ။ ။

လင်းခါး
အာဇာနည်နေ့ အထိမ်းအမှတ်

အဆက်မပြတ်

*** အဆက်မပြတ် ****

ကုန်ထမ်းသမားဟာ

ကုန်ပြန်ထမ်းဖို့ ဘူတာဆီ ဆိပ်ကမ်းဆီ။

အနှေးယာဉ်သမားများလည်း

နှေးကွေးစွာ သမုဒယလမ်းမှာ ဂိတ်ထိုး

ကျောင်းသားများ စာသင်ခန်းဝင်

အီကွေးရှင်းတွေ မြီရှင် လည်ပတ်မှုတွေ ကုန်ထုတ်စနစ်တွေ

ဖားရင်ကိုခွဲတာတွေ ဒက်ဖနေးရှင်းတွေ

ပြန်လည်ပတ်။

ပန်းသည်လေးတွေ ဒီနေ့ အရောင်းပါးသွားပြီ။

ပွဲတက်ဝတ်စုံတွေဟာ ဒိုဘီဆိုင်တွေမှာ

ခဝါသည်တွေဟာ ရိုက်နှက် လျှော်ဖွပ် လက်မအား။

စာရေးစာချီတွေက ဇယားအသစ်တွေထဲ

ကိန်းဂဏန်းအသစ်တွေထိုးထည့်။

ကဗျာဆရာတွေလည်း အနားရ

ခါတော်မှီ နောက်တစ်ပွဲအတွက် ခံစားမှုသွင်း

စာအုပ်စာတမ်းလှန် အချက်အလက်ပြန်ရှာ။

အထိမ်းအမှတ်အဆောက်အဦ ဟာ

ရင်ကွဲပက်လက် အထီးကျန်ဆန် ကျန်ခဲ့ရှာ။

သူရဲကောင်း အာဇာနည် ရုပ်တုတွေဟာ

ဘာမှ မဖြစ်ခဲ့သလိုပဲ ရပ်တန့် ငြိမ်သက်။

အဆောက်အဦစောင့် အဘိုးအိုဟာ

မျက်စိရှုပ်နားရှုပ်သက်သာ

တဝါးဝါးသမ်းဝေ။

ပန်းခွေတွေကတော့ နွမ်းသွားပြီ။

လူငယ်တွေဟာ

ပုံမှန်ဘဝထဲ ရွှင်မြူးစွာပဲ ပြန်ဝင်သွား

မျက်နှာသေတွေကို မေ့သွားပြီ။

ဒီနေ့ ဒီအချိန်အခါ ဒီနေရာ ဆိုတာတွေဟာ

အတိတ်

အခု ဒီနေ့ ဒီအချိန်အခါ ဒီနေရာတွေဟာ

ပစ္စပ္ပုန်

အတိတ်ပုခုံးပေါ်တက်ရပ်ရတဲ့ အနာဂတ်ဟာ

ဒီလို ဒီနေ့ ဒီအချိန်အခါ ဒီနေရာမှာ

ဒီအဖြစ်အပျက်တွေလာဦးမှာ

တကယ်ရလိုက်တာ ဘာတွေလဲ

အာရုံခံစားမှုလား

စိတ်ကူးစိတ်သန်းလား

သမိုင်းအမွေလား

လေ့လာမှီငြမ်းလား

ဓါတ်ကူးယူတာလား

ဝမ်းနည်းစရာ သက်သက်ပဲလား

သမုဒ္ဒရာများ ကြီးမားကျယ်ပြန့်ဆဲ

မဟာပထဝီ တည်ရှိဆဲ

လူသားအံ့ဖွယ်ဇာတ်လမ်းများဟာလည်း ပေါ်ပေါက်ဆဲ။ ။

လင်းခါး
၂၀-၇-၂၀၁၃

ညာဘက်လက်တွေ

*** ညာဘက်လက်တွေ ***

အသုံးမပြုရသေးတဲ့ ညာဘက်လက်ဟာ

ဒေါသထွက်နေတယ်

ချက်ကောင်းစောင့်နေတယ်

သူ့မှာ အားနည်းချက်ရှိတာ ဝန်ခံပါတယ်

ဒါကို ပျော့ကွက် မဖြစ်စေချင်ဘူး

အသုံးမပြုရသေးတဲ့ ညာဘက်လက်ဟာ

အသုံးပြုဖို့ အားထုတ်ရင်း

အထက်မြက်ဆုံးအချိန်ကို လွန်ခဲ့ပြီ

ဒဏ်ရာကို စွဲလမ်းမိတဲ့ နုဖတ်လက်ဖွေးဖွေးလိုပါ

တိုက်ပွဲဆီ မပို့ဖြစ်တဲ့ ဓါး လှံ လက်နက်တွေလိုပါ

ဒါပေမယ့်

အသုံးမပြုရသေးတဲ့ ညာဘက်လက်ဟာ

ပါးနပ်တယ်

ချောင်းမြောင်းတယ်

အမြင့်ဆုံးအထိ ချိန်ရွယ်တယ်

ဒါကြောင့်လည်း

အသုံးမပြုရသေးတဲ့ ညာဘက်လက်အဖြစ် တည်ခဲ့

အသုံးပြုပြီးတဲ့အခါ အသုံးမပြုရသေးတဲ့

ညာဘက်လက်ဆိုတာ

ဒီလို စောင့်ဆိုင်းနေရတဲ့ တန်ဖိုးရှိမှုအဖြစ်

တစ်ချိန်လုံး သူ တွေးဆနေတယ်

တစ်ချိန်လုံး သူ အသင့်ဖြစ်နေတယ်

တစ်ချိန်လုံး သူ

အသုံးမပြုရသေးတဲ့ ညာဘက်လက်အဖြစ်တော့

နေသွားမှာ မဟုတ်ဘူး။ ။

လင်းခါး
(ယှဉ်ရုန်းခဲ့တဲ့ ဘော်ဒီ - မှ )

ဘူးသီးမသီးဘူး အနုလုံ ပဋိလုံ

*** ဘူးသီးမသီးဘူး အနုလုံ ပဋိလုံ ***

ရှဥ့်လည်း လျှောက် ပျားလည်းဆွဲ

သားကလည်း ရွှေအိုးထမ်း

မဏိမေခလာလည်း ကယ်တင်

လှံထမ်းလာတာလည်းမြင်ရ

တံပိုးပေါက်ကြီးမှာ လိပ်ကန်းကြီးကလည်းစွပ်

မဟာဘုတ်မလည်း တိုင်ထိပ်

ဆင်လည်းဆင် ဆိတ်လည်းဆိတ်

အာလူးကလည်း ပေါများ

ရှန်ပိုင်ပုလင်းများလည်း တဖောက်ဖောက်

ကိုယ်ကလည်း နေချင်စဖွယ်အရွယ်က မတက်

တိုင်းရင်းသားများအတွက်

ဖက်ဒရယ် ကိတ်မုန့်ကြီးကလည်း ထုပ်ပိုးပြီး

ဆီကို ရေချိုး ဆေးရိုးတွေလည်း မီးလှုံ

စပါးတွေလည်းဈေးကောင်း

ရာသီဥတုကလည်းသာယာ

အစိုးရဆိုတာလည်း
ဘယ်အချိန်ကောက်တပ်တပ်

ရုန်းမယ်ဆိုတဲ့ နွားတွေ

သြော် ဒီကမ္ဘာကြီး

ကမ္ဘာကြီးလို့တောင် မခေါ်ရက်။


လင်းခါး
21-7-2013

Monday, July 8, 2013

ဒီလိုတွေ

ဒီလိုတွေဖြစ်လာလိမ့်မယ်လို့ ပြောတုန်းက
ဒီလိုတွေဖြစ်လာလိမ့်မယ်လို့ တွေးမိတဲ့ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့
ဒီလိုတွေဖြစ်လာလိမ့်မယ်လို့ တွေးမိတာလဲလို့ ....အခုတော့
ဒီလိုတွေ တကယ်ဖြစ်လာပါပြီ။ ဟုတ်ပြီ ဘာကြောင့်
ဒီလိုတွေက ဖြစ်လာရတာလဲ
သမိုင်းအဖြစ်အပျက်တွေဟာ လူမျိုးတွေ၊ ဘာသာတွေ၊ သာသနာတွေ
နောက်ခံယဉ်ကျေးမှုတွေ၊ ဖြေရှင်းပုံတွေ ကွဲပေမယ့်
အဖြစ်အပျက်တွေက တူတူပဲ။
ဒါကြောင့် သမိုင်းဆရာတွေဟာ အလွန်ကောက်ချက်ဆွဲ
ဒါကြောင့် သမိုင်းဆရာတွေဟာ အလွန်အဖြေထုတ်
ဒါကြောင့် သမိုင်းဆရာတွေဟာ အလွန်ရှေ့ဖြစ်ဟောကြတယ်။
အခု ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ အရင်တုန်းက ငါဘာလို့ တွေးမိပါလိမ့်လို့
စဉ်းစားမိတော့
အခု ဒီလိုတွေ ဖြစ်လာပုံကို အရင်တုန်းက
ဒီလိုတွေ ဖြစ်လာပုံနဲ့ တွဲသိနေတာ။ အရင်တုန်းက
ဒီလိုတွေ ဖြစ်လာတုန်းကလည်း လူတွေက ဒီလိုပဲ။
မြို့လယ်ခေါင်မှာ လူတွေက အော်ဟစ်နေတယ်
မြို့လယ်ခေါင်မှာ အော်ဟစ်နေတဲ့ လူတွေကို
အခန်းထဲမှာ ငြိမ်ငြိမ်ကလေးထိုင်နေတဲ့ လူတွေက
မြို့လယ်ခေါင်မှာ မင်းတို့ အော်ဟစ်ကြလို့
ငွေကြေးအားဖြင့်
အာဏာပါဝါအားဖြင့်
သြဇာအားဖြင့်
အတင်းအဓမ္မအားဖြင့်
မြို့လယ်ခေါင်ကို တွန်းပစ်လိုက်တော့ မြို့လယ်ခေါင်ရောက်မိသူများမှာလည်း
စာရိတ္တအားဖြင့်
ငွေကြေးအားဖြင့်
ပညာအားဖြင့်
ဆင်ခြင်တုံတရားအားဖြင့်
ချွတ်ခြုံ၊ နိမ့်ကျ၊ ဆင်းရဲ
နေတဲ့ အခါကျတော့ .......
အခုတော့ ဒီလိုတွေ တကယ်ဖြစ်လာနေပါပြီ
ဟုတ်ပြီ
အခုတော့ ဒီလိုတွေ တကယ်ဖြစ်လာနေပြီဆိုတဲ့အခါကျတော့ အရင်က
ဒီလိုတွေ ဖြစ်ခဲ့တုန်းက ဘယ်လို
အဆုံးသတ်ကြရလဲ ဘယ်လို
ရင်ကြားစေ့ရသလဲ ဘယ်လို
ရွှေပြည်အေးခဲ့ရသလဲ ဘယ်လို
ဆိုတာကျတော့
ဒီလိုတွေ ဖြစ်မယ်ဆိုတာသာ ငါကသိတာ
ဒီလိုတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ် ငါမသိဘူး
ဒီလိုတွေ ဖြစ်လာရင် ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ ငါမသိဘူး
အဲဒီတော့
ဒီလိုတွေ ဘယ်တော့ဆုံးမလဲ ထိုင်ကြည့်တာပေါ့
ကြည့်ပြီးသား ရုပ်ရှင် ပြန်ကြည့်ရသလို
ဖတ်ပြီးသား ၀တ္ထု ပြန်ဖတ်ရသလို
ထွေးပြီးသား တံထွေးပြန်မျိုရသလို
ဒီလိုတွေကတော့ ဒီလို ဒီလို တကယ်ကို ဖြစ်နေပါပြီ။ ။

လင်းခါး
၉-၇-၂၀၁၃

မြို့တော်ရန်ကုန်

*** မြို့တော် ရန်ကုန် ***

ရန်ကုန်ဟာ ပါရီလောက် မကြီးကျယ်ပေမယ့်

ကြီးကျယ်တယ်။

အကြွေးတွေနဲ့ချမ်းသာနေတဲ့

မိန်းမဝဝကြီးလို

တစ်ရေးမှ မငိုက်ရသေးတဲ့

အလွဲသုံးစား ဗိုလ်ချုပ်ကြီးတစ်ဦးလို

အဆံကချောင် ဘဝင်ကတက်

ရန်ကုန်ဟာ

ဆူးလေဘုရားပေါ်က ပန်းသည်လေးတွေလို

ရွှေတိဂုံဘုရားရှေ့က ကျွတ်ကျွတ်အိတ် ဇွတ်ရောင်းတဲ့ ကလေးတွေလို

တစ်ခါတလေတော့လည်း သနားစရာ။

တက်ကြွလှုပ်ရှားခဲ့သူ ရန်ကုန်

အလံတွေ ဝဲ စာရွက်တွေ ကြဲ နေတဲ့ ရန်ကုန်။

၂၀၀၇ တုန်းက ရန်ကုန်မှာ

သူရဲကောင်းတွေ လက်တွေတွဲလို့

သီချင်းတွေညည်းလို့ ရဲသွေးတွေကြွလို့

တံတားဘောင်ပေါ်က ကျည်ပေါက်တွေက ရင်စို့လို့။

၈၈ တုန်းက ရန်ကုန်ဟာ

ကမ္ဘာစစ်အတွင်းက စစ်မြေပြင်တွေလို

ရန်ကုန်ဟာ ကတုတ်ကျင်း

ရန်ကုန်ဟာ သဲအိတ်

ရန်ကုန်ဟာ တင့်ကားကို ကြွေးကြော်သံဆိုင်းဘုတ်တွေနဲ့

ဝင်စီးဖို့ စိတ်ကူးယဉ်ခဲ့တာပေါ့

ရန်ကုန်ဟာ ကျယ်ပြောတဲ့ ရင်ပြင်နီကြီးပေါ့။

ဆိုတော့ ရန်ကုန်ဟာ ရန်မကုန်သေးပါဘူး

ဒါပေမယ့် ရန်ကုန်ဟာ ဖောက်ပြန်သွားခဲ့ပြီထင်တယ်

တစ်ညလုံး မအိပ်ဘဲ

ကြေညာစာတမ်းတွေ လှိမ့်နေတဲ့ ညတွေကို

ကလပ်တွေနဲ့ လဲလိုက်ပြီ

လျို့ဝှက်ဆွေးနွေးပွဲက ဝါကျတွေကို

အနှိပ်ခန်းထဲ အန်ထုတ်ခဲ့ပြီ။

လက်နက်ကိုင်ဖို့ လက်နက်ရှာခဲ့တဲ့ အတွေးတွေကို

မြစ်ထဲ မျောလိုက်ပြီ။

ရန်ကုန်ဟာ အာဏာရှင် ရှင်မီးအင်္ကျီးကို ချွတ်

ဒီမိုကရေစီဘော်လီကို ဝတ်ဖို့ပြင်နေတဲ့

အပျိုမလေးလို စိတ်လှုပ်ရှားနေသလိုပဲ။

ရန်ကုန်ဟာ ဇာတ်ဆန်ခဲ့တဲ့ ဘဝတွေကို

တဖြည်းဖြည်း ခါခါထုတ်ရင်း

ငွေတိုးပေး တရုတ်လို အမြင်ကျဉ်းကျဉ်းနဲ့

ထူပိန်းလာခဲ့ပြီ

ရန်ကုန်ဟာ အကြိမ်ကြိမ်အခါခါမို့

မထူးဇာတ်ခင်းတော့မယ့်

ညငှက်တွေနဲ့ မခြားတော့ဘူး

အပေါ်ယံ နိုင်ငံရေးရေချိန်တွေလည်း ပျော့ကျ

နှစ်ပတ်လည်တွေ ညီလာခံတွေနဲ့

ရန်ကုန်ဟာ ကြေးစား ဆန်နေပါပြီ။

တစ်ခါက ရန်ကုန်ရဲ့ ဘဝနာတာတွေ

တစ်ခါက ရန်ကုန်ရဲ့ ရွှေထီးဆောင်းတာတွေ

ရန်ကုန်ဟာ သူ့သမိုင်းတွေကို သူငြီးငွေ့နေလေတော့

ရန်ကုန်မြစ်ထဲ ညည လက်ထိုးအန်နေတယ်။

ညည အိပ်ဆေးတွေနဲ့

အနာဂတ်ကိုလည် အယုံအကြည်မရှိတော့

ကော်ရှူတဲ့ လူငယ်တွေရဲ့ အိတ်ထဲကို

သွေးစွန်းနေတဲ့ ငွေတွေထည့်ထည့်ပေးနေတယ်။

ရန်ကုန်ဟာ ဘီယာဂေါက်ဆီပြေးလိုက်

ပေါင်ဖွေးဖွေးကို ငေးလိုက်

ချိုင်းနိ ဖရန့် ဂျာမန် အင်္ဂလိပ် ဘာသာစကားသင်တန်းတွေ

ပြေးတက်လိုက်။

ရန်ကုန်အကြောင်းတွေးတော့

မြေနီကုန်းတွေ

တံတားနီတွေ

ကျောက်တိုင်ဂိတ်တွေ

တကသအဆောက်အဦတွေ

ထောက်လှမ်းရေး ၆တွေ

ရေကြည်အိုင်တွေ

သွေးပွက်ပွက်အန်ထားတဲ့ လူနာလို

ဒီရန်ကုန်။

ဒီ yangon ဟာ ဟိုယခင် Rangoon နဲ့

လမ်းနာမည်တွေပြောင်း

ဘားလမ်းတွေ ယော့လမ်းတွေပြောင်း

စသဖြင့်တွေ ပြောင်း

သမိုင်းဝင်တွေပါ ပြောင်းဖို့

ရန်ကုန်ဟာ တိုက်ပုံအင်္ကျီ ခေါင်းပေါင်းနဲ့လူတွေ

လူပါးဝသလောက်ကို ကလေးဆန်ပြနေရတယ်

အဝိုင်းအသစ် လေးထောင့်အသစ်

သုံးထောင့်အသစ်

အလံသစ်နဲ့

နေရင်းထိုင်ရင်း ဘုရင်ဟာ အိမ်ရှေ့မင်းသားဆီ

လွှဲရသလို နံပါတ်နှစ်ဖြစ်ခဲ့

ဘယ်သူတွေ သဘောတူခဲ့သလဲ

ရန်ကုန်ရောသဘောတူရဲ့လား

ဝန်ကြီးများရုံးနဲ့ ဂျူဗလီဟောနဲ့

အင်းလျားနဲ့ တက္ကသိုလ်နဲ့

အာဇာနည်ကုန်းနဲ့ မိုင်ဒါကွင်းနဲ့

လမ်းမထက်သွေးတွေနဲ့

ရဲရဲတောက် အမှန်တရားတွေ ရန်ကုန်မှာရှိတယ်

မင့်မှာ တစ်တိုင်းပြည်လုံး လူပါးဝ

တစ်တိုင်းပြည်လုံး အကျင့်ပျက်ဖို့ သာ စွမ်းနိုင်တဲ့

လူပျက်တွေသာရှိတာပါလို့

ရန်ကုန်မေးငေါ့နေမှာ သိတာပေါ့။

သြော် .... ရန်ကုန် ငါကြီးပြင်းခဲ့ရာ ရန်ကုန်

လမ်းဘေးဈေးသည်တွေ ညည်းလာတဲ့ ရန်ကုန်

စည်းကမ်းကလနားတွေ

မပေါ့်တပေါ်တွေ

ထုတ်ပြန်ကြေညာချက်တွေ

အလုပ်ရုံဆွေးနွေးပွဲတွေ

လမ်းပေါ်နေ လမ်းပေါ်သေ

လမ်းပေါ်မှား လမ်းပေါ်ကြွား

လမ်းပေါ်ရှာ လမ်းပေါ်ကြာ

လမ်းပေါ်တွေး လမ်းပေါ်ရေး

လမ်းပေါ်က သွေးတွေနဲ့ ရန်ကုန်

ရန်ကုန်ရဲ့ ကိုယ်ပိုင်ဟန်ဟာ ရန်ကုန်နဲ့ စိမ်းခဲ့ပေါ့။

ရန်ကုန်ရဲ့ အတွေးကို ရန်ကုန်က ဆင်ဆာဖြတ်ခဲ့ပေါ့။

အဲဒီ ရန်ကုန် ဟောဒီ ရန်ကုန်

ကဲ ဒီမှာ ရန်ကုန်

ဒီရန်ကုန်ရဲ့ အန္တိမသဘောကတော့

ရန်ကုန်နဲ့ ရန်ကုန် ရန်ကုန်မှာပြန်ဆုံဖို့။

ရန်ကုန် ရန်ကုန်ပီသဖို့

ရန်တွေကုန်သင့်ပါပြီ ထိုရန်ကုန်။ ။

လင်းခါး
၅-၇-၂၀၁၃

Thursday, July 4, 2013

ခုမြင် ခုပျောက် အသက်ကိုတော့ မခြိမ်းခြောက်နဲ့ပေါ့ကွာ

--- ခုမြင် ခုပျောက် အသက်ကိုတော့ မခြိမ်းခြောက်နဲ့ပေါ့ကွာ ---

လူကို လူလိုပေါ့

လူတွေက အိတ်ကပ်ပါတဲ့ အင်္ကျီတွေနဲ့

ညထဲက စဉ်းစားလာတဲ့ စကားလုံးတွေနဲ့

ဟန်ဆောင်ထားတဲ့ လက်သည်းခွံတွေနဲ့

စာအုပ်အထူကြီးထဲက ၀ါကျတွေနဲ့ တစ်ထပ်တည်း

ရုပ်ရှင်ထဲက မျက်ရည်ကျပုံတွေနဲ့ တစ်ထေရာတည်း

သီချင်းစာသားတွေနဲ့ အတူတူ

မင်းငါ့ကို ကြည့်ပါ

မင်းနဲ့ငါ အတူတူ

ပုခုံးကြားက ဒီခေါင်းက ထွက်လာ

အခု ဒီခေါင်းက ငါ့ကို လက်ညှိုးထိုးရောင်းစားဖို့

အခု ဒီခေါင်းက ငါ့ခေါင်းကို သေနတ်တေ့ပစ်ချလိုက်ဖို့

လူသားချင်း လူသားတောအုပ်ထဲ လူသားသစ်ပင်တွေ

လူသားလွှတွေနဲ့ ထိုးဖြတ်ပြီး လူသားတွေဆီတင်ပို့လိုက်တာ

သူတောင်းစားနဲ့ငါ ။ ဧကရာဇ်နဲ့ငါ မျက်ရည်ကျတော့

အရောင်က အတူတူပဲ

မင်းလည်း နာတတ် ငါလည်း နာရင် အော်တတ်

ငါ့ခေါင်းနား ၀ဲနေတဲ့ မင်းသေနတ်ကြီးကို ချပါ

ငါ့ပါးနားဝဲနေတဲ့ မင့် လက်ဝါးကြီး ငြိမ်ငြိမ်နေပါ

ငါ့ကိုဖြတ်အုပ်ဖို့ မင့် လက်မောင်းတွေ ပခုံးဘေး ကပ်ထားပါ

မင်းနှုတ်ခမ်းတွေ ငါ့ကို နမ်းလို့ ရပါတယ်ကွယ် ......။      ။

လင်းခါး

အချိန်တန် နွားပိန်ကန် အလိမ်ခံရပေါ့

*** အချိန်တန် နွားပိန်ကန် အလိမ်ခံရပေါ့ ***

ဘဝရဲ့ တစ်ဝက်လောက်မှာ

အလိမ်ခံရမှန်း သိတော့

ရှေ့ဆက် အသက်ကြီးဖို့သာ ကျန်တော့တယ်။

ဆတ်ကနဲ ထခုန်ပြီး

အကြောက်အကန် ငြင်းဆန်မိတာတွေလည်း

ရှက်မိ

ဗာဒံရွက်တွေကို ရယ်မိတာကိုလည်း

ရှက်မိ

(ဘာကြောင့် ရယ်မိမှန်းတောင် တွေးမရဘူး)

မလိုအပ်ပဲ ရွက်ကုန်ဖွင့်မိတာတွေလည်း

ရှက်မိ

ကိုယ်မှမကယ် သေဖွယ်ရာရှိတယ်

ကမ္ဘာကြီးအပေါ် အမြင်စောင်းမိတာတွေလည်း

တွေး

ရှက်မိပါတယ်။

လမ်းခုလတ်ကြီး အလိမ်ခံလိုက်ရတယ်

မေးခွန်းမထုတ်ဘဲ ဆက်သွားမလား

သေမလား အခြေအနေနဲ့

အလိမ်ခံလိုက်ရတယ်

ဓါးအိမ်ထဲက ဓါးကို ဆွဲချွတ်ပြီးကာမှ

အလိမ်ခံလိုက်ရတယ်

ပုဂ္ဂလိက အလိမ်/အများ လိမ်

လိင်မကွဲတော့အောင်အထိ

အလိမ်ခံလိုက်ရပါပေါ့။

"ကျနော်မှာ့ ဘာမှမရှိတော့ဘူး

ဘာမှ မရှိတော့ဘူးဗျ"

အလိမ်ခံလိုက်ရပါပေါ့လား။

သစ်ရွက်တွေက လေမှာ

လူးတုန်း

ငြိမ်းချမ်းရေးကာလကြီး ဆိုတာတောင်မှ

ကလေးတွေက လမ်းပေါ်မှာ သေတုန်း

ပျားတွေက အုံအသစ်တွေ ဖွဲ့တည်တုန်း

လမ်းတွေကလည်း ဖြာတုန်း

နိုင်ငံရေးဟာလည်း

တစ်ချပ်မှောက်ဆန်တုန်း

့သဘာဝပတ်ဝန်းကျင် ပျက်စီးတုန်း

အလိမ်ခံလိုက်ရပါတယ်ဗျာ .....

သြဝါဒလေးမှ မခြွေရ

သဲလွန်စလေးမှ ချန်ခဲ့ချိန်မရ

အချိန်မှန် နေရာမှန်

နွားပိန်ကန်

အလိမ်ခံလိုက်ရတာပေါ့။ ။

လင်းခါး
၁-၇-၂၀၁၃

ထူးဆန်းသော ကျောက်တုံးကြီး

*** ထူးဆန်းသော ကျောက်တုံးကြီး ***

ပင်လယ်ကို ငေးရင်း ထိုင်နေတုန်း

ကျောက်တုံးကြီးဟာ ဘွားခနဲ ပေါ်လာတာပါပဲ

ဘယ်လို ဖြစ်နိုင်မလဲ

ရေထဲကနေ လင်းပိုင်တွေ ထခုန်သလို

ကျောက်တုံးကြီးပေါ်လာတော့

ထင်းတုံးကြီးလို့ ထင်ကြတာ

လှိုင်းပုတ်တော့ ကမ်းစပ်ကိုရောက်လာ

ဒီမှာ ထူးဆန်းသော ကျောက်တုံးကြီးပါ

ကျောက်တုံးကြီးမှာ

အဆင်အသွေးအကွက်မပါ

ပြောင်ချော

ကျောက်တုံးကြီးက ကြောက်စရာ

လူတွေ မျက်လှည့်ဆရာ မျက်လှည့်ပြတယ်ထင်နေတယ်

ထူးဆန်းသော ကျောက်တုံးကြီးဟာ

ဘာစကားမှလည်း မပြောဘူး

သူ့ဟာသူ နေတာပဲ ကမ်းစပ်မှာ

နေပါဦး ဒီကျောက်တုံးကြီးကို ခင်ဗျားက စမြင်တာလား

မဟုတ်ပါဘူး

ဒါပေမယ့် သေချာပါတယ်

မနေ့က ဒီနေရာမှာ ဒီကျောက်တုံးကြီးမှ မရှိဘဲ

မဟုတ်ဘူးလေ ဒါကို ခင်ဗျား ပင်လယ်ငေးရင်း

မျောလာတာလို့ ပြောတယ်လေ

ဟုတ်ပါတယ် မျောမလာလို့ ဘယ်လိုလာမှာလဲ

ဟာဗျာ ကျောက်တုံးက ဘယ်လို မျောလာမလဲဗျ

ကျောက်တုံးထက်လေးတဲ့ သင်္ဘောကြီးတွေတောင်

မျောသေးတာပဲ

ဟာ .....

ဒါကြောင့် ကျောက်တုံးကြီးလို့ မပြောဘဲ

ထူးဆန်းသောလို့ နာမဝိသေသန တပ်ထားတာလေ

မျောလာတယ်လေ မြန်မြန်ကြီးမျောလာတာ

ဒါက တြိယာဝိသေသန

အနှစ်တရာမှာ တစ်ခါလောက်သာ ဖြစ်တတ်တဲ့

ထူးဆန်းသော ကျောက်တုံးကြီးမျိုးပဲ

ဟိမဝန္တာဆင်တွေလိုပဲ

ဟိမဝန္တာ ကျားတွေလိုပဲ

ရှားတယ်

မဟုတ်ဘူး ကျောက်တုံးကြီးမှ မဟုတ်ဘူး

ကျောက်တုံးလေးလည်း ရေထဲမပေါ်ဘူး

ကျောက်တွေ ရေပေါ် မပေါ်ဘူး

ကျောက်ခဲ ရေပေါ် ဆိုတာရောဗျာ

ဘူးတောင်း နစ်လို့ စောင်းခြမ်းပေါ်

ဆိုတာကောဗျာ

ဟာ...

ဒါဟာ သေချာတယ်

ဒီမှာ ထူးဆန်းသော ကျောက်တုံးကြီး

ကမ်းစပ်မှာ

လူတွေက အစွဲတွေနဲ့ ကျောက်တုံးဆိုတာနဲ့

ရေအောက်ပဲ ထားချင်တယ်

ဒါကို ဒီ ထူးဆန်းသော ကျောက်တုံးကြီးက

တော်လှန်လိုက်တာပဲ

တော်လှန်ပစ်လိုက်တာပဲ

ဟေ့ ဒီမှာ ဒီမှာ

ထူးဆန်းသော ကျောက်တုံးကြီးပါခင်ဗျာ။ ။

လင်းခါး

Friday, June 28, 2013

ကမ္ဘာသူ ကမ္ဘာသား D

*** ကမ္ဘာသူ ကမ္ဘာသား D ***

ပန်းချီခန်းထဲ ထိုင်နေလည်း

စာရေးစားပွဲမှာ ဝါကျတွေခြစ်နေလည်း

တယောလက်သံစမ်း မှိန်းနေလည်း

စစ်ကြီးဖြစ်တဲ့အခါ

အမြောက်ဆံဟာ ကိုယ့်ကိုယ်သိနေတယ်

တော်မီဂန်းက ကိုယ့်ကိုမှတ်မိနေတယ်

အနုပညာနဲ့ တစ်ဦးချင်းကို တွေးမိ ဆမိပေမယ့်

အများအရေးမှာ ဓါးသွေးဖို့ မတွေးမိ

ဝါကျဟာ ခုန်ဆင်းလာတယ်

အရုပ်တွေ အဆောက်အဦတွေ တောင်ကုန်းတွေဟာ

စီးဆင်းလာတယ်

တီးကွက် အသစ် အကွန့်အညွန့် ဂီတဟာ

လှိုင်းပုတ်လာတယ်။

မြင်ရရဲ့လား ခင်ဗျာ

အနုပညာဆိုတဲ့ကောင်

အနုနည်းနဲ့ အာဏာသိမ်းဖို့

မှိန်းနေလေပြီ။ ။

လင်းခါး

ကမ္ဘာသူ ကမ္ဘာသား E

*** ကမ္ဘာသူ ကမ္ဘာသား E ***

မင်ဒဲလား အခြေအနေမကောင်းဘူးဆိုတော့
မျက်ရည်ဝဲ။ စိုးရိမ်။ နားစွင့်။
ကဒါဖီ သေပြီ ဆိုတုန်းက
ကျေနပ်။ ပျော်ရွှင်။
တို့ဆီကကောင်ကြီးကော ဘယ်လိုလဲတွေးတယ်။
ကင်ဂျုံအီတုန်းကလည်း ဒီလိုပေါ့။
မာဂရက်သက်ချာကျတော့
သက်ပြင်းချတယ်။ တွေဝေတယ်။
နည်းနည်း
ဆုတောင်းပေးပါတယ်။
ချာဗက်တုန်းကလည်း ဒီလိုပါပဲ
ထပြန်ရမှာလိုလို ဆက်ထိုင်နေရမှာလိုလို
မျဉ်းပါးပါးမှာ ရပ်လို့။
အာဆတ်တစ်ကောင်ကျန်သေးတယ်
အမာဒီနီဂျက်တော့ လစ်ပြီ
ဒါပေမယ့် အယာတိုလာတွေက ဆက်နေဦးမှာ။
လီနင်သေတော့
လူတွေ ငိုကြသေးတယ်။
စတာလင်သေတော့ တချို့က လက်ခုပ်တီး
တချို့ကလည်း တွေဝေပေါ့။
တို့ဟာ ဘယ်တော့မှနောက်မကျပါဘူး
အသင့်ဖြစ်နေတယ်
အင်တာနေရှင်နယ် သီချင်းဆိုလည်း
လာထား
ချိုးငှက်တွေဆိုတော့လည်း
လက်ဖျားတွေနီလာအောင် လက်ခုပ်တီးကြ။
ဘယ်သူမှ ရှုံးမယ့်မြင်းကို မလောင်းချင်ဘူး
ဘယ်သူမှ ဘုရားသခင်နဲ့ ကြွေအန်မကစားဘူး
ဒိန်ခဲလား ပေါင်မုန့်လား အာလူးလား စပါးလား
ခေတ်တွေ အခေါ်အဝေါ်တွေသာ ပြောင်းသွားတယ်
စိတ်ထိခိုက်စရာ ပျော်စရာတွေဟာ
ဟစ်တလာတစ်လှည့် ချာလီချက်ပလင်တစ်လှည့်
တို့လည်း ငတ်တစ်လှည့် ပြတ်တစ်လှည့်
ပေတစ်လှည့် တူတစ်လှည့်
ငိုငိုရီရီ မျက်ရည်ကျရတာချည်းပါပဲ။ ။

လင်းခါး
၂၈-၆-၂၀၁၃

သက်ပြင်း

၂၀၀၃ မှာ ကျောက်ဆည်ကို ကျနော်ပြောင်းလာတော့ ကျနော်တို့အိမ်ရဲ့ မျက်နှာချင်းဆိုင်က မိသားစုဟာ တစ်အိမ်လုံး ဈေးသည်တွေချည်းပဲ။ အဲဒီမိသားစုရဲ့ ခေါင်းဆောင် အဘိုးကြီးနာမည်က ရန်အေး လာ ဘာလား မသိတော့ပါဘူး။ ကျနော်မရောက်ခင် နှစ်ပေါင်းများစွာ ကတည်းက ရေခဲချောင်းရောင်းပါတယ်။ ဒီနေ့ ၂၀၁၃ အထိ လည်း ရောင်းတုန်း။ နွေလည်းရောင်း၊ မိုးလည်းရောင်း၊ ဆောင်းလည်းရောင်းတာပဲ။ အခု အဲဒီအဘိုးကြီး အသက် ၇၀ ဆယ်ကျော်ပြီ။ အခုချိန်ထိ ဟီးရိုး ဘီးအစုတ်ကြီးနဲ့ ခေါင်းလောင်းအသေးစားလေးကို အသံပေးပြီး သွားနေတုန်း ရောင်းနေတုန်းပါပဲ။
သူ့မျက်နှာကို ကြည့်မိရင်လည်း အမြဲတမ်း မှုန်မှိုင်းပြီး ပြိုတော့မယ့် မိုးလို။ ငိုတောမယ့် မျက်နှာနဲ့ ရိုးသားတဲ့ ဗမာကြီးတစ်ယောက်ရဲ့ မျက်လုံးမျိုး၊ မေးရိုးကြီးမျိုးနဲ့ပါ။
အသက် ၇၀ ကျော်တဲ့အထိ မနက်ခင်း လက်ဖက်ရည်ဆိုင်ကို ကားနဲ့လာ နိုင်ငံရေးလိုလို ကမ္ဘာရေးလိုလို၊ ငြင်းခုန် ၂၀ ၂၁ အရွယ် အပျို မလေးတွေရဲ့ တင်ပါးကို လိုက်ကြည့်၊ စစ်အတွင်း လူဖြစ်လာရသူတွေလို သက်ပြင်းတွေ အခါခါချ။
အဲဒီလို အဘိုးကြီးတွေလည်း မြင်နေရတာပါပဲ။
ကျနော်တို့ ကမ္ဘာဟာ တစ်ဖက်စောင်းနင်းကမ္ဘာပါ။
ကျနော်ရဲ့ လူငယ်ဘ၀ လူငယ်အရွယ်ဟာ။ ထန်းလျက်ပြလို့ လိုက်ရတဲ့ လမ်းဘေးခွေးတစ်ကောင်လို လိုက်ခဲ့ရတာပါ။ လူငယ်ဘ၀ဆိုတာ ဘာမှန်းတောင် မသိလိုက်ရပါဘူး။ မျက်နှာကလည်း လူငယ်တစ်ယောက်လို မာန်မျိုး မထားခဲ့ရလိုက်ပါဘူး။
ဆိုခဲ့ရတဲ့ သီချင်းကလည်း အလျှော့ပေးလိုက်တော့မယ်ကွာ ဆိုတဲ့ စာသားမျိုးနဲ့ပါ။
ဒီလို လူငယ်တစ်ယောက်အနေနဲ့ တချို့လူငယ်တွေရဲ့ ဖြတ်သန်းမှုကို အားကျမိပေမယ့် ကိုယ့်ဖြတ်သန်းမှုကိုယ်လည်း အလွန်အမင်းကို မြတ်နိုးနေမိပါတယ်။ ဒါပဲကွာ ဘ၀ဆိုတာ လို့ မေးရိုးတွေ တင်းထောင်ပြီး တစ်ယောက်ထဲ ပြန်ပြန် ပြောနေတတ်ပါတယ်။
ကမ္ဘာကြီးကိုလည်း မမုန်းပါဘူး။ ဆိုပေမယ့် ကိုယ်က ပြန်တွန်းလှန်တယ်။ ပတ်ဝန်းကျင်ကို ရတဲ့နည်းနဲ့ တစ်စင်မီတာရွေ့ရွေ့ တွန်းတယ်။ အမြဲတမ်း လှုပ်ရှားနေတယ်။ အသင့်ဖြစ်နေတယ်။ အမှန်တရားအတွက် နှုတ်သီးကလည်း ကောင်းတုန်း။
ပြန်မလှန်နိုင်တဲ့ လူတွေကိုတော့ ဒီလောက်ကြီးအထိ မရက်စက်သင့်ဘူးလို့ ကမ္ဘာကြီးကို လူတစ်ယောက်လိုလို သွားသွားအော်ချင်နေတယ်။
ရေခဲချောင်းရောင်းနေတဲ့ အဘိုးကြီးဟာ တကယ်ဆို သူ့ကိုယ်သူတောင် ပြန်မသယ်သင့်တော့တဲ့ အရွယ်ပါ။ ဟီးရိုးဘီးအစုတ်ကြီးနဲ့ ကလင် ကလင် ခေါင်းလောင်းအသေးလေးနဲ့ စက်ဘီးနောက်က ကယ်ရီခုံမှာ ရေခဲပုံး အစုတ်ဆိုမှ အစုတ်အပြတ်ကြီးနဲ့ သူ့ဆီက ၀ယ်စားမယ့် ကလေးတွေကို သူ့ရဲ့ ဟန်ပန်က ပြန်မောင်းထုတ်နေသလိုတောင် ရှိပါတယ်။

အားလုံးကောင်းပါသည် ဆိုသူများခင်ဗျာ ....
ခင်ဗျားတို့ မနက်ခင်း အိပ်ရာက နိုးထတဲ့အခါ မျက်နှာသစ်ပြီး ကော်ဖီသောက်သောက် မျက်နှာမသစ်ဘဲ ကော်ဖီသောက်သောက် ခင်ဗျားတို့ ရှေ့မှာ ငှက်ကလေးတွေက ချစ်စရာ ထပျံ။ ခင်ဗျားတို့ ရှေ့မှာ နေမင်းကြီးက အားအင်တွေပေး။ ခင်ဗျားတို့ ဥယျာဉ်ထဲမှာ ပန်းတွေပွင့်။ ခင်ဗျား သားက ဂုဏ်ထူး ခြောက်ဘာသာနဲ့ အောင်ခဲ့ပြီး ဆရာဝန်ကြီးဖြစ်၊ ခင်ဗျား မြေက ခု ဂုဏ်ထူး ငါးဘာသာနဲ့ အင်ဂျင်နီယာကြီးလုပ်။ နိုင်ငံခြားတွေသား။ ခင်ဗျားသမီးကလည်း သူဌေးသားနဲ့ညား ခင်ဗျား မြစ်လေး မြေလေး က သိပ်ချစ်စရာကောင်းတာပဲ တီတီတာတာ
ခင်ဗျားမိန်းမကလည်း လှတုန်း၊ ခင်ဗျားကုမ္မဏီကြီးကလည်း အမြတ်တွေ သဲ့ယူနေရ။
ခင်ဗျားမကြိုက်တော့ ကားကလည်း ရောင်းထွက်။ အခုကားသစ်တစီးကလည်း ဘယ်လောက်မှ မပေးရဘဲ ရလိုက်။
ခင်ဗျား အားပေးတဲ့ ဘောလုံးအသင်းကလည်း ထာဝရချန်ပီယံ။

ရေခဲချောင်းသည် အဘိုးကြီးများ၊ ဘာကိုမြင်မြင် ဘာတွေလဲလို့ ကြောင်ကြည့်နေတဲ့ ကလေးတွေ။ တစ်သက်လုံး ထွန်ယက်လာတဲ့ လယ်တွေကို ကြည့်ပြီး ဘာလုပ်ရမယ်မှန်း မသိတော့တဲ့ လယ်သမားတွေ။ လက်ချောင်းတွေ တိုနေပြီး ခြေထောက်တွေကလည်း ကောင်းကောင်းလျှောက်လို့မရတော့တဲ့ သူတောင်းစားတွေတွေ့ရင်
သက်ပြင်းတော့ ချ ဦး မှ ပေါ့ ဗျာ။

လင်းခါး

Wednesday, June 26, 2013

မေမေ

*** မေမေ ***

သား မေမေ မေမေနဲ့ ခေါ်ရတဲ့ မေမေ

တကယ်တော့ ကျနော် အမေ့ကို အမေလို့ပဲခေါ်တာပါ။

ဒါပေမယ့် ခုတော့ မေမေပေါ့ မေမေရယ်

မေမေလို့သာ ခေါ်တာပါ မေမေရယ်

တစ်မြို့တည်းနေပြီး တစ်ပတ်တစ်ခေါက်တောင်

မေမေ့ဆီသား မရောက်ပါဘူး မေမေရယ်

မေမေ့သားက

တစ်ခါတလေတော့လည်း

ခါးမသန် တောင်ဖြိုဖို့ကြံချင်

မေမေ့သားက အားမတန်

ဟန်ကိုယ်ဖို့ကျန်ချင်သူပေါ့။

မေမေ့သားဟာလေ

ရွာတွေအခေါ်တော့ ခေတ်ပညာတတ်ကြီးပေါ့

မေမေရယ်

မေမေ့သား ဘာမှမတတ်တာ မေမေ့သား

သိတာပေါ့။

မေမေ့ကိုတော့ ချစ်တာပေါ့ မေမေရယ်

ဒါပေမယ့် မေမေရယ်

မေမေ့သား ဘယ်တော့မှ မနိုင်ပါဘူး

မေမေသား ရေးတဲ့ ကဗျာစာသားလို

မေမေ့သား ကျနော်ဟာ

အေးချမ်းတဲ့ လမ်းဘေးအုတ်ခုံလေး

ဖြစ်ချင်တာပါ

သစ်ရွက်ခြောက်လေးလို လွင့်နေချင်တာပါ

မေမေ့သားက အဲဒီလောက်ပါပဲ

မေမေ့သားက အဲဒီထက် မပိုပါဘူး

တစ်နေ့ လူသိန်းသောင်းချီတဲ့ စင်မြင့်ရှေ့မှာ

မဟောပြော မစည်းရုံးရရင်နေပါ

ပရိသတ်သိန်းချီ စင်မြင့်အောက်မှာ

ဒူးတုပ် ငိုမနေရရင်ပဲ တော်ပါပြီ မေမေရယ်။

မေမေ့ကို သားချစ်ပါတယ်။

သားချစ်တဲ့ မေမေ နွေအခါ အေးလို့

ဆောင်းအခါ နွေးပါစေ

မေမေရေ

ဆုတောင်းတာတော့

သားမှာလည်း ခွဲတမ်းရှိတာပေါ့ မေမေရယ်။

သား နာနာ ဆုတောင်းပါတယ်။

ပျော်ပျော်နေပါ မေမေ။

ပျော်ပါစေ မေမေ ....... ။ ။

လင်းခါး

ကမ္ဘာသူ ကမ္ဘာသား ခ

*** ကမ္ဘာသူ ကမ္ဘ္ဘာသား B ***

တွတ်ဆီ ဟူတူ

လူရှစ်သိန်းလောက်သေသတတ်။

ဟစ်တလာ

ဂျူး ချည်းသက်သက် ခြောက်သန်း။

ဒုတိယကမ္ဘာစစ်

သန်း ၆၀-၇၀ ကြားသေ။

နာဂစ်

၁၂၀၀၀၀ နဲ့ အထက်။

ဒို့လည်း သေမှာ

ဒို့လည်း သေရမှာ

ငြိမ်းငြိမ်းချမ်းချမ်း သေချင်တာပါ။ ။

လင်းခါး

စိတ်ကူးယဉ်နေတဲ့ မြို့ကြီး

***** စိတ်ကူးယဉ်နေတဲ့ မြို့ ကြီး *****

စိတ်ကူးယဉ်နေတဲ့ မြို့ကြီးထဲက

စိတ်ကူးယဉ်နေတဲ့ လမ်းသွယ်တွေ

အတင်းတုပ်နေတဲ့ အဘွားကြီးတွေ

လက်သီးလက်မောင်းတန်း လူငယ်တွေ

ငှက်ကလေးတွေဟာ သစ်ကိုင်းတွေပေါ်ကနေ

သစ်ရွက်ပေါ် သစ်ရွက်ပေါ်ကနေ မြေကြီး

မြေကြီးပေါ်ကနေ တစ်ခါ သစ်ပင်ပေါ်

ကလေးတွေက နောက်ဖေးလမ်းကြားမှာ ပြေးလွှား

အော်ဟစ်

အိမ်ရှင်မတွေအိတ်ထဲမှာ ငွေကနည်းနေပြီ

သူတို့ မီးခိုးတွေကြားကနေ နောက်ဖေးက ကလေးတွေကို

လှမ်းဟန့်တယ်။

လက်ဖက်ရည်ဆိုင်ဘေးက ဗာဒံပင်အောက်မှာ

ပင်စင်စားများ ကျားပွဲ

ဆိုက်ကားဆရာတွေက ကျီးမော့/မော

လက်ဖက်ရည်ဆိုင် ကောင်တာနောက်မှာ

မေးစေ့က အမွေးကျဲကို နှုတ်ခမ်းစူလျက်

စွဲနှုတ်နေတဲ့ ငိုက်မျဉ်းလူတစ်ယောက်

အလင်းပြန်နေတဲ့ နေ့လည်ခင်း

လမ်းဘေး အပေါ့စွန့်တာနဲ့ ပြည့်နေ ပိတ်နေတဲ့ မြောင်းတွေ

ပလက်ဖောင်းထောင့်မှာ ကျွတ်ကျွတ်အိတ်

ကော်ဖီမစ်ထုပ်အခွံ နေကြာစေ့ အခွံ ချဉ်ပေါင်းဖတ်ဟောင်းတွေ

ပလက်ဖောင်းဘေး ကပ်ရပ် ပြတင်းပေါက်ဘောင်မှာ

မေးတင်နေတဲ့ အပျိုကလေးနှစ်ယောက်

ပြီးခဲ့တဲ့ ညနေက ကြည့်ခဲ့တဲ့ ရုပ်ရှင်နဲ့

ခုလေးတင်ပြီးသွားတဲ့

ကိုရီးယားဇာတ်လမ်းတွဲ အပိုင်း(၁၄၇)အကြောင်း

ည ဂစ်တာလာတီး/ဆိုဦးမယ် ပန့်ကေ ဘောင်းဘီဖင်ကျပ်နဲ့

ကောင်လေးအကြောင်း

အီမိုစတိုင် နဲ့ ဖွေးသန့်ချော ချာတိတ်အကြောင်းလည်းပါ

အပေါ်ထပ်မှာ သူတို့ အစ်ကိုကြီး

ပါရီကျဆုံးခန်း ဖတ်နေတယ်။

သူ အပြင်ကို ကြည့်လိုက်တော့

အမှိုက်ပုံထဲမှာ တိုးဝှေ့နေတဲ့ မြီးကုပ်ခွေးတစ်ကောင်နဲ့

ညစ်ထေးနွမ်းဖတ် စုပ်ချွန်း ကလေးတစ်ယောက်

ပါရီကျဆုံးခန်းကိုပိတ် သက်ပြင်းချတယ်။

အိမ်စေမိန်းမကြီး ဖြတ်သွားတယ်

လမ်းပူပေါ်

သက်ပြင်းချတယ်။

ဂျာနယ်တွေ ဆိုင်ကယ်နဲ့ လိုက်ပို့သူကို

ခွေးက ဟောင်တယ်။

လူနာတင်ကားဟာ ငှက်ဆိုးသံကို ဟွန်းတပ်ထားပြီး

မြို့ကို သတိပေးသလိုလို

အိတ်ဇော မပါဘဲ ဂီယာဖရီးချ

လီဗာခပ်ပြင်းပြင်းပုတ်သွားတဲ့ ဆိုင်ကယ်တစ်စီး

ရထားလာတယ် သံလမ်းကိုပိတ်တယ်

ဆိုင်ကယ်သမားက ပိုပြီး ချိုကြွ

ပိုပြီး လီဗာကိုဖြဲ

မော်တော်ပီကယ် လန့်နိုးတော့ ငြိမ်သွားတယ်။

ရဲကားပြာကြီး ဖြတ်သွားတယ်

အပေါက်တွေကြားက သံတိုင်ကိုင်လက်တွေ

အရူးတစ်ယောက် လမ်းဆုံမှာရပ်

တစ်ကိုယ်လုံး ချွတ်ချလိုက်တယ်

ဟယ် ..... ကောင်မလေးတွေ သွေးပျက်သွားတယ်

အရူးက အော်တယ်

"မင်းတို့ ရူးနေကြပြီကွ " တဲ့။

လူတွေဟာ အရူးကို လှမ်းကြည့်တော့

ရူးနေမှန်းသိတော့ စိတ်မဝင်စားဘူး

ပြတင်းဘောင်က ချာတိတ်မလေးတွေက

ပိတ်ထားတဲ့ လက်ချောင်းတွေကြားက

ပြန်ငေးတယ်

စိတ်ကူးယဉ်နေတဲ့ မြို့ကြီး

ဘယ်သူကမှ တားဆီးမထားဘူး။ ။

လင်းခါး
၂၅-၆-၂၀၁၃

Thursday, June 20, 2013

ကဗျာနှင့်ပတ်သက်လို့

ကဗျာဆရာ ကဗျာကို ပိုင်တယ်ဆိုတာ။ ဒရိုင်ဘာ ကားကို ပိုင်တယ်လို့ ပြောသလိုပဲ။ သူက ကားပဲ မောင်းရတာ။ ဒီကားကို ညာဘက် ချိုးကွေ့မှာလား ဘယ်ဘက်ချိုးကွေ့မှာ နောက်လှည့်မှာလား ရပ်ပစ်မှာလား ဒရိုင်ဘာလုပ်လို့ရတယ်။ အဲဒါကလည်း ကားရဲ့ ကျန်းမာရေးကောင်းနေတဲ့ အချိန်ပေါ့။ ဘရိတ်မပေါက်ရဘူး။ အင်ဂျင်ကျနေရင် နင်းသလောက် မသွားဘူး ဆိုတာတွေ ရှိသေးတယ်။ ကဗျာကို လူ့အဖွဲ့အစည်းက ပိုင်တယ်။ အဓိက အချက်ကတော့ ကဗျာဆရာတွေဟာ ဘုန်းတော်ဘွဲ့တွေရေးသားနေတာ မဟုတ်လို့ပါပဲ။ ဘုန်းတော်ဘွဲ့ဆိုရင်တော့ ကြိုက်တဲ့ခေတ် ကြိုက်တဲ့ဟန် ကြိုက်သလိုရေး အရေးခံရတဲ့ ပဒေသရာဇ် ကြိုက်ဖို့ နားလည်ဖို့ ပဲ လိုတယ်။ ပြည်သူနဲ့ မဆိုင်။ ဒါပေမယ့် ပြည်သူက တော်လှန်နေရတယ်၊ ပြည်သူက ထမင်းငတ်နေရတယ်။ ပြည်သူက မျက်ရည်တွေနဲ့။
ကဗျာဆရာတွေဟာ ဘုရားသားတော်လည်း မဟုတ်ဘူး။
လူတန်းစားတစ်ရပ်လည်း မဟုတ်ဘူး။
အထူးအဆန်းကောင်တွေလည်း မဟုတ်ဘူး။
သတ်သတ်လွတ်သမားလည်း မဟုတ်ဘူး။
ကဗျာဆရာဆိုတာ ပြည်သူကြားကလာတဲ့ ပြည်သူ့သားပါပဲ။

မယောင်ရာဆီလူး၊ လသာတုန်း ခွေးမောင်း၊ စစ်ရောက်တုန်း အိပ်ပျော်နေတာဆိုရင်တော့ ကဗျာဆရာမှမဟုတ် ဘယ်လို လူ့အဖွဲ့အစည်းက ဘယ်လိုလူကိုမဆို ခေတ်က ဒဏ်ခတ်တယ်။

လင်းခါး - အမြင်ဖြစ်သည်။

တစ်ကိုယ်ကောင်းသမားရဲ့ ထုတ်ပြန်ကြေညာချက်ခေါ် မန်နီဖက်စတို

---- တစ်ကိုယ်ကောင်းသမားရဲ့ ထုတ်ပြန်ကြေညာချက်ခေါ် မန်နီဖက်စတို ----

အထိမ်းအမှတ်နေ့တွေဆိုတာ အချိန်ဖြုန်းတာပဲ

ကမ်ပိန်းဆိုတာ အုပ်စုလိုက် ရမ်းကားတာ

တော်လှန်ရေးကာလဆိုတာ ငွေရှာကောင်းတာကလွဲ ပျော်စရာမရှိ

ခေတ်ပျက်ဆိုတာ အရှင်လတ်လတ် နတ်ပြည်ရောက်တဲ့အချိန်ကိုခေါ်တာ

တော်လှန်ရေးသမားဆိုတာ ပညာတတ်လူပျင်းတွေ

တန်းတူညီမျှမှုဆိုတာ ပေါင်မုန့်ပုံဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ပါကွာ

ငြိမ်းချမ်းရေးဟာ ကျည်ဂျမ့်ဖြစ်လို့ ပစ်မရအချိန်တွေမှာပဲ ရှိတယ်

ကျည်ဂျမ့် မဖြစ်စေလို။

အာဏာရှင်တွေကို ခင်ပွန်းကြီးဆယ်ပါးထဲ ထည့်ဖို့ကောင်းတယ်

နီုင်ငံရေးအကျဉ်းသားဆိုတာ သူ့ပုံတီရှပ်ပေါ် ရိုက်ရောင်းခွင့်ရမှ ကောင်းတယ်

အများညီရင်တော့ ကိုယ်လည်း တက်ကြွလှုပ်ရှားသူပဲ

တစ်နိုင်ငံလုံးထွက်ရင်တော့ ကိုယ်လည်း တော်လှန်ရေးသမားပေါ့

ရှေ့ဆုံးက အလံကိုင်၊ ရှေ့ဆုံးက ကြွေးကြော်သံကိုင်

သေနတ်မဖောက်သရွေ့ ရဲရဲတောက်

ခေတ်ဟာ အမှောင်ကြီးစိုးလာပြီဆိုရင် ဖယောင်းတိုင်ရောင်းစားမယ်

ဘ၀ဆိုတာ တိုတိုလေး

စည်းစိမ်ယစ်မူးအနာမခံ အသာစံ ပျော်ပျော်ကြီးနေဖို့သာ တန်တယ်။     ။

လင်းခါး
21-6-2013

၈၈၈၈

**** ၈၈၈၈ ****

၈၈၈၈ တုန်းက ကျနော် ၂ နှစ်သား

၈၈၈၈ တုန်းက ကလေးဆိုတော့

ကျနော်လိုတာ မရရင် ကျနော်ငိုမိမှာပါ

ဒါပေမယ့် အကြမ်းဖက်ပစ်သတ်ခံရတဲ့သူရဲ့

မျက်ရည်လောက်တန်ဖိုး မရှိဘူး

၈၈၈၈ တုန်းက အီးအီးအဲအဲ ကျနော်ပြောတတ်လောက်ပြီပေါ့

ဒါပေမယ့်

သွေးသံရဲရဲ လမ်းပေါ်က အော်သံတွေလောက်

တန်ဖိုးမရှိပါဘူး

၈၈၈၈ တုန်းက ကျနော်ဟာ ကလေး

ကျနော်ဘာမှ မမှတ်မိပါဘူး

ဒါပေမယ့် ၈၈၈၈ ကို ကျနော်မှတ်မိတယ်

၈၈၈၈ ကို ကျနော်သတိရတယ်

မဝင်းမော်ဦးရယ်

နာမည်လေးတောင် မော်ကွန်းမထိုးရတဲ့

ကျဆုံးသူတွေရယ်ကို

ကျနော်ဘယ်တော့မှ မမေ့ဘူး။

၈၈၈၈ တုန်းက ၂ နှစ်သား ကျနော်ဟာ

ဒီနေ့မှာ ၈၈၈၈ တုန်းက မမွေးဖွားသေးတဲ့

ညီငယ် ညီမငယ်တွေကို

၈၈၈၈ အကြောင်းပြောပြမယ်

ကျနော် ၂ နှစ်သားတုန်းက တော်လှန်ရေးကို

ကျနော်ကိုယ်တိုင်ပါဝင်ဆင်နွှဲရသလို

ဂုဏ်ယူဝင်ကြွားစွာ ကျနော်ပြန်ပြောပြမယ်

၈၈၈၈ ဆိုတာ မြန်မာပြည်ကောင်းကင်ကကြယ်တွေ

အထွန်းလင်းဆုံး ဆိုတာ

၈၈၈၈ ဆိုတာ ဒီနေ့ပွင့်သမျှ ပန်းပွင့်အားလုံးရဲ့

ရေသောက်မြစ်ဆိုတာ

ညီလေးတို့

ညီမလေးတို့ရေ

၈၈၈၈ ဆိုတာ

သူရဲကောင်းတွေ နိုးထတဲ့နေ့

အဲဒီနေ့ကလာတဲ့

နေဆီက အလင်းဟာ

ဒီနေ့အထိ တို့ကောင်းကင်မှာ

မပြယ်သေးပါဘူးကွာလို့

၈၈၈၈ တုန်းက ၂ နှစ်သား ကျနော်က

ပြောပြနေမှာပါ။ ။

လင်းခါး
၁၃-၆-၂၀၁၃

အိပ်ပါစေ

*** အိပ်ပါစေ ***

သဘောတူတာပဲဖြစ်ဖြစ်

သဘောမတူတာပဲဖြစ်ဖြစ်

ကလေးတွေ နိုးမသွားစေချင်ဘူး

တိုးတိုးလုပ်ပါ သူတို့ ပြေးလွှားလာခဲ့ရတာ

တိုးတိုးလုပ်ပါ သူတို့က အသံကျယ်လာရင်

လက်နက်ကြီးလို့ပဲ စွဲနေတာ

ယောင်ပြီးထပြေးတာ ရယ်စရာမကောင်းပါဘူး။

ပြောပါ ပြောပါ

ခင်ဗျားကြားခဲ့ရတာတွေဟာ ကောလဟလတွေ

ခင်ဗျာပြောနေတာတွေက အကျိုးမရှိ

ဆိုပေမယ့်

ခင်ဗျားက တစ်ချိန်လုံး အနိဌာရုံဆိုတာကို

ရုပ်ရှင်ထဲပဲ ရှိတယ်ထင်နေတာ။

အခု ပါးစပ်ကလေးတွေဟ အိပ်နေတဲ့ကလေးတွေဟာ

ရုပ်ရှင်တွေထဲက အငိုသန်တဲ့

ကလေးသရုပ်ဆောင်တွေ မဟုတ်ဘူး။

ကျုပ်တို့ကလည်း အကြင်နာကင်းမဲ့တဲ့ အဖေတွေ မဟုတ်ဘူး။

ကလေးတွေကို ကြည့်ပါ ကြည့်ပါ

ပါးမို့မို့မှာ သွေးလေးတွေစို့နေတာ

တောထဲက ဆူးခြုံတွေနဲ့ ငြိတာပါ

ကစားကွင်းထဲက ရိုလာကိုစတာစီးရင်း

လက်သည်းကုတ်မိတာ မဟုတ်ပါဘူး။

ခင်ဗျား ငယ်ဘဝဟာ ရွှေစွန်းကိုက် ဖြစ်ချင်ဖြစ်မှာပေါ့

ဒီကလေးတွေကတော့ စစ်ပွဲပဲ ကိုက်နေရတာ

ခင်ဗျား မိန်းမက ခင်ဗျားကိုမပြောဘဲ ရှော့ပင်ထွက်တော့

ခင်ဗျား ဒေါသထွက်သလို မဟုတ်ဘူး ဒီကလေးတွေက

သူတို့ အမေတွေ သူတို့ကို မပြောဘဲ သေလမ်းကိုထွက်သွားကြတာ

ခင်ဗျား သမီးလေး အဖျား ၁၀၁ ဖြစ်တော့

ခင်ဗျားသမီးလေးမှာ ဖြစ်ရလေခြင်းလို့ ခင်ဗျားတွေးတာ

ခင်ဗျားဟာ အဖေတစ်ယောက်ပဲ

ခင်ဗျား စိတ်မအေးတာ သိတာပေါ့။့ 

အခု ခင်ဗျားအိတ်ထဲ သာမိုမီတာပါရင် ထုတ်တိုင်းသွား

ဒီကလေးတွေကတော့ ထာဝရ ၁၀၂ ပဲ။

သနားအောင် မပြောပါဗျာ။

တစ်ချို့ နေ့တွေဟာ ခင်ဗျားဟာ ရုံးခန်းထဲမှာ

လေအေးပေးစက်နဲ့ပေါ့

ရုတ်တရက် ဆေးလိပ်သောက်ချင်လို့

ခင်ဗျား ပြတင်းပေါက်ကို ဖွင့်တယ်

လမ်းပေါ်က လူတစ်ယောက်ဟာ

ချွေးတလုံးလုံးနဲ့ သူ့အထုပ်ကို ခဏချတယ်

ခေါင်းက ဦးထုပ်အစုတ်နဲ့ တငြီးငြီးယပ်ခတ်တယ်။

ခင်ဗျားက ဒီလူကိုကြည့်ပြီး ပိုတတ်ရန်ကောကွာလို့ တွေးရင်

ခင်ဗျားဟာ

ပုံသဏ္ဍာန်အရ လူဖြစ်နေတာပဲနေမှာ

ဒေါသမထွက်ပါနဲ့

ကလေးတွေ နိုးသွားရင်တော့ ခင်ဗျားကို

ကျနော် ခွင့်မလွှတ်ဘူးနော်။ ။

လင်းခါး
၁၇-၆-၂၀၁၃

ရေဒီယို

*** ရေဒီယို ***

ဒီနေ့ လွှင့်မယ့် သီချင်း

မွန်းအောင် ရဲ့ လူငယ်ခြေကျ

ဒီနေ့ လွှင့်မယ် ကဏ္ဍ

ဦးအောင်ခင်ရဲ့ စာအုပ်စင်

ဒီနေ့ လွှင့်မယ့် ရသစာတမ်း

မောင်လွမ်းနီရဲ့ ဒုက္ခကို ပျားရည်စမ်း၍

ဒီနေ့ လွှင့်မယ့် သရော်စာ

လှည်းတန်းဈေးသူ မသဲအူရေး ဒေါ်ငြိမ်းရွှေဖတ်ကြား

လမ်းဆုံက ဂျမ်းဘုံ။

သုတစုံလင် အမေရိကန်တစ်ခွင်လည်း ဒီနေ့

အမေရိကန်စတိုင် အီဒီယမ်လည်း ဒီနေ့

ဒီနေ့ ရေဒီယို က လာမှာတွေဟာ ကောင်းပါတယ်

ရေဒီယိုက မလာနိုင်တဲ့

မျက်ရည်တွေကတော့

မျက်လုံးက လာရတာပေါ့။ ။

လင်းခါး
၁၆-၆-၂၀၁၃

ဒေါက်တာရီဇော်

၈၉၆ ဒီဇင်ဘာလ ၃၀ ရက် ။ နံနက် ၇ နာရီ ။ လူနီတာပန်းခြံ ။

ခင်ဗျား မတ်တပ်ရပ် အပြစ်ခံမလား။ ဒူးထောက်ရက် အပစ်ခံမလား။

ကျုပ် မတ်တပ်ရပ် အသေခံမယ်။

မျက်လုံးကိုရော အဝတ်စည်းထားရဦးမလား။

မလိုပါဘူး။

စပိန်စစ်ဗိုလ်ရဲ့ တာဝန်အရ အမေးကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေဆိုသူဟာ သူပုန်မှုနဲ့ သေဒဏ်ခံရမယ့် ဖိလစ်ပိုင်မျိုးချစ် ဒေါက်တာ ဟိုဆေးရီဇော်ပါ။

သူ့ကို သေနတ်ဖြင့် နောက်မှ ပစ်သတ်ကြမည်ဖြစ်ရာ သူက သစ္စာဖောက်တွေကို ကွပ်မျက်ရင်သာ နောက်ကနေ ပစ်ရတာ ဖြစ်ကြောင်း သူ့ကို ရှေ့ မှပစ်ရန် တောင်းဆိုသော်လည်း စပိန်အာဏာပိုင်များက လက်မခံ။

သေနတ်ဖြင့် နောက်မှ ပစ်သတ်လျှင် မည်သူမဆို မှောက်ရက် သေကြရသည်ချည်း ဖြစ်သည်။ သူက သူ၏ အမိမြေပေါ်၌ မှောက်ရပ် မသေချင်။ အမိမြေ၏ ကောင်းကင်ကို ကြည့်၍ ပက်လက်လဲ၍သာ သေချင်သည်။ ဆိုတော့...

သေနတ်ပစ်သတ်၍ ကွပ်မျက်သည့်အခါ မြန်မြန်သေရန် အဆုတ်ကို ပစ်ကြသည်ဆိုသည်ကို သူသိထားသည်။ နောက်ပြီး ပစ်လိုက်သည့် ကျည်အား စသည်တို့ကြောင့် လူသည် နောက်သို့ ရှေ့သို့ သေချာပေါက် မှောက်ထိုးရတော့သည်။ ထို့ကြောင့် ဟိုဆေရီဇော်သည် စပိန်စစ်ဗိုလ်၏ အမိန့်ပေးသံကြားသည်နှင့် ကိုယ်နေဟန်ကို မသိမသာပြင်လိုက်ပြီး သတိအထူးကပ်ကာ နေ၏။

ရီဇော်၏ ကိုယ်ခန္ဓာသည် ခါသွား၏။
ကျည်ဆံများသည် သူ့ကိုယ်ကို ဖောက်ထွင်းသွားကြပြီ။
စက္ကန့်ပိုင်းမျှ ရပ်လျက်သား ငြိမ်နေသည်။ ပြီးမှ ခန္ဓာကိုယ်သည် တစ်ပတ်လည်ပြီးကျသွား၏။
ဟိုဆေရီဇော်သည် သူချစ်သော အမိမြေ၏ မိုးကောင်းကင်ကြည့်လျက် ကျဆုံးသွားခဲ့သည်။

"တစ်ဘဝမှာ တစ်ခါပဲ သေရပါတယ် ဆိုတော့ ဒီလောက်အဖိုးတန်တဲ့ သေခြင်းကို မိမိတိုင်းပြည်အတွက်ပဲ ဖြစ်သင့်တယ်" လို့ ပြောခဲ့ဖူးတဲ့ ဖိလစ်ပိုင် အမျိုးသားခေါင်းဆောင် စာရေးဆရာ ကဗျာဆရာ ဒေါက်တာဟိုဆေရီဇော်သည်လည်း အာရှတိုက်ရဲ့ အထွန်းလင်းဆုံး ကြယ်ပွင့်တွေထဲက တစ်ပွင့်ပါပဲ

ငါကိုယ်တော်မြတ်

*** ငါ ကိုယ်တော်မြတ် ***

ညာဘက်လက်နဲ့ အခွန်တော်ကောက်ပြီး

ဘယ်ဘက်လက်နဲ့ကျမှ
(စားစရာတွေ ဝေငှ မယ်ပေါ့)

လယ်တွေသိမ်းအံ့။

လင်းခါး
၁၈-၆-၂၀၁၃

*** ၆၈ နှစ်ပြည့်သွားပြီ အမေစု ***

*** ၆၈ နှစ်ပြည့်သွားပြီ အမေစု ***

ခါးကြားကိုသိုင်းဝတ္ထုထိုးသွားတဲ့ သက်ကြီးတွေ

အဆဲမပါရင် မပြီးတဲ့ နုံ့ဖျင်းလူငယ်တွေ

ထိုသက်ကြီးများရဲ့ သားသမီးတွေ အတွက်

ထိုလူငယ်များရဲ့ အနာဂတ်အတွက်

အချိန်ပိုပို လျော့သွားပြီ

အမေစု ၆၈ နှစ် ပြည့်သွားပြီ။

တစ်ချိန်က အာဏာရှင်ယန္တရားရဲ့ ဆိုးဝါးမှုကို

ခါးစည်းရတော့

အမေစု အမေစု အမေစု ဆိုသူတွေ

အခုတော့ လေဥ ဥကုန်ကြပြီ။

အခုတော့ အာဏာရှင်ယန္တရားလည်ပတ်ခဲ့သမျှ

တာဝန်ကြီးထမ်းခဲ့သူ ကပ်ပါးတွေကို

အခုတော့ ဒွေးတော်လွမ်းနေပေါ့။

သူတို့ အော်ခဲ့တာ ပြန်ကြားသေးတယ်

လူ့အခွင့်အရေး ဆိုပဲ

ဒီမိုကရေစီရေး ဆိုပဲ

အောက်သွားမပါတဲ့ လောက်နွားပြာတွေက

ကြိမ်တုတ် ပြန်လွမ်းနေပေါ့

စစ်တပ်က ပစ်ခတ် ညှစ်သတ်မှ

သူတို့က ချစ်တတ်မှာနဲ့ တူပါတယ် အမေရယ်

၆၈ နှစ်ပြည့်ခဲ့ပြီ။

၂၅ နှစ်လုံး မြဲမြံ

၂၅ နှစ်လုံး ဖြောင့်မတ်ထားတဲ့ အသက်ကို

ခွေးကတက်ကနေ ဟောင်ကြပေါ့။

ကျေးဇူးတရား ကို ခွေးရူးသားပေါက်တွေလို

တုံ့ပြန်ကြပေါ့။

အာဏာရှင်နံရံကို ဦးဆောင်တွန်းဖြိုတဲ့ခေါင်းဆောင

ဒေါင်းတောင်မှာ အကြောင်းရောင်နီထွန်းချေပေါ့။

အခု ၆၈ နှစ်ပြည့်ပါပြီ။

သံမဏိနှင်းဆီ ၆၈နှစ်ပြည့်ပါပြီ။

လူထုခေါင်းဆောင် ၆၈ နှစ်ပြည့်ပါပြီ။

အဓမ္မ ထွန်းကားရာက

ဓမ္မ စွမ်းပကား ၆၈ နှစ် ပြည့်ပါပြီ ။ ။

လင်းခါး
၁၉-၆-၂၀၁၃

စကြာဝတေးမင်း၏ အပါးတော်မြဲ

***စကြာဝတေးမင်း၏ အပါးတော်မြဲ လင်းခါး***

အနာဂတ်ကို ဘယ်သူမှ မသိ။ စကြာဝဠာကို ဘယ်သူမှ မသိသေး။ ကမ္ဘာကြီးကို သိတော့မယ်။ ဘယ်တော့မှ ကြီးမလာတဲ့ ကလေးတွေ။ ဘယ်တော့မှ အိုမသွားတဲ့ သစ္စာ။ ညာလက်သီးများ။ အထိုးအကြိတ်ခန်းများနှင့် ရုန်းကန်နေတဲ့ ကမ္ဘာ့မြစ်အသွယ်သွယ်။ တံထွေး သလိပ်။ မြင်းကုန်းနှီးနှင့် လနတ်သမီး။ ထမင်းစားလို့ မကောင်းတာက အစ။ တက်ရင်း အသက်ပါသွားတဲ့ နွေနေ့လယ် အဆုံး လူသတ္တဝါလောက် လူမဆန်တာ မရှိ။ လူသတ္တဝါလောက် လူသားဆန်မှုကို ကျေနပ်နှစ်ခြိုက်ကြတာလည်း မရှိ။ အာလူးသီး မရှိ ။ လပ်တော့ ကွန်ပျူတာမရှိ ။ နွားနို့ နွားကရတာဆိုတာလည်း မရှိ။ အိပ်မက်မက်နေတယ် ဆိုရင်တောင် ဒီလောက် အဖြစ်မဆိုးသင့် ။ကမ္ဘာ့စစ်ကြီးက နှစ်ကြိမ်။ အခု ကျွန်းတစ်ကျွန်းအတွက် တတိယအကြိမ်။ လာမှာလား။ လမ်းထိပ်ကစောင့်နေမယ်။ ကိုယ့်ကိုချစ်ရင် နှင်းဆီပန်းလေး ပန်ခဲ့ပါ။ ဘယ်တော့မှ မပြီးပါ။ စာလုံးတွေရဲ့ နောက်မှာ။ အက္ခရာများဟာ သွေး။ အချစ်ဆိုတာ နျူကလီးယား ကျပြီးရင်
တို့တွေ့ကြမယ် ချာနိုဘိုင်း။ မင်းကလှပါတယ်။ ညာဘက်ခေါင်းက ကျည်ပေါက်ကြီး မပါရင်ပေါ့။ ။

လင်းခါး

ရင်းနှီးမြုပ်နှံမှုတွေ ရောက်လာရင်

ဆင်းရဲသော တောမြို့ကလေး တစ်မြို့ တင်ဘတ်ကူး(timbuktu) အာဖရိက ကုန်းတွင်းခေါင်ခေါင်မှာရှိသည်။ လူမသိ သူမသိတော့ မဟုတ်ပါ။ ယူနက်စကို အဖွဲ့ကြီးက စောင့်ရှောက်မှုပြုနေသည့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်သည်။ ၎င်းဒေသသည် သူ့အတိုင်းပစ်ထားလျှင် သဲကန္တာရ ဖြစ်သွားနိုင်သည့် အခြေအနေ ရှိနေသည်။
သို့သော် ထို တင်ဘတ်ကူးမြို့ကလေးသည် တစ်ခါတုန်းက ဥရောပနှင့် အာဖရိကတစ်ခွင်မှာ ရေပန်းစားသည့် သူကြွယ်မြို့တော်တစ်ခု ဖြစ်ခဲ့သည်။ အကြောင်းကတော့ ရွှေအကြီးအကျယ် ထွက်ခြင်းပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ၇၀၀လောက်က အာဖရိကအတွင်းပိုင်း ရွှေတွေတအားထွက်တယ်ဟေ့ လို့ ဥရောပကုန်သည်တွေကြားတော့ ဘယ်ကထွက်သလဲ စုံစမ်းကြတယ်။ မြေထဲပင်လယ်ကမ်းရိုးတန်း ဆိပ်ကမ်းမြို့တွေကို ရွှေတွေကတော့ ရောက်လာနေတာပဲ ဒါပေမယ့် ဘယ်ကဘယ်လိုထွက်သလဲ မသိကြ။ တချို့ကပြောတယ်။ဒါ တင်ဘတ်ကူးကလေ ။ ဒါပေမယ့် တင်ဘတ်ကူး ဘယ်နားမှာလဲဆိုတော့ ဟိုးအာဖရိက အတွင်းပိုင်းမှာလောက်ပဲ လို့ပဲ ပြောကြတယ်။

ရွှေတွေဘယ်လောက်များတဲ့ အကြောင်း ပါးစပ်ဒဏ္ဍာရီတွေကလည်း ပြောကြတယ်။ မုန်လာဥပင်ကို ဆွဲနှုတ်လိုက်ရင် ဥတွေပါလာသလိုပါပဲ။ နည်းနည်းလေးယက်လိုက်တာနဲ့ အခဲလိုက်တွေ့တာဆိုပဲ။

တချို့ကကျတော့ ဒီလိုမဟုတ် အဲဒီမှာ ပုရွတ်ဆိတ်လေးတွေ ရှိတယ်။ ဘာဆိုဘာမှ ကျွေးစရာလည်း မလိုဘူး။ တွင်းဝကနေ ထိုင်စောင့်ရုံပဲ။ အချိန်တန်တော့ ပုရွက်ဆိတ်တွေဟာ တွင်းဝကို ရွှေတွေ တွန်းတင်ပေးကြပါသတဲ့။

နောက်ဆုံးဒဏ္ဍာရီကတော့ အမှန်ပါ။ အဲဒီမှာ မြေတွင်းထဲပဲ လူမျိုးတစ်မျိုးရှိတယ်။ လူမည်းတွေပေါ့။ ဒါပေမယ့် သူတို့အာဖရိကအနှံ့မှာ မြင်ရတဲ့ လူမည်းမျိုးတော့ မဟုတ် ။ အဲဒီလူမည်းတွေဟာ ဘာအဝတ်မှ မဝတ်ဘူး။ တွင်းထဲမှာနေ တွင်းထဲမှာစားပြီး တွင်းထဲ ရှိသမျှရွှေ အကုန်ထုတ်ပေးသည်တဲ့။

ဘယ်လောက်ရွှေထွက်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အဲဒီလို ရွှေတွင်းထဲ ငရဲခံရသူတွေ ရှိတတ်တာပဲ မဟုတ်လား။

ဒုက္ခကြီးမားစွာနဲ့ သူတို့ တွန်းတင်ထုတ်ပေးလိုက်တဲ့ ရွှေတွေနဲ့ ပြောမပြနိုင်အောင် ချမ်းသာသွားကြသူတွေက ဒုနဲ့ဒေး။

အဲဒီ တင်ဘတ်ကူးဆိုတာ မာလီနိုင်ငံဘုရင်ဧကရာဇ်တွေရဲ့ ဒေသထဲမှာရှိတော့ မာလီအာဏာပိုင်တွေ ရဲ့ အကျိုးအမြတ်တွေပေါ့။

မာလီဧကရာဇ်တွေရဲ့ကြွယ်ဝချမ်းသာတာနဲ့ ပတ်သက်လို့ နာမည်အကြီးဆုံး ဘုရင်ကတော့ အဲဒီ တင်ဘတ်ကူးမှာ နန်းစိုက်တဲ့ ဘုရင်မူဆာ ပါပဲ။

ဘုရင်မူဆာ ဘယ်လောက်ချမ်းသာသလဲဆိုရင် ခရစ်နှစ် ၁၃၂၄ မှာ မူဆာဟာ မက္ကာကို ဝတ်ပြုခရီးထွက်တော့ အီဂျစ်ပြည်မှာ ၃လ နေထိုင်သွားသတဲ့။ သူခရီးထွက်တော့ လမ်းမှာသုံးဖို့ ယူသွားတဲ့ ရွှေအချိန်ဟာ ကုလားအုတ်တစ်ကောင်ကို ရွှေပေါင်ချိန် ၃၀၀ တင်ပြီး အဲဒီလို ရွှေ ၃၀၀ ပေါင်ပါတဲ့ ကုလားအုတ် အကောင်တစ်ရာပါသတဲ့။

အီဂျစ်ပြည်မှာ သူနေသွားတဲ့ ၃ လ ဟာ အီဂျစ်က လူတွေအတွက်တော့ မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းလာကြတဲ့ ဒဏ္ဍာရီတစ်ပုဒ်ပါပဲ။

အီဂျစ်ဘုရင်ကိုလည်း လက်ဆောင်ပဏ္ဍာတွေပေး ဘာသာရေးအတွက်တွေလည်း လှူ။ သူပြန်တော့ စရိတ်ပြတ်သွားလို့ ချေးငှားတောင် လာရသေးသတဲ့။ ဒီခေတ်သူဌေးတွေသုံးတာတော့ မူဆာက ဆောရီးပဲလို့ ပြောမယ်။
ရွှေတွေအီဂျစ်မှာ အဲဒီလောက်ဝေမျှပေးကမ်းသုံးဖြုန်းပစ်ပြီး သူလည်း အီဂျစ်ကထွက်ရော အီဂျစ်မှာ ရွှေဈေး လေးချိုးတစ်ချိုးလောက်အထိ ဈေးတွေထိုးကျသွားတော့တာပဲ။

အဲဒီ မာလီ ။ ဒီနေ့အထိလည်း မာလီမှာ ရွှေတွေထွက်တုန်းပါပဲ။ ၂၀၀၈ စာရင်းအရ မာလီဟာ ရွှေထုတ်လုပ်မှုမှာ ကမ္ဘာ့အဆင့် ၈ ရှိပါတယ်။ ရွှေတွေလည်းထွက်နေဆဲ ထွက်မယ့်ရွှေကြောအသစ်တွေလည်း ရှိနေဆဲပါ။

ဆိုတော့ ခင်ဗျားတို့ မာလီကို ခင်ဗျားတို့ ကြားဖူးမှာပါ။ သိပ်တိုးတက် သိပ်ချမ်းသာတဲ့နိုင်ငံလို့ ဒီဇာတ်လမ်းကြောင့်ထင်လိမ့်မယ်။ဒါပေမယ့် မာလီက ရွှေတူးဖော်ရေးကုမ္ပဏီတွေဟာ နိုင်ငံခြားသားကြီးပဲ။

ဟိုတလောကပဲ မာလီမှာ စစ်ဗိုလ်က အာဏာသိမ်းလို့ ပြင်သစ်က ဝင်နွှာရသေးတယ်။

ဒဏ္ဍာရီထဲက ပုရွတ်ဆိတ်တွေလို မာလီပြည်သူအများစုကတော့ ဒီနေ့အထိ ရွှေပုံကြီးပေါ်က လူမွဲတွေပါပဲခင်ဗျာ။

(ဆရာဖေမြင့် - ဘာကြာင့်ဒီမိုကရေစီ လိုချင်ရသလဲမှ အများစု ကူးချသည်)

Friday, June 14, 2013

နီရို

နီရို ကလောဒီယပ် ဆီဇာ သြဂတ်စတတ်ဂျာမန်နီကပ် လို ဘုရင်တွေနဲ့

ရောမမြို့ကြီး မီးလောင်နေစဉ် နီရိုးဘုရင် စောင်းတီးနေသည်ဟု စာဆိုရှိသည်။ မှားသည်။ နီရိုး စောင်းမတီးပါ။ သူ၏ အတောက်ပြောင်ဆုံး အချောမွေ့ဆုံး ဝတ်ရုံရှည်ကြီးကို ဝတ်၍ စောင်းတီးနေသော ကိုယ်ရံတော်များနှင့်အတူ မီးလောင်မြင်ကွင်း ပျော်ပါးစွာ ထိုင်ကြည့်နေပြီး မသတီစရာအသံဆိုးကြီးဖြင့် သီချင်းအော်ဆိုနေခြင်းဖြစ်ပါသည်

မီးလောင်သဖြင့် အလန့်တကြားထွက်ပြေးနေကြရသော ပြည်သူများအား ကြည့်ရှုပြီး အလွန်ကြည့်ကောင်းသည့် ရှုခင်းပါပဲဟု ရင့်ကျူးသေး၏။

မီးလောင်ရခြင်းမှာလည်း အခြားမဟုတ် သူ၏ ဘဏ္ဍာတိုက်တွင် ငွေကြေးနည်းပါးလွန်းနေ၍ဖြစ်၏။ သူ၏ တပ်သားများကို သူကိုယ်တိုင် မီးရှို့ ခိုင်းခြင်းဖြစ်ပြီး ထွက်ပြေးကြသော ပြည်သူများဆီမှလည်း ဆင်းရဲသား လူချမ်းသာ မခွဲခြား ရသရွေ့ ခိုးတိုက်ယူကြရန် သူ၏ တပ်သားများကို မှာထားသေးသည်။

ကဲ ဘယ့်နှယ့်လဲ အဲဒီလို ဘုရင် အဲဒီလို အစိုးရမျိုး တကယ် ရှိခဲ့သဗျ။

ဂေါ်ကီ

ဂေါ်ကီ ဆိုသည်မှာ ပြင်းထန်သူ ဟု အနက်ရသည်။ ဂေါ်ကီဟာ တူဂီးညက် တော်စတွိုင်းတို့လို အထက်တန်းစားမှ မွေးဖွားခဲ့သူ မဟုတ်ဘဲ လယ်သမား လူလတ်တန်းစားက မွေးဖွားသူပါ။

သူ့ဝတ္ထုထဲက ဇာတ်ဆောင်တွေဟာ အမှောင်ထဲမှာ မွေးဖွားလာကြပြီး အလင်းရောင်ကို ရှာဖွေကြသူတွေချည်း ဖြစ်နေတတ်ပါတယ်။ ဂေါ်ကီရဲ့ ဝတ္ထုအတော်များများဟာ အောက်တန်းအလွှာ အကြောင်းကို ရေးတာများပါတယ်။ သူ့ရဲ့ အမေ ဆိုတဲ့ ဝတ္ထုဟာ ကမ္ဘာကျော်ပါပဲ။ အောက်တိုဘာတော်လှန်ရေးမတိုင်မီ ဇာဘုရင်လက်ထက် စက်ရုံ အလုပ်သမားတစ်ယောက်ရဲ့ အမေဘဝကို ဖော်ပြထားတဲ့ အမေဝတ္ထုဟာ သရုပ်ပါလွန်းတော့ အဲဒီအမေဟာ တစ်ကမ္ဘာလုံးက အလုပ်သမားလူတန်းစားတွေရဲ့ အမေ ဖြစ်ခဲ့ပါတယ်။ ဂေါ်ကီရဲ့ ဝတ္ထုတွေကောင်းရခြင်းအကြောင်းကတော့ ရှင်းပါတယ်။

ဂေါ်ကီဟာ ၁၀ နှစ်သားလောက်မှာ အိမ်ကထွက်ခဲ့ရပြီး အိမ်စေလုပ်ခဲ့ရတယ်။ အိမ်စေဘဝမှာ တစ်နေ့ ၁၄-၅ နာရီလောက်အလုပ်လုပ်ရပြီး အိပ်ချိန်က ၄ -၅ နာရီလောက်ပဲရှိပါသတဲ့။ အဲဒီအထဲ သူက စာဖတ်ဝါသနာပါတော့ ညဆိုစာတွေဖတ်ပါတယ်။ အိမ်ရှင်က ဖယောင်းတိုင် ကုန်တယ်ဆိုပြီး ငြူစူလို့ လထွက်ချိန်မှာ လရောင်ထဲ ကြေးလင်ပန်းထောင်ပြီး အဲဒီကလာတဲ့ အလင်းနဲ့ စာဖတ်ခဲ့ရပါတယ်။

လုပ်ခဲ့ရတဲ့ အလုပ်တွေဆိုတာလည်း သဘောင်္ပေါ်မှာ ပန်းကန်ဆေးသမား ငှက်ခတ်သမား မုန့်ဖုတ်သမား ဘဝ အတော်လေးစုံပါတယ်။

ကျနော်အမှတ်မမှားဘူးဆိုရင် ဂျက်လန်ဒန်ရဲ့ စကားရှိပါတယ်။
လူမှုရေးဘဝဟာ လူမှုရေး အသိကိုပြဌာန်းတယ်တဲ့။

ဂေါ်ကီဝတ္ထု ဇာတ်လမ်းတွေဟာ ဘဝပေးတွေပါပဲ။

ဆန်ကွဲပဲစားနေရတဲ့ လူတစ်ချို့ရှေ့မှာ သူ့ခွေးကြီးဟာ ဆန်မွှေးပဲ စားတယ်လို့ ညည်းတဲ့ အဘွားကြီးတစ်ယောက်ကို ကျနော်မြင်ဖူးပါတယ်။

လောကကြီးဘာမှားနေလဲဆိုတာ စာရေးဆရာတွေ အတော်များများ အဖြေရှာကြတယ်။ လူတစ်ယောက်မှာရှိတဲ့ မွေးရာပါတာဝန်ကို လူတစ်ယောက် ထမ်းဆောင်တာပါပဲ။

(ဂေါ်ကီနှင့်ပတ်သက်၍ ဆရာမြသန်းတင့်၏ နိုင်ငံတကာ စာပေရှုခင်းမှ ကူးယူပါသည်)

မီဒ

မီဒီယာတွေ ကိုယ်တိုင်က ငါးပွက်ရာ ငါးစာချနေကြသလား ---

မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်တဲ့။ ဒီနေ့ ကျနော်တို့ နိုင်ငံက မီဒီယာအကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။

ဆရာကြီးမြသန်းတင့်ရဲ့ ရှုခင်းဆိုလားပဲ။ စာအုပ် ကျနော့်သူငယ်ချင်းတစ်ယောက် ငှားလို့ ဖတ်လိုက်ရတော့ သူတို့ နိုင်ငံတွေမှာ press media ဟာ online media နဲ့ ယှဉ်ခဲ့ရတာ ကြာလှပါပြီ။ ဆိုတော့ online media တွေကို တကယ့်သတင်းတွေနဲ့ ပတ်သတ်လို့ ဦးဖို့ ယှဉ်ပြိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လူတိုင်းမှာ ဟန်းဖုန်းလေးတွေနဲ့ ချက်ချင်းရိုက် ချက်ချင်းတင် citizen journalist ဆိုတာလည်း ကျနော်တို့ဆီမှာ ဖြစ်လာတာ ဘာမှမကြာသေးပါဘူး။ သူတို့ဆီမှာများကတော့ လူတိုင်းဟာ အထူးအဆန်းတွေတင်ဖို့ ကိုယ့်ဘေးမှာ သတင်းဖြစ်လာရင် online တင်လိုက်ဖို့ သင်စရာတောင် မလိုတော့ပါဘူး။ ဆိုတော့ press media ရဲ့ အလုပ်ဟာ သတင်းတစ်ခုကို အရှိအတိုင်း တင်လိုက်နိုင်တဲ့နေရာမှာ ဘယ်လိုမှ online ကို မမီနိုင်တဲ့အခါကျတော့ သတင်းသုံးသပ်ချက်၊ သတင်းဆောင်းပါးတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ press တွေ ဒီလိုလုပ်တော့ online ကလည်း ဘယ်နေလိမ့်မလဲ။ လုပ်တာပေါ့။ ဆိုတော့ အဲဒီနေရာကျပြန်တော့လည်း မယှဉ်နိုင်။ နောက်ဆုံးမှာ press တွေဟာ shock သတင်းတွေနဲ့ ပတ်သက်ပြီး တာဝန်ကျေရုံလောက်ပဲ လုပ်တော့ပြီး။ Review လေးတွေ လုပ်လာကြပါတယ်။ အတိတ်ပါမယ်၊ ပစ္စုပ္ပန်ပါမယ်၊ အနာဂတ်ပါမယ်။ ရသဟန် သတင်းရေးနည်းခေါ်မလား မသိဘူးပေါ့ဗျာ။ ဆရာမြသန်းတင့်ရဲ့ အဲဒီ reveiw ဘာသာပြန်လေးတွေဟာ အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဘယ်နေရာမှာ အင်္ဂါဂြိုဟ်က ဂြိုဟ်သားတွေ ဆင်းသက်တယ်။ ဘယ်နေရာမှာ အကြီးအကျယ် စိတ်ထိခိုက်ဖွယ်ကြီးဖြစ်သွားတယ်ဆိုတဲ့ သတင်းတွေထက် သာမန်လူတွေရဲ့ ဘ၀ ၊ သာမန်လူတွေရဲ့ နေထိုင်မှု၊ သာမန်လူတွေရဲ့ ဖြတ်သန်းမှုတွေကို ရေးပြလိုက်ပါတယ်။

ပြောချင်တာကတော့ press media တွေရဲ့ အားထုတ်မှုကောင်းကို ပြောချင်တာပါ။

ကျနော်တို့ဆီမှာ လူထုခေါင်းဆောင်ဒေါ်ဆောင်ဆန်းစုကြည်က သမ္မတ ဖြစ်ချင်တယ်လို့ ပြောတော့ ဂျာနယ် သတင်းစာတွေက အဲဒါကို ရေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရမယ် ဆိုတော့ ဖွဲ့စည်းအခြေခံဥပဒေပြုပြင်ဖို့ ဘာတွေလိုအပ်တယ်။ ဘယ်လိုပြင်ရမယ် သုံးသပ်ချက်တွေရေးတယ်။ မြစ်ဆုံ ကိစ္စတုန်းက ဘယ်ဂျာနယ်လှန်လှန် မြစ်ဆုံပဲ။ လက်ပတောင်းမှာ သံဃာတော်တွေ မီးလောင်ဗုံးသုံးတော့လည်း ဘယ်နေရာ ဘယ်ဂျာနယ် ကြည့်ကြည့် လက်ပတောင်းပဲ။ မီးပျက်လို့ ဆန္ဒတွေပြကြတယ်ဆိုတော့လည်း ဂျာနယ်တွေထဲမှာ မီးပျက်ရတဲ့ အကြောင်းတွေပဲ၊ နောက်ပြီး စက်ရုံအလုပ်သမားတွေ ဆန္ဒပြကြတော့လည်း စက်ရုံအလုပ်သမားတွေ ချည်းပဲ။

ဟ ဒါတွေ မရေးလို့ ဘာရေးရမှာတုန်းကွလို့ ပြည်သူတွေရဲ့ အဖြစ်မှန်ကို တင်ပြနေတာပဲလို့ ပြောမယ်။ မှန်ပါတယ်။ ကျနော်က ဒါဆိုရင် ဒါချည်းပဲကို ဆိုလိုရင်း မဟုတ်ပါ။ ခု ခင်ဗျားဘေးနားမှာ ဂျာနယ်ရှိရှိ သတင်းစာရှိရှိ ကောက်လှန်လိုက်ပါ။ အဲဒီအကြောင်းတွေ ပါသေးသလားလို့၊ လက်ပတောင်းကိစ္စ ဘယ်သတင်းစား ဘယ်ဂျာနယ်မှာ ရေးသေးသလဲ။

ဆိုလိုချင်တာက ကျနော်တို့ တစ်နိုငငံလုံး မီးတွေပျက်ကြတော့ မီးလာဖို့ ဆန္ဒတွေပြကြတယ်။ အရူးတစ်ယောက်က ထပြီး ပိုလို့ ရောင်းစားနေရတယ် ပြောတော့ ပြည်သူ့ ဒေါသက ပိုကြီးလာကြ တယ်။ အခု ဒီနေ့ မှာလည်း မီးတွေကလည်း ပျက်တုန်းပဲ။ ဒါပေမယ့် ဆန္ဒမပြကြတော့ဘူး။ ဆိုပေမယ့် ဟိုအရင်တစ်နှစ်က နိုင်ငံခြားက ကူညီလိုက်တဲ့ မီးစက်ကြီးခြောက်လုံး ဘယ်ရောက်သွားလဲ ဆိုတဲ့ ကိစ္စ၊ ဘယ်ဂျာနယ်တွေရေးသလဲ။
နောက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာတုန်းက ပေးသွားတဲ့ ကတိတွေ ဘယ်နှစ်ခုက ပြီးမြောက်သွားပြီ ဖြစ်ပြီး ဘယ်နှခုကတော့ လုပ်ဆဲ စသဖြင့် သုံးသပ်ချက် ဘယ်ဂျာနယ်ရေးပြးသလဲ။ မြစ်ဆုံကိစ္စဆိုတာ ခုမှ China Power Investment က ပြန်လုပ်ဖို့ တာစူနေလို့ သတင်းသဲ့သဲ့ ပြန်ထွက်လာတာပါ။ နောက်ပြီး မြစ်ဆုံ တမ်ဖဲ(ထင်တယ်)ကျေးရွာက ဒေသခံတွေကို မြစ်ဆုံနေရာကို ပြန်ရွှေ့လို့ အတင်းအဓမ္မပြန်မောင်းထုတ်တာ ဘယ်သတင်း ဘယ်ဂျာနယ်က ဖော်ပြသလဲ။

သတင်းစာများသည် သမိုင်းကို ဖော်ပြနေကြသည် ဆိုတဲ့ စကားကို ဆရာကြီးတစ်ယောက်က ပြင်လိုက်တာ ကြားဖူးပါတယ်။ သတင်းစာများသည် သမိုင်းကို (ဖော်ဆောင်နေကြသည်၊ ရေးနေကြသည်) ဖန်တီးနေသည် (စကားလုံး အတိအကျမဟုတ်ပါ)။

မှန်ပါတယ်။ မီဒီယာ ဆိုတာ ပြည်သူကို ဦးဆောင်ရတာပါ။ ပြည်သူ့နောက်လိုက် မဟုတ်သလို အစိုးရ နောက်ဆွဲလည်း မဖြစ်ရပါဘူး။ အစိုးရက တစ်ခုပြော မီဒီယာက အဲဒီတစ်ခု လိုက်ရေးဆိုတာ မျိုး၊ လူထုခေါင်းဆောင်က တစ်ခုပြော မီဒီယာက အဲဒီတစ်ခု လိုက်ရေးဆိုတာ မီဒီယာနဲ့ မတူပါဘူး။ ကလေးတစ်ယောက် ဆရာပေးလိုက်တဲ့ အိမ်စာလိုက်လုပ်နေရသလိုပါပဲ။

အိုဘားမား အစိုးရဟာ သူတက်လာတော့ ဂွမ်တာနာမို အကျဉ်းစခန်းပိတ်ဖို့ အာဖဂန်က စစ်သားတွေ အမြန်ဆုံးပြန်လည်ခေါ်ယူဖို့ ကတိပေးခဲ့ပါတယ်။ အမေရိကန်မီဒီယာတွေဟာ ဒီအချက်ကို အခုထိ စွဲစွဲမြဲမြဲ ထိုးနှက်နေတုန်းပါပဲ။

တစ်ခါက ဂျပန်ဝန်ကြီးချုပ်ဟာ သူတို့ ဂျပန်ကျွန်းတစ်ကျွန်းပေါ်က (ကျွန်းအမည် မမှတ်မိပါ) အမေရိကန် စစ်သားတွေ မထားပါဘူးလို့ ကတိပေးပြီး တက်လာတာ။ သိပ်မကြာပါဘူး။ ၀န်ကြီးချုပ်နှုတ်ထွက်သွားပါတယ်။ သူ့တာဝန် သူမကျေလို့ သူ့ဘာသာ ဂုဏ်သိက္ခာရှိရှိ နှုတ်ထွက်သွားတာပါ။

တစ်ခါတလေ ကျနော်တို့ဟာ ဟော့သတင်းတွေမဟုတ်ဘဲ သိချင်နေတဲ့ သတင်းတွေရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ မဖတ်ရပါဘူး။ ဘယ်မီဒီယာမှာမှ ရှာမရပါဘူး။ ဒီနေရာမှာ ပြည်ပမီဒီယာတွေကအများကြီး သာပါတယ်(voa, rfa, bbc, dvb)
အခုအချိန်မှာဆို ကျနော်သိချင်တာက လက်ပတောင်းတုန်းက ဆေးရုံတက်ရတဲ့ သံဃာတော်တွေ ဒဏ်ရာ အရှင်းပျောက်ကြပြီလား၊ လက်ပတောင်းအစီရင်ခံစာကို အစိုးရက ဘယ်လောက်အကောင်အထည်ဖော်ပေးသလဲ။ နောက် သတင်းစာ ဂျာနယ်တွေရဲ့ ဈေးကွက် အခြေအနေ ဘယ်လိုရှိပါသလဲ။ မြန်မာနိုင်ငံက ကလေးအလုပ်သမားတွေဟာ တစ်နိုင်ငံလုံး ဘယ်လောက် ရာခိုင်နှုန်းရှိသလဲ။ HIV ပိုး ကူးစက်ခံ ပြည်သူ ဦးရေ ဘယ်လောက်ရှိနေသလဲ။ ကုသပေးတဲ့နေရာ လုံလောက်ရဲ့လား။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ မြန်မာနိုင်ငံအနှံ့ဖွင့်ထားကြတာတွေ ရှိပါတယ်။ အဲဒီကလေးတွေရဲ့ ဇစ်မြစ်နောက်ခံ ပြသနာက ဘာလဲ စသဖြင့် ။ ကျနော်သိချင်ပါတယ်

မီဒီယာတွေဟာ အများကြိုက်ဟာ ဘာလဲ၊ စိတ်ဝင်စားသလဲပဲ ရှာနေပါတယ်။ သူရဲ့ ထိန်းကျောင်းမှုဆိုတဲ့ အလုပ်တွေကို တစ်ကယ်လုပ်နိုင်ရဲ့လား။

ကျနော် နည်းနည်း မေးခွန်းထုတ်နေမိပါတယ်။

လင်းခါး
(အချို့ အချက်အလက်များမှားယွင်းနေပါက ကျနော့်၏ မှတ်ဥာဏ်မကောင်းသောကြောင့်ဖြစ်ပါသည်)

Monday, June 10, 2013

လူငယ်တစ်ယောက်

*** လူငယ်တစ်ယောက် ***

မြနေတဲ့ ၀ါကျနဲ့ ဂစ်တာကို ဓါးလို လွယ်ထားပေါ့

ထိုလူငယ်တစ်ယောက်

ဘယ်ဘက်လက်မောင်းမှာ

တယောနဲ့ တယောပေါ်က စာအုပ်တစ်အုပ်ပုံ မင်ကြောင်ထိုးထားတဲ့

လူငယ်တစ်ယောက်

လက်ဖက်ရည်ဆိုင် စားပွဲထိုးကို ငေါက်မိတယ်

ငေါက်ပြီး ပြန်ဝမ်းနည်းနည်းနေတတ်တဲ့ လူငယ်တစ်ယောက်

ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဘောလုံးလို ပစ်ကန်ထည့်လိုက်ပြီး

မင်းမဲ့ဝါဒီကိုလည်း မီးတောက်လို တောက်ထုတ်ပစ်ခဲ့

၎င်းလူငယ်တစ်ယောက်

အိမ်ပေါ်က သုံးကြိမ်မြောက်ဆင်းခဲ့တော့

လောကလမ်းဆိုတာ ဒုက္ခိတပြေးလမ်းပဲဆိုတာ သိခဲ့

လူငယ်တစ်ယောက်

နိုင်ငံရေးဟာ ခေါင်းအုံးအောက်က ရည်းစားစာထက်ပိုပြီး

စကားလုံးအလှရွေးချယ်ကြတာကို သိလာတယ်

လူမှုရေးဟာ ကိုယ့်လက်က ၀ဲကို သူ့ကို ကူးစေပြီး

သူ့လက်ထဲက အဆိပ်က ကိုယ့်ကို လူးစေမှန်း သိလာတယ်

လူငယ်တစ်ယောက်

မျက်ရည်ကိုက နီနေတယ်

လူငယ်တစ်ယောက်

လက်မ ခဏခဏ ထောင်တယ်

ခေါင်းမော့မော့ထားတယ်

ဒူးထောင်ပေါင်ကားထားတယ်

လူငယ်တစ်ယောက်

လက်သီးကို ဆုပ်ကြည့်တယ် ဖြန့်ကြည့်တယ်

လက်သီးဆုပ်ကို ကြည့်ရင်း သဘောကျတယ်

လူငယ်တစ်ယောက်ဟာ

မြစ်ကို ဖြတ်ကူးဖို့ တောင်တက်ဖို့ ပင်လယ်ခရီးသွားဖို့

ညလယ်မှာ သီချင်းအော်ဆိုဖို့

သေနတ်ဖောက်သံစောင့်နေတဲ့ အပြေးသမားလို စောင့်နေတယ်။

လူငယ်တစ်ယောက်

နားကပ်ကို ချေ ပုံရှိမလား ရှာဝယ်တယ်။

လက်ပတ်ကို ဂျွန်လင်နွန်

ခေါင်းစည်းကို ထူးအိမ်သင်

တီရှပ်ဟာ ဗိုလ်ချုပ်ပုံနဲ့

လူငယ်တစ်ယောက်

ကြုံးဝါးတယ်၊ အော်ဟစ်တယ်၊ ဂနာမငြိမ်ဘူး

လူငယ်တစ်ယောက်

ဘယ်တော့မှ ဒီအရွယ် ပြန်မရတော့ဘူးဆိုတာသိတဲ့

လူငယ်တစ်ယောက်

လူငယ်တစ်ယောက်အတွက်ကတော့

နေ့တိုင်း လမ်းရွေးရတယ်။

ရွေးလိုက်တဲ့ လမ်းအပေါ် နောက်တစ်ခါ လမ်းဖြာတော့

နောက်တစ်ခါ ရွေးရတယ်။

လူငယ်တစ်ယောက်ဟာ

 နောက်လူငယ်တစ်ယောက်က ပြန်သုံးသပ်တဲ့အခါ

ဒီမြားတွေဟာ ပစ်မှတ်ဆီကို သွားနေတာပါ

ဒါပေမယ့် ပစ်မှတ်တွေဟာ ဘယ်မှာရှိမှန်း

ဒီမြားတွေ မသိကြပါဘူး တဲ့။

အဲဒီလူငယ်တွေဘက်က

ကျနော်တို့က လောင်းထားကြရတာပါပဲ။   ။

လင်းခါး
11-6-2013

ငိုနေတဲ့ကလေးတွေကို ဘယ်လိုလုပ်ရမလဲ

***ငိုနေတဲ့ ကလေးတွေကို ဘာလုပ်လိုက်ရမလဲ***

ဘတ်စ်ကားပေါ်ကနေ တွေ့လိုက်တယ်
လက်ပွေ့ဂျာနယ်သမားရဲ့ ညီလေး ငိုနေတယ်။သူ့နာမည်က သိန်းသန်းထွန်းတဲ့။
ရယ်စရာပဲ နာမည်က အရင်က ကားဂိတ်မှာ ရာသီပေါ် အသီးတွေရောင်းတဲ့ သိန်းသန်းထွန်း အခု စာနဲ့ပေနဲ့နီး ဂျာနယ်ရောင်းသမားကြီးပေါ့။ သူ့ညီလေး ငိုနေတယ်။ ဂျာနယ်ထဲမှာ ငိုနေတဲ့ ကလေးကို ဘယ်လိုလုပ်လိုက်ပါ မပါဘူး။ပါလည်း သူမဖတ်တတ်ဘူး။

နောက်။ပိစိဆိုတဲ့ ကလေး ၁၁ နှစ်။ ကျောင်းစာတွေ မကျက်ရဘဲ။ချိုစိမ့် တစ်ခွက် ရူပီတစ်ပွဲ ရေနွေးအိုးထည့်ရမယ်။ ဂျာနယ်က အလည်းဗန်းဆိုလား နောက် ကီးမားတစ်ပွဲ မှာလိုက်တာတွေ တတွတ်တွတ်ကျက်နေတယ်။ ပိစိဟာ သင်္ချာ မသင်ဖူးဘူး။ လက်ဖက်ရည်ဘယ်နှခွက် ဘယ်လောက်ကတော့ အပျော့ပဲ။၁၁ နှစ်သား ပိစိကို ၅ နှစ်ကလေးနဲ့ နှပ်တွဲလောင်း၃နှစ်ကလေးလေးနှစ်ယောက်။ထမင်းချိုင့်လာပို့တော့ ဆိုင်ရှင်အဘွားကြီး မျက်ထောင့်နီနဲ့ လှမ်းကြည့်တယ်။ပိစိရဲ့ ညီလေးနဲ့ ညီမလေး ငိုတာပေါ့။ ပိစိ ဘာလုပ်ရမယ် မသိဘူး။နောက်ဆိုင်ထဲက မြင်လိုက်တယ်။အရှေ့ဘက်ကို မျက်နှာမူနေတဲ့ ဆိုင်ထဲက နေလုံးကြီးနဲ့ မျက်နှာချင်းဆိုင်မြင်လိုက်တယ်။ ၁၃ နှစ်သား ကလေးစပယ်ယာ ချမ်းသာ။ နာမည်တွေရယ်စရာကောင်းနေတာ မပြောပါနဲ့တော့။ သူ့အဖေ အစား စပယ်ယာ လိုက်နေတယ်။ မှတ်တိုင် နာမည်တွေကလည်း ရှုပ့်ပါ့ဗျာ ဟဲ ဟဲ တဲ့ ကွမ်းစားးတတ်နေပြီ။ သူ့ အဖေ သိပ်မခံတော့ဘူး။ ချမ်းသာ လမ်းပေါ်မှာ ကြာတော့မယ်။ သူ့အမေက ကလေးလေး တစ်ယောက်လို ငိုနေတာမြင်တော့ ကလေးလေးတစ်ယောက်ဖြစ်တဲ့ ချမ်းသာ မငိုတတ်တော့ပါဘူး။ သူ့အမေ မငိုတော့အောင် ဘာလုပ်ရမယ် ချမ်းသာ မသိဘူး။

ပန်းရံ ကလေးရယ်။ သုံးဘီးတွဲနင်းတဲ့ ကလေးရယ်။ သမီးဖေကြီး ခြေထောက်မသန်လို့ပါ ပြောတဲ့ သူတောင်းစား ကလေးရယ်။ ဈေးဗန်းကြီးရွက်ထားတဲ့ မိန်းမကြီး ထဘီဆွဲ လိုက်လာတဲ့ ကလေးရယ် နောက်ထပ် အနုတ်စုတ် ဂုတ်စုတ် ကလေးတွေ အားလုံးဟာ ငိုနေကြတာပဲ။ ကျနော်လည်း ဘာလုပ်ရမယ် မသိဘူး

လင်းခါး

စာရေးခြင်း

***စာရေးခြင်း***

သတိရ၍ စာရေးလိုက်ပါသည် ဒေါ့စတိုယက်စကီ ခင်ဗျားး။ တကယ်တော့ ခင်ဗျားက ကျနော့်ကို မသိပါဘူး။ ခင်ဗျားရေးခဲ့တာ အများကြီးရှိမှန်းသိပေမယ့် ကျနော်ကတော့ ခင်ဗျားရဲ့စာ ဆိုရင် ကာရာမားဇော့ ညီနောင်များလောက်ပဲ ဖတ်ဖူးတာပါ။ အဲဒါနဲ့ပဲ ကျနော်အတွက် ခင်ဗျားက ပြီးပြည့်စုံသွားပါပြီ။ တကယ်တော့ ခင်ဗျားတို့ ရုရှတွေဟာ ဘယ်တုန်းကမှ လူ့အခွင့်အရေးဆိုတာ အပြည့်အဝ မရခဲ့ဖူးပါဘူး။ ဒါတောင်မှ ကျနော်တို့ထက် သာနေပါသေးတယ်။ နောက်ပြီး ခင်ဗျားတို့ နိုင်ငံက စာရေးဆရာတွေဟာ လူတော်တွေချည်းပါပဲ။ ကမ္ဘာကျော်ထဲက ဆို ကျနော်သိတာက ဂိုဂိုး လီယိုတော်စတွိုင်းနဲ့ အယ်လက္ကဇီတော်စတွိုင်း ချက်ကော့ ဘဲလမောင့် အာရင်ဘတ် မာယာကော့စကီး ဒီလောက်ပါပဲ။ တချို့ လူတွေတော့ နာမည် မမှတ်မိတော့ ပါဘူး ခင်ဗျားတို့နာမည်တွေက မှတ်ရခက်လွန်းပါတယ်။ ကြက်သွေးရောင်ပန်းဆိုရင် ဂေါ်ကီရေးတာလား ဘာလားတောင် ကျနော်မမှတ်မိတော့ဘူး ခင်ဗျားကတော့ အပြစ်မမြင်ဘူး မဟုတ်လား။
လီနင်ရေးတာလေး နည်းနည်းတော့ ကျနော်ဖတ်ဖူးပါတယ်။့
ခင်ဗျားတို့ကို တစ်ခါတလေ ကျနော် သနားတယ် လီယိုတော်စတွိုင်းရဲ့ ပုံပြင်တွေ ဖတ်တုန်းကဆိုရင် ခင်ဗျားတို့ ပိတ်မိနေတဲ့ အခန်းကို ကျနော်သိနေတယ်။ တံခါးပေါက်ကိုလည်း ကျနော်သိတယ်။ ခင်ဗျားတို့ရဲ့ လွတ်လမ်းကို ကျနော် သိတယ်ပေါ့ဗျာ။ ခင်ဗျားတို့ဟာ တစ်မီလီမီတာလောက်ပြတာနဲ့ တစ်မိုင်လောက်မြင်မယ့်သူတွေဆိုတော့ ခင်ဗျားတို့ကို ကျနော်ပြောပြချင်လိုက်တာဗျာ ဒါပေမယ့် ဝမ်းနည်းစရာက ခင်ဗျားတို့ဟာ ကွယ်လွန်ပြီးကြပြီ။ ခင်ဗျားဆိုလည်း ဒီအတိုင်းပဲ ခင်ဗျားရဲ့ ကာရာမာဇော့ညီနောင်များကို ဖတ်လိုက်တာနဲ့ ကျနော်သိလိုက်တာက ခင်ဗျားတို့ဟာ ကပ်သင့်နေတယ်ဆိုတာကိုပဲ။ ခင်ဗျားတို့ ရုရှပြည်ကြီးမှာ ကလေးသူငယ်တွေကအစ ငြင်းခုန်မှုတွေနဲ့ ခေတ်ကြီးကို မေးခွန်းထုတ် အချိန်ဖြုန်းနေကြတာ ဘာသာတရားနဲ့ ပတ်သက်လို့ ခင်ဗျားတို့ မရောင့်ရဲ နိုင်ကြတာ လိုဘမပြည့်နိုင်ကြတာတွေကို ခင်ဗျားမုန်းနေပြီဆိုတာ ကျနော်သိလိုက်ရတယ်။ မှန်ကန်တဲ့ အမြင်ဟုတ်မဟုတ်ဆိုတာတော့ ခင်ဗျားမရှိတော့လို့ အတည်မပြုနိုင်တော့ပါဘူး။

ကျနော်တို့ဟာ ဂိုဂိုးရဲ့ ကုတ်အကျီင်္က ဆင်းသက်ကြတယ်လို့ ခင်ဗျားတို့ထဲက ဘယ်သူလဲပြောတော့ ဂိုးဂိုးကို ရှာဖတ်မိတယ်။ တာရော့ဘူဘာကတော့ ကြိုက်တယ်ဗျာ။ ကုတ်အကျီင်္ကတော ကြိုက်တော့ကြိုက်ပါတယ်။ ဟက်ဟက်ပက်ပက်တော့ မရှိလှဘူး။ ဒါပေမယ့် ဒါဟာ အချိန်ကာလပဲဆိုတာ ကျနော်နားလည်ပါတယ်။

ကျနော်လည်း ကျနော့်နိုင်ငံမှာ ဝတ္ထုလေးတွေ စမ်းရေးနေပါတယ်။ ချက်ကော့နည်းကြီးကတော့ ခေတ်နောက်ကျသွားပါပြီဗျာ။ သူ့ဝတ္ထုတွေကတော့ ကျနော့်အသည်းစွဲပါပဲ။ တစ်ခုရှိတာက ကျနော့်တို့ဆီမှာက အတွင်းသားကို မချဉ်းကပ်နိုင်ကြဘူးဗျ။ အဖြစ်အပျက်တွေကိုပဲ ဝတ္ထုလုပ်နေကြတယ်။ ဒီလိုပြောလိုက်လို့ ကျနော်ကတော့ ချဉ်းကပ်နိုင်တယ်လို့ မဆိုလိုပါဘူး။

ယနေ့ကျနော်တို့ခေတ်ဟာ ခင်ဗျားတို့တော်လှန်ရေးကာလနှောင်းပိုင်းနဲ့ နည်းနည်းဆင်သလို ရှိပေမယ့် မတူပါဘူး။ ကျနော်တို့ ရန်သူဟာ စားပွဲပေါ်က သုံးဆောင်စရာတွေ အပြင်အဆင်တွေနဲ့ ရောထွေးနေတယ်။ ကျနော်တို့ဟာ စီစီဖတ်ရဲ့  ကျောက်တုံးကြီး ဒဏ္ဍာရီလို ဖြစ်မှာကို ထိတ်လန့်နေရတယ်ဗျာ။ သမိုင်းဟာ နာတာရှည် အဘိုးကြီးလိုပဲ မရွေ့တော့ဘူး။ ပြောပြီးသားတွေ ပြန်ပြန်ကျော့နေတယ်။ ကျနော်တို့မှာ အာရင်ဘတ်တို့ပြေးသလို ရိုတွန်ကဖေး လည်းမရှိဘူး။

စာကလည်း ပုံမှန်ပေးစာတစ်စောင်ထက်ကို ပိုရှည်နေပါပြီ။ ခင်ဗျားမဖတ်နိုင်တော့မှန်းသိလို့ ကျနော်က ဒါကို ရေးနေပြီး ဒါကို အိတ်ဖွင့်လိုက်မှာပါ။ ကျနော်တစ်ခု စဉ်းစားမိတာက ခင်ဗျားဆီကို ဘာလို့ စာရေးချင်တယ် ကျနော်မသိတာပဲ။ ဥပမာ ချက်ကော့ရေ ခင်ဗျားဆီကို ကျနော်စာရေးလိုက်ပါတယ်။ ဒါမှ မဟုတ် ရှိတ်စပီးယားရေ သို့မဟုတ် ဟဲမင်းဝေး ဒိပြင် ရှယ်လီ လူတွေ ဂန္တဝင်တွေ အများကြီးပဲလေ။

ဘာပဲဖြစ်ဖြစ်ပါဗျာ ခင်ဗျားရှိခဲ့တာကို ကျနော်က ကျေးဇူးတင်ပါတယ်။ မိုဗီဒစ်တို့ အန်ကယ်တွမ် ကပ်ဘင်းတို့ ဒွန်ကွိဇုတ်တို့ ဒိပြင်တို့ ဂန္တဝင်တွေရေးခဲ့သူတွေကို လည်း ကျနော်က ကျေးဇူးတင်ပါတယ်။ ကျေးဇူးတရားဟာ အလင်းလိုပဲ လှိုင်းတစ်ခုလိုဆိုရင် လှိုင်းစီးနိုင်တာပေါ့။

ကျေးဇူးပါ ဒေါ့စတိုယက်စကီရေ လွတ်မြောက်ရာလမ်းကို တွေ့မှာပါ။ တို့ဟာ ပြီးသွားတာမှ မဟုတ်တာပဲ။ ရှားလော့ဟုမ်း ဝတ္ထုထဲကလိုဆိုရင် သေခြင်းဟာ အစပဲ။

လေးစားလျက်
လင်းခါး

စူပါဆန်းဒေး

***စူပါ ဆန်းဒေး မှာ***

အခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်

ဒါတွေကိုတွေး

ဒါတွေ တွေးမနေချင်ရင်

အခန်းထဲမှာ ငြိမ်ငြိမ်ကလေးထိုင်

ဒီနေ့ ကလေးများအတွက် စိတ်ထိခိုက်ပြီး

ဒီနေ့ မျက်နှာရှေ့ထိုးခံလာတဲ့

သော့ခတ် အလှူခံပုံးထဲ ၁၀၀ ထည့်ပြီး

အငြင်းပွားစရာတွေကို မရှောင်နိုင် တုန်လှုပ်ပြီး

ပြီးတော့ ငြိမ်ငြိမ်လေးထိုင်

ဆူပါဆန်းဒေးဟာ

သာမန်တနင်္ဂနွေပါပဲ

သာမန်ဝါကျတွေပဲ ရတဲ့

သာမန်နေ့တစ်နေ့မှာ ငြိမ်ငြိမ်ကလေးထိုင်

ဟိုသီချင်းလို ကရွတ်ကင်းလျှောက်တဲ့ပမာ

အဲဒါ အဲဒါ ဘဝသံသရာ သီချင်းလို

ငြိမ်ငြိမ်ကလေးသာ ထိုင်နေပါကွာ

ချိန်းဆိုထားတာတွေ ရောက်လာမှာ

ရောက်မလာဖြစ်တော့လည်း လွမ်းနေစရာမဟုတ်

တစ်ခုသော ဆူပါဆန်းဒေးမှာ

ကျနော်တို့

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်နေမယ်လို့

ငြိမ်ငြိမ်ကလေးထိုင်နေမိတိုင်း

တန်ဖိုးမရှိမှန်း သိသိလာရတယ်

ဆူပါဆန်းဒေးမှာပေါ့ကွယ်။ ။

လင်းခါး
၉ ၆ ၂၀၁၃
တနင်္ဂနွေ

Thursday, June 6, 2013

မဖဲဝါနှင့် မတော်မဆတွေ့ဆုံခြင်း

ကဗျာဆရာကြီး ဘယ်ကလာသလဲတဲ့ မဖဲဝါက မေးတယ်။ ကျနော်က သူ့ကို မဖဲဝါလို့ မသိပါဘူး။ သူက သူ့ကိုယ်သူ ကျမ မဖဲဝါပါလို့ မိတ်ဆက်လိုက်တော့ ကျနော့်မှာ ချွေးစေးတွေကလည်း ပြန် ကုပ်က ပူပူလာပြီး ကမန်းကတန်း သူ့ကို မေးမိတယ်။ ကျနော် သေပြီလား လို့။ ကျနော့်မှာ လုပ်စရာတွေ ရှိနေသေးတယ်လို့။ ကျနော့် မရှိရင် ဒီကမ္ဘာကြီး ဖြစ်မှာ မဟုတ်ဘူးထင်တယ်လို့ ပြောတော့ တရုတ်ကားတွေထဲက သိုင်းသမားတွေရယ်သလို မဖဲဝါကလည်း ရယ်တယ်။ မဟုတ်ပါဘူးဟယ် နင်ကလည်း ငါ ကွမ်းယာထွက်ဝယ်တာပါတဲ့။ နင်လည်း ကွမ်းယာလာဝယ်တာ မဟုတ်လားတဲ့ ပြောတယ်။ အဲဒီတော့မှ ကျနော့် ကိုယ့်ပါးကိုယ် ခပ်ဆတ်ဆတ်လေးရိုက်လိုက်ပြီး ခုနက ၀ါကျတွေ ကျနော်ပြန်ရုပ်သိမ်းပါတယ်ဗျာ။ သွေးရူးသွေးတန်မို့ပါလို့ ပြောတော့ ဟင့်အင်း ဒါတော့ သူမတတ်နိုင်ပါဘူးတဲ့။ သမိုင်းက ဒီဝါကျတွေကို သူ့ရဲ့ လျှာကြီးနဲ့ လိပ်ယူပြီး သိမ်းသွားပြီလို့ ပြောတယ်။ ကျနော်လည်း ရှက်မိတာပေါ့။ ဒါပေမယ့် ပြောက ပြောပြီးသွားပြီလေ။ ဘယ်တတ်နိုင်မှာလဲ။

မဖဲဝါက နင်တို့တွေ ဘယ်လိုဖြစ်လို့ မီးတွေကြီးရှိုးပစ်ကြတာတုန်းတဲ့။ အခုတော့ ငါ့မှာ သူဌေးမသာတွေနဲ့ ပဲ ဆော့နေရတယ်တဲ့။ လူဆင်းရဲ မသာတွေက ခေါင်းတိုင်မှာ မီးခိုးဖြစ်သွားတာကို သူက ပြောတာပါ။ သူဌေးတွေကတော့ မြေမြုပ်နိုင်ကြသကိုးဗျ။ ကျနော်လည်း ဘာမှတော့ မဖြေတတ်ဘူး။ ခုနက ရှက်တာကလည်း မပြေသေးတော့ သူ့ကို ဒီအတိုင်း ကြည့်နေမိတယ်။ အံမယ် မဖဲဝါက နာမည်လေးလည်း လှသလို လူကလည်း အချောဗျ။ ကွမ်းနည်းနည်းစားတော့ ကြည့်ရနည်းနည်းဆိုးတာတော့ ရှိတာပေါ့။

နောက်ပြီး သူဝတ်စားထားတာတွေက ဟိုပေါ် ဒီပေါ် မလော်လီဘူး။ အံမယ် မြန်မာဆန်ဆန်ပဲ။
မဖဲဝါက သူ့ကို စိုက်ကြည့်နေမှန်းသိလို့ ပြောသေးတယ်။ ဒါ အမေစုဒီဇိုင်းလေတဲ့။ မဖဲဝါက လာတယ်ဗျ။
နောက်ပြီး မဖဲဝါက ပြောသေးတယ်။ ဒါနဲ့ နင်တို့ အခု သရဏံဂုံ တင်ကြသေးလားတဲ့။ တင်တာပေါ့ဗျာလို့ ခင်ဗျားကလည်းလို့ ပြောတော့ သူက ဆိုလိုရင်းကို အရင်မခံစားဘူး။ သူ့ကို ခင်ဗျားလို့ ခေါ်လိုက်လို့ စိတ်ဆိုးသွားသေးတယ်။ ငါ့ရုပ်ကိုလည်း ကြည့်ပါဦးဟယ် နင့်တို့ထက် အသက်ကြီးတာတော့ ကြီးတာပေါ့။ ရုပ်ရည်က နင်တို့ မကွာပါဘူး။ အစ်မလို့ ခေါ်လည်း ရပါတယ်တဲ့။ သူက ပညတ်သဘောမှာ ဆတ်ဆတ်ထိမခံဖြစ်နေသေးတယ်။

နင်တို့က သရဏဂုံတင်တယ်သာပြောနေကြတယ်။ သေရင်တော့ ငရဲချည်းပဲတဲ့။
အဲဒါတော့ ကျနော်ဘယ်သိမလဲဗျာ။ လုပ်ရိုးလုပ်စဉ်တော့ လုပ်နေကြတာပဲလို့ ပြောတော့ နင်တို့လူတွေက ခက်တယ်။ ငါ့မှာ နင်တို့ကြောင့် အစိမ်းသေကြီးဖြစ်ရ ဘာဖြစ်ရနဲ့တဲ့ တခြားအကြောင်းတွေပြောသေးတယ်။ ဒီနေရာမှာ တစ်ခုရှိတာက သူပြောနေတာ မြန်မာစကားမဟုတ်ဘူးဗျ။ ဒါပေမယ့် ဘာလို့ ကျနော်နားလည်နေရသလဲ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် သိပ်မြန်သွားရင် နားမလည်တော့ဘူး။ ဘိတ်စကားနဲ့ တူမလားတောင် မပြောတတ်ဘူး။

ကျနော်က မဖဲဝါဆိုတာကြီးကို အစိမ်းလိုက် တွေ့နေရတော့ ဒီလိုလှပုံမျိုးနဲ့ ခုခေတ်မိန်းကလေးဆိုရင် အတော်မာနကြီးမှာပဲလို့ စိတ်ထဲက တွေးမိတယ်။ သူက သိသဗျ။ ငါက မာနမကြီးပါဘူးဟယ်တဲ့။ လှတာတော့ ငါလည်း ၀န်ခံပါတယ်တဲ့။ အံမာ အလာကြီးဗျ။ မဖဲဝါက။

ဒီလိုနဲ့ ကျနော်တို့လည်း သေတဲ့အကြောင်း မသာအကြောင်း သေချင်းဆိုးအကြောင်း အသေအေးတဲ့အကြောင့် သေတာကတော့ မလွတ်ပါဘူး။ ဒါတွေပဲ လျှောက်ပြောနေကြတယ်။ တစ်ခါတလေကျတော့ ပြောတဲ့စကားတွေက စိတ်ဝင်စားစရာ မဟုတ်ဘဲ ပြောနေရတာကိုက စိတ်ဝင်စားစရာ ဖြစ်နေရတယ်ဆိုသလိုပဲ သူနဲ့ စကားပြောရတာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ တကယ်တော့ သေတာ ကြေတာတွေ ကျနော်က သိပ်မတွေးတဲ့လူ။ သေတာမပြောနဲ့ ကြက်သွန်လှီးရင်း နှစ်စင်တီမီတာလောက်ကလေး ဓါးထိလို့ သွေးကလေးစို့ရင်ကို အိပ်ယာပေါ် လေးရက်လောက် နားယူရတယ်။ ဒါပေမယ့် မဖဲဝါနဲ့ စကားပြောရတာတော့ မသာဆိုလည်း စိတ်ဝင်စား၊ အလောင်းကြီးက ခါးကြီးကုန်းပြီး ကုန်းထလာတယ်ဆိုတော့လည်း သူ ခါးတွေ ဘာတွေ နာနေလို့လား မေးမိ မေးမိ။
တစ်ချို့အလောင်းတွေဆို ပုပ်ပုပ် ပွပွကြီး ထ ကစားနေတယ်ဆိုတော့လည်း တော်တော် ကမြင်းတဲ့ အလောင်းပဲနော်တို့ ဘာတို့ စကားထောက်။ နာဂစ်တုန်းကများဟယ် ငါ့မှာ ကစားလို့ကို မပြီးတော့ဘူး။ မသာတွေကလည်း များများနိုင်လွန်းလို့ ပြောတော့ နာဂစ်အတွက် အမြဲ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ကျနော်က ဘာကစားနည်းတွေက ကစားကြတုန်းဗျ ဘောလုံးကန်တာလား ထုပ်ဆီးတိုးတာလားတို့ မေးမိ ကျနော်စိတ်တွေကို မဖဲဝါက ဖမ်းစားထားသလို အိပ်မွေ့ချထားသလို ဖြစ်နေတော့ ကျနော့်မှာလေ သူပြောသမျှ ကုတင်ရွှေနန်းချည်းပဲ ဖြစ်နေတာပေါ့။

ဒီလိုနဲ့ ညနေစောင်းတော့ မဖဲဝါက နင်နဲ့ စကားပြောရတာ ကောင်းတယ်ဟာတဲ့။ နင်က ဖြတ်ထိုးဥာဏ်တွေ ဟာသဥာဏ်တွေရှိတယ်တဲ့ နင်ငါနဲ့ လိုက်ခဲ့ပါလားတဲ့ ပြောတယ်။

အဲဒီကျတော့မှ ကျနော့် အသိစိတ်က ၀င်လာပြီး ဟာ ... တော်တော် ခင်ဗျားကြီး ကျနော့်ကို မြူဆွယ်မနေနဲ့ ကျနော့်မှာ မိန်းမရှိတယ်ဗျ။ ခင်ဗျားက ဘာလဲ ညာလဲ လုပ်တော့မှ
ကွမ်းယာဆိုင်က လူက ကျနော်ဆိုင်ပိတ်တော့မယ်ဗျ။ ခင်ဗျားကလည်း အိပ်ရေးပျက်တယ်နဲ့တူတာ အိပ်လိုက်တာဗျာ မသာကြီးကျနေတာပဲ။ ပါးစပ်ကလည်း သရေတွေကျလို့ ဆိုတော့မှ

ဟ ငါ အိပ်မက်မက်နေတာပါလားလို့ တွေးမိပြီး သရေတွေ ဘာတွေသုတ် ထွီခနဲ တံထွေးတစ်ချက်ထွေးလိုက်ပြီး ရှက်တာလိုလို ရွံ့တာလိုလို ကြောက်တာလိုလိုနဲ့ ရမ်းပြီး ကွမ်းယာသည် အစ်ကိုကြီးကို ပိုက်ဆံတစ်ထောင်ထုတ်ပေးလိုက်တယ်။ ခင်ဗျားကလည်းဗျာ လူပဲ အိပ်ချင်အိပ်မှာပေါ့။ ဘာလဲ မသာကြီးနဲ့ တူသလေး ဘာလေးနဲ့ နောက်ဝယ်မစားဘဲ နေလိုက်မယ်လို့ ခပ်တည်တည် ဟောက်လိုက်တော့။ ဟိုလူ ဇက်ကလေးပုပြီး မသာရုပ်နဲ့ တောင် တူသွားတယ်။

လင်းခါး
7-6-2013